အာဏာသိမ်းပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော် (AA) ထံ ထွက်ပြေးခိုလှုံလာသည့် အရာရှိ၊ စစ်သည် အပါအဝင် စစ် ကောင်စီတပ်သား ၁၀၀ ကျော် ရှိကြောင်း ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အတည်ပြု ပြောဆိုသည်။
ယနေ့ (ဇွန် ၁၄ ရက်) ပြုလုပ်သည့် ULA /AA ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဦးခိုင်သုခက “ကျနော်တို့ဆီကို ထွက်ပြေးလာတဲ့ စစ်သား အရေအတွက်က ၁၀၀ ကျော်လောက် ရှိတယ်။ အဲဒီလူတွေကို ကျနော်တို့ လူသားချင်းစာနာမှုအပြည့်နဲ့ အတတ်နိုင်ဆုံး ကူညီပေးနေတာတွေ၊ နေရာချထားပေးနေတာတွေ ရှိတယ်” ဟု ပြောသည်။
ထိုသို့ ရခိုင်စစ်မျက်နှာ၌ တာဝန်ကျ စစ်ကောင်စီတပ်သားရာချီ AA ထံ ထွက်ပြေးခိုလှုံလာမှုနှင့် ပတ်သက်သည့် အသေး စိတ် အချက်အလက်များကိုမူ ထုတ်ဖော်မပြောကြားလိုကြောင်း ဦးခိုင်သုခက ဆိုသည်။
ထို့ပြင် စစ်ကောင်စီ တပ်သားများသည် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးရှိ ULA/AA အဖွဲ့ဝင်များကို နေအိမ်ထိ လာရောက် ဖမ်းဆီးခြင်းမျိုး ရှိသည့်အတွက် စစ်ကောင်စီ တပ်သားများကိုလည်း AA က တန်ပြန် ဖမ်းဆီး ထားမှုများ ရှိကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းက ကျောက်တော်မြို့ပေါ် ကစ္ဆပနဒီတံတားအနီး တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ် သားများအနက် ဈေးဝယ်သွားသည့် တပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၎င်းက “ကျောက်တော်ဖြစ်စဉ်က မှန်ပါတယ်။ မြန်မာစစ်တပ်ဘက်က ကျနော်တို့ ULA /AA တပ်ဖွဲ့ဝင်တွေရဲ့ အိမ်တွေကို ည ဘက်ဝင်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်တယ်။ အဲဒီအတွက်နဲ့ သူတို့ တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ ဖမ်းဆီးရခြင်း ဖြစ် တယ်။ သူတို့ဘက်က ကျနော်တို့ လူတွေကို ချက်ချင်းပြန်လွှတ်ရင် ကျနော်တို့ ဘက်ကလည်း ချက်ချင်း ပြန်လွှတ်ပေးမယ်” ဟု ပြောဆိုသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေပြီး ယမန်နေ့က စစ်တွေ တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း ၎င်းတို့ လက်အောက်ခံ မီဒီယာများတွင် ဖော်ပြထား သည်။
ထိုသို့ တွေ့ဆုံစဉ် တပ်မတော်သားများ အနေဖြင့် ၂၄ နာရီ လုံခြုံရေး သတိရှိရှိဖြင့် တာဝန်ထမ်းဆောင်ရန် လိုကြောင်း၊ အမြဲတမ်း စစ်ရေးသတိ ရှိရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင်ရန် အသင့်ဖြစ်နေရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု သိရ သည်။
၎င်းက “လုံခြုံရေးနှင့် ပတ်သက်၍ တပ်မတော်သားများဖြစ်ကြ၍ ၂၄ နာရီ တာဝန်ရှိသူများ ဖြစ်သဖြင့် ပေးအပ်ထားသော နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို လုံခြုံရေးသည် ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည် တတိယဟူသော အသိစိတ်ဖြင့် သတိရှိရှိ တာဝန်ထမ်းဆောင်ရန်လိုကြောင်း” ဟု ဆိုသည်။
လက်ရှိ အခြေအနေတွင် ရခိုင်ပြည်နယ်အတွင်းသို့ စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့နေခြင်း အပါအဝင် လက်နက် ကြီးများ၊ စစ်သင်္ဘောများဖြင့် အင်အားဖြည့်လျက်ရှိရာ နှစ်ဖက်တပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာလျက် ရှိကြောင်း သိရ သည်။
You may also like these stories:
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ စစ်ကောင်စီ ရေငုပ်သင်္ဘော ရောက်လာ
ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်
ရခိုင်တွင် အရပ်သားများကို စစ်တပ်က ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လာ