ရန်ကုန်မြို့ပြ ပြောက်ကျားသပိတ်များတွင် ပါဝင်သည့် ဆန္ဒပြလူငယ်များအပါအဝင် ဆက်စပ်သူများကို စစ်ကောင်စီ လိုက်လံ ဖမ်းဆီးရာ ဇွန်လ ၁၂ ရက်နေ့မှ စ၍ ယမန်နေ့ညပိုင်းအထိ အယောက် ၄၀ ကျော်အထိ ဖမ်းဆီးခံ ထားရ ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရသည့် လူငယ်များမှာ ညပိုင်းအချိန်များတွင် ဧည့်စာရင်းအကြောင်းပြ၍ ဝင်ရောက် စစ်ဆေး အဖမ်း ခံရခြင်းမျိုးလည်း ရှိသလို အငှားယာဉ်မောင်းမှတဆင့် နောက်ယောင်ခံလိုက်ကာ ဖမ်းဆီးခံရသည့် လူများလည်း ပါဝင် ကြောင်း ရန်ကုန်သပိတ် ကော်မတီအဖွဲ့ဝင်တဦး၏ ပြောကြားချက်အရ သိရသည်။
၎င်းက “အခု နောက်ဆုံးအနေနဲ့ ၄၀ လောက်ရှိပြီ ပြောလို့ရတယ်ဗျ။ အဖမ်းခံရတာက စီးတဲ့ Taxi ဆရာ အဖမ်းခံ ရာကနေလည်း ဟုတ်တယ်။ နောက်ပြီး စစ်ကောင်စီရဲ့ ထောက်လှမ်းရေး ခြေလှမ်းတိုးလာတာကြောင့်လည်း ပြောလို့ ရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် လူငယ်များထဲမှ တချို့ကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့ ခေါ်ဆောင်သွားပြီး တချို့ကိုမူ စစ်ကြော ရေးသို့ ချက်ချင်း ပို့ဆောင်ခြင်းများ ရှိသည်ဟု သိရသည်။
အဖမ်းခံရသည့် ရန်ကုန်မြို့ပြသပိတ်လူငယ်များမှာ မည်သည့် မြို့နယ်အခြေစိုက်၊ သပိတ် ကော်မတီဝင်များဖြစ်သည်ကို လက်ရှိတွင် အတိအကျ မသိရှိရသေးဘဲ ၎င်းတို့နှင့် ဆက်စပ်သူများကိုပါ လိုက်လံ ဖမ်းဆီးနေခြင်းကြောင့် ရှောင်တိမ်း နေရဆဲ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူအများစုမှာ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေနှင့် ရန်ကင်းမြို့နယ်များမှ ဖြစ်ကြပြီး ဖမ်းဆီးစဉ်က ပစ်ခတ် မှုများ မရှိခဲ့သော်လည်း အကြမ်းဖက် ရိုက်နှက်၍ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ရန်ကုန်သပိတ်ကော်မတီအဖွဲ့ဝင်တဦး က ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ABFSU) က တာဝန်ရှိသူ တဦးက “ဇွန် ၁၃ ရက် ညမှာပဲ အယောက် ၃၀ ကျော် ဖမ်းခံရတယ်။ မနေ့ည ဇွန် ၁၄ ညမှာ ထပ်ဖမ်းခံရသူတွေရှိတော့ ၄၀ ကျော်ပမာဏ ရှိလိမ့်မယ်။ ဒီထက်ပိုဖို့ပဲ ရှိတယ်။ ဖမ်းဆီးခံရတာ ဘာကြောင့်လဲဆိုတော့ အခုက ပုံစံမျိုးစုံနဲ့ ဖမ်းဆီးနေတာ။ အလှူငွေ လှူတာက နေ လိုက်ဖမ်းသလို၊ အငှားယာဉ်တွေကနေတဆင့်လည်း လိုက်ဖမ်းတယ်။ ဘယ်ကနေ ဘယ်လို အစပေါ်လဲဆိုတာ တော့ ကျနော်တို့ စုံစမ်းနေဆဲပါပဲ။ ဖမ်းခံရတဲ့သူတွေကိုလည်း အတည်ပြုနေဆဲပါ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ပြ ပြောက်ကျားသပိတ် လူငယ်များ၏ အခြေအနေမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး တနေ့ထက်တနေ့ အန္တရာယ် များလာကြောင်း ဆိုသည်။
ABFSU အခြားအဖွဲ့ဝင်တဦးကလည်း “သပိတ်ရဲဘော် နာမည် အတိအကျနဲ့ နေတဲ့နေရာတွေဆီ တံခါးတွေ ဖျက်ပြီး ဝင်ရှာတယ်။ မတွေ့ရင် ဆွေမျိုးတွေကို ဖမ်းတယ်။ တခြား မဆိုင်တဲ့ ပြည်သူတွေပါ ဖမ်းခံနေရတယ်လို့ သိရတယ်။ အဖမ်းခံရတဲ့သူတွေထဲမှာ ဗကသတွေ ပါ မပါ အတိအကျ စာရင်းစစ်ဖို့ လုပ်နေပါတယ်” ဟု ပြောဆိုသည်။
အဆိုပါ သပိတ်လူငယ်များအနေဖြင့် ရပ်တည် လှုပ်ရှားရန် ခက်ခဲလျက်ရှိပြီး အပြောင်းအရွှေ့အတွက် အိမ်ခန်းများ ငှား ရမ်းသည့်အခါတွင်လည်း အိမ်ရှင်များမှာ လူငယ်များဖြစ်ပါက မငှားရမ်းချင်ကြတော့သည့် အခက်အခဲများဖြင့် ကြုံတွေ့ နေရကြောင်းလည်း သိရသည်။
စစ်အာဏာရှင် တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ (GSC) အဖွဲ့ဝင်တဦးက “အခြေအနေက ကိုယ့်ကွန်ရက် ထဲက တယောက်ယောက် အဆက်အသွယ် မရတာနဲ့ အဲဒီတဖွဲ့လုံး ပြောင်းရွှေ့ရတဲ့ အခြေအနေပါပဲ။ တနေ့ထက်တနေ့ အန္တရာယ် များလာတယ်ဆိုတာ လက်ရှိ အခြေအနေကို ကြည့်ရင် မြင်ရနိုင်တယ်ဗျ။ အခန်းအောင်းနေရင်တောင် မလုံ ခြုံတဲ့ အခြေအနေပါ” ဟု ပြောသည်။
ယခုကဲ့သို့ ဖမ်းဆီးနေသည့် အခြေအနေများကြောင့် GSC မှ ယမန်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အနီရောင်အဆင့် ကြေညာခဲ့ပြီး တခြားသော သပိတ်ကော်မတီများမှာလည်း သပိတ်လူငယ်များ လုံခြုံရေး အထူး ဂရု စိုက်ကြရန် ထုတ်ပြန်ထားသည်။
ABFSU မှ အဖွဲ့ဝင် တဦးက “ဒီလိုမျိုး ပိုက်စိပ်တိုက် ရှာဖွေ ဖမ်းဆီးတာတွေရှိလာတဲ့အတွက် သပိတ်လှုပ်ရှားမှုတွေက ယာယီ ရပ်တန့်သွားတာကလွဲလို့ သိသိသာသာတော့ လျော့ကျမသွားနိုင်ပါဘူး” ဟု ပြောဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် အာဏာရှင် ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းများစွာ ပေါ် ပေါက်ခဲ့ပြီး လက်ရှိ တနှစ်ကျော်ကြာမြင့်သည်အထိ ရန်ကုန်အပါအဝင် နယ်မြို့များတွင် နေ့စဉ်ဆိုသလို သပိတ်စစ် ကြောင်းများ ဆက်လက် ရှ်ိနေဆဲ ဖြစ်သည်။
စစ်အာဏာ သိမ်းမှုပြီးသည့်နောက်ပိုင်း၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်အထိ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွင်း စစ်တပ်၏တရားမဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများနှင့် ဖမ်းဆီးမှုများ ကြောင့် အနယ်နယ် အရပ်အရပ်မှ ကျောင်းသားပေါင်း ၉၄ ဦး သေဆုံးခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်နှင့် ရတကသ တို့မှ ပြုစုထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
You may also like these stories:
အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ
နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှု တရားဥပဒေနှင့် မညီ
အိုးဘိုထောင် အာဏာပိုင်များက နိုင်ကျဉ်းများကို ဓားဖြင့်ထိုးပြီး ရိုက်နှက်ဟုဆို