စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၌ အင်အား ၈၀ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန် ၁၂ရက်မှစကာ နှစ်ရက် ဆက်တိုက် ရွာများသို့ဝင်ကာ ကာကွယ်ရေးတပ်များ မခုခံနိုင်ရန် ဒေသခံများကို ဓားစာခံလုပ်ကာ နေအိမ်များ မီးရှို့ ဖျက်ဆီးကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယင်း စစ်ကောင်စီစစ်ကြောင်းသည် ဆားလင်းကြီးမြို့နယ် ငွေသာရွာကို စတင်ဝင်ရောက်ပြီး ရင်မောင်တိုင်နှင့် လင်းစာကျက်ရွာကိုလည်း ထပ်မံစီးနင်းကာ ရွာသားများကို ဓားစာခံလုပ်၍ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
လင်းစာကျက် ဒေသခံတဦးက “တိုက်ပွဲလည်း မဖြစ်ဘဲ ဗြုန်းစားကြီး ဝင်လာပြီး လုပ်တာ။ နယ်မြေရှင်းလင်းရေး လုပ် တဲ့ သဘောနေမှာပေါ့။ စစ်ခွေးတွေ ရွာထဲကို ဝင်လာတော့ ထွက်ပြေးကြတာပေါ့။ ကျန်ရစ်တဲ့ မိန်းမ ယောက်ျား အကုန် ဖမ်းထားတာ” ဟု ပြောသည်။
အိမ်ခြေ ၃၀၀ခန့်ရှိ လင်းစားကျက်ရွာသည် အိမ်ပေါင်း ၂၀၀ကျော် မီးလောင်ကာ ရွာခံ ၁၀၀နီးပါး ဓားစာခံအဖြစ် ဖမ်းထားသည့်အတွက် ဒေသကာကွယ်ရေးတပ်များမှာ ပြန်လည် မခုခံနိုင်ခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။
“ဓားစာခံ ၁၀၀ နီးပါးကို ဖမ်းထားလို့ ကျနော်တို့ ဘာမှ လုပ်လို့မရတာ။ အဲဒီလိုတွေ လုပ်တော့ ကျနော်တို့က တိုက်ဖို့ရာ အဆင်မပြေဘူး။ နောက်တခုက ကျနော်တို့မှာ ရှိတဲ့ လက်နက်နဲ့ အင်အားနဲ့လည်း မမျှဘူး” ဟု ၎င်းက ပြောသည်။
လင်းစာကျက်ရွာ ဒေသခံ တဦးက “ကျမတို့ရွာ မီးရှို့ခံရတာ ရွာလုံးကျွတ်နီးပါးရှိမယ်။ ကျမတို့ ပြန်စရာ အိမ်မရှိတော့ ဘူး။ ရွာထဲက အယောက် ၁၀၀ လောက်လည်း ဖမ်းဆီးခံထားရတယ်။ ရွာထဲကိုလည်း ပြန်မဝင်ရသေးပါဘူး” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ရွာတွင်ပင် စစ်ကောင်စီတပ် လှုပ်ရှားမှုများကို စောင့်ကြည့်သည့် ကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးကို လက်ပြန်ကြိုးတုပ်အနေအထားဖြင့် မီးရှို့သတ်ဖြတ်ထားသည်ကို တွေ့ရကြောင်း သိရသည်။
ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “စစ်ကြောင်းနောက် လိုက်ကြည့်ရင်းနဲ့ မိသွားပြီး မီးရှို့သတ်သွားတာ။ နှိပ်စက် တာက နှိပ်စက်ထားတယ်။ အရှင်လတ်လတ် မီးရှို့တာလား၊ သတ်ပြီးမှ ရှို့တာလားပဲ မသိတာ။ သွပ်နန်းကြိုးနဲ့ လက်ပြန် ကြိုးတုပ်ပြီးတော့မှ မီးရှို့သတ်ထားခဲ့တာ” ဟု ပြောသည်။
ဇွန်လ ၁၄ ရက်တွင် ပြန်လည် ထွက်ခွာသွားသော စစ်ကောင်စီတပ်သည် ဒေသခံ ၁၀ ဦးကျော်ကို ဓားစာခံအနေဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်လည်း ဒေသခံ ကာကွယ်ရေး အဖွဲ့များ၏ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အထိနာ သည့် စစ်ကောင်စီတပ်သည် ဓားစားခံအဖြစ် ဒေသခံ ၂ ဦးကိုဖမ်းဆီးသွားပြီးနောက် နှိပ်စက်သတ်ဖြတ်ထားသည့် ရုပ်အလောင်းများကို ဇွန်လ ၁၁ ရက်က တွေ့ရှိခဲ့သည်။
အလားတူပင် ဇွန်လ ၁၂ ရက်က ဘုတလင်မြို့နယ်တွင်လည်း လယ်တီနှင့် မောင်းထောင်ရွာကို စစ်ကောင်စီတပ် ဝင်စီး နင်းပြီး ဒေသခံ ၃ ဦးကို သတ်ဖြတ်ကာ အယောက် ၆၀ ခန့်ကို ဓားစာခံအနေဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည်။
You may also like these stories:
ဝက်လက်နယ် ရှိမ်းမကားတိုက်ပွဲ စစ်ကောင်စီ လေကြောင်းဖြင့်ပါ တိုက်ခိုက်
ဘုတလင်တွင် စစ်ကောင်စီတပ် ဒေသခံ ၃ ဦး သတ်ပြီး ရွာသား ၆၀ ကို ဖမ်းသွား
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
အညာသားတွေပါ စစ်တပ်ကို တော်လှန်နေကြတယ်