စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ လယ်တီနှင့် မောင်းထောင်ရွာများကို စစ်ကောင်စီတပ် ဝင်စီးနင်းပြီး ဒေသခံ ၃ ဦးကို သတ်ဖြတ်ကာ အယောက် ၆၀ ခန့်ကို ဓားစားခံအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသ သတင်းရင်းမြစ်များ ထံမှ သိရသည်။
ယမန်နေ့ (ဇွန် ၁၂ ရက်) တွင် ကူတော်ရွာမှ ထွက်လာသော စစ်ကောင်စီနှင့် ပျူစောထီး အင်အား ၅၀ ကျော်ပါ အဖွဲ့ သည် လယ်တီရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ် စီးနင်းမှုကြောင့် လက်နက်ကြီးထိမှန်ကာ သားအဖ ၂ ဦးသေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရှိခဲ့သည့်အပြင် ရွာနှင့် မလှမ်းမကမ်းတွင်လည်း ရွာခံ အမျိုးသမီး ၁ ဦးကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံ တဦးက “ကူတော် စခန်းဟောင်းရှိတဲ့ နေရာကနေ လယ်တီရွာကို ဝင်တယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လက်နက်ကြီး မှန်ပြီးတော့ အိမ် ၁ အိမ်က မိသားစု ၄ ယောက်ကို ထိတယ်။၂ ယောက်ကတော့ ပွဲချင်းပြီး သေသွား တယ်။ နောက်ထပ် အမျိုးသမီးအသက် ၅၀ ကျော် ပတ်ချာလည် ၁ ယောက်ကကျတော့ သေနတ်နဲ့ ပစ်သတ်ခံ ထားရတာ” ဟု ပြောသည်။
အဆိုပါ လယ်တီရွာမှ ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်ကောင်စီ စစ်ကြောင်းသည် ကပ်လျက်ရွာ ဖြစ်သည့် မောင်းထောင်သို့ ထပ်မံ သွားခဲ့၍ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခြင်းကြောင့် နေအိမ် ၅၀ ခန့် မီးလောင်ခဲ့ သည့်အပြင် ထိုရွာမှ ရွာခံ ၄၀ ခန့်ကိုလည်း ဓားစာခံအနေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ဖမ်းဆီးသွားသည့် ဒေသခံများကို ၎င်းတို့ စခန်းရှိရာ ကူတော်ရွာသို့ ခေါ်ဆောင်သွားနိုင်သည်ဟု ခန့်မှန်းရသော်လည်း ယနေ့အချိန်အထိ အဆက်အသွယ် တစ်စုံတရာ မကြားရသေးကြောင်း ဒေသခံများက ဆိုသည်။
မောင်းထောင်မှ ထွက်လာသည့် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဘုတလင် စည်းပါရွာအနီး၌ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် နာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးတို့ သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးခန့် သေဆုံးမှု ရှိနိုင်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး၏ ပြောပြချက်အရ သိရသည်။
ထိုသို့ ဖြစ်ပွားနေမှုများကြောင့် စစ်ကြောင်း ပြန်လည် ထွက်ခွာသွားသည်ဟု ဆိုသော်လည်း လယ်တီနှင့် မောင်း ထောင်က ဒေသခံများသည် ရွာထဲသို့ ပြန်မဝင်ရဲသေးဘဲ ရှောင်တိမ်းနေရဆဲ ဖြစ်ကြောင်း သိရသည်။
ဒေသခံ တဦးက “သူတို့က ဆန်တို့ ငါးခြောက်ငါးခြမ်းတို့က အစ သယ်သွားတာ။ အခုထိ ရွာမှာ မရှိကြဘူး။ ကင်းပုန်း တွေ ကျန်သေးတယ်လို့ သတင်းတွေ ကြားနေတော့ မပြန်ရဲတာ။ အင်အား နည်းနည်း ချန်ထားခဲ့တယ်လို့ သတင်း ကြားထားတာလေ။ သူတို့က လူသားချင်း စာနာစိတ်လည်း မရှိဘဲ တွေ့တဲ့လူ ပစ်သတ်တာ ဆိုတော့ ရွာထဲကို မပြန်ရဲ ကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ISP Myanmar က ထုတ်ပြန်ထားသည့် အချက်အလက်အရ ၂၀၂၁ ခုနှစ် ဇူလိုင်မှ ၂၀၂၂ ခုနှစ် မေ လလယ်အထိ ၁၁ လနီးပါးကာလအတွင်း စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း တိုက်ပွဲအကြိမ်ရေ ၆၀၀ ကျော် ဖြစ်ပွားခဲ့သည့်အနက် ၄၀၀ ကျော်သည် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် အားလုံးလိုလိုတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ပြီး မေလနှင့် ဇွန်လတွင် မီးရှို့ခံရမှု များလည်း ခပ်စိပ်စိပ် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မေလ ၃၁ ရက်အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်း များက မီးရှို့မှုကြောင့် နေအိမ်ပေါင် ၁၈,၈၈၆ လုံး ခန့် ပျက်စီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်ထားချက် အရ သိရသည်။
You may also like these stories:
မတူပီမြို့နယ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးဝါးလည်း ပြတ်လပ်နေ
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ
ကနီမြို့နယ်ရှိ ရွာများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး