လွန်ခဲ့သောနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အသက်မပြည့်သေးသည့် လူငယ်ပေါင်းများစွာသည် ပစ်ခတ်မှုများအတွင်း ကြားညပ်သောကြောင့်သာမက ပြည်သူလူထုကို အကြီးအကျယ် ထိခိုက်စေရန် စိတ်အားထက်သန်နေသော စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား သတ်ဖြတ်ခံနေရကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူတဦးက ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
လူငယ်များကို စစ်ကြောရေးပြုလုပ်ချိန်အတွင်း ရိုက်နှက်၊ ဓားဖြင့်ထိုးရုံသာမက လက်သည်းများ၊ သွားများကိုပါ နုတ်ပစ်ကြောင်း၊ အချို့ကို သတ်ဖြတ်တော့မည့် ပုံစံမျိုးပင် လုပ်ဆောင်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စတာ တွမ် အင်ဒရူး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ဝင်ရောက်စွက်ဖက်သည်ဟု အကြိမ်ကြိမ်ဝေဖန်ကာ ရက်စက်ကြမ်းကြုတ်မှုများကို ၎င်းတို့တပ်များ ကျူးလွန်နေသည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချသည်။ စစ်ကောင်စီပြောခွင့်ရသူကို အင်္ဂါနေ့တွင် ဆက်သွယ်မရပေ။
ကုလသမဂ္ဂအေဂျင်စီများ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ လူထုအခြေပြု အဖွဲ့အစည်းများက ပေးပို့သောသတင်းများကို အခြေခံသော ထိုအစီရင်ခံစာအရ ကလေးနှင့် လူငယ် ၂ သိန်းခွဲသည် လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ဖြင့်ပစ်ခတ်မှုများ အပါအဝင် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာနေရပြီး အရွယ်မရောက်သေးသူ အနည်းဆုံး ၃၈၂ ဦးသည် သတ်ဖြတ်ခံရ သို့မဟုတ် ဒဏ်ရာရကြောင်း ဖော်ပြထားသည်။
“စစ်ကောင်စီက ကလေးငယ်တွေကို မညှာမတာ တိုက်ခိုက်မှုဟာ ပြည်သူတွေ အညံ့ခံလာအောင် အားထုတ်တဲ့အခါ စစ်ကောင်စီက အပြစ်မဲ့အရပ်သားတွေကို အကြီးအကျယ် ဆုံးရှုံးထိခိုက်အောင် လုပ်လိုကြောင်းကို မီးမောင်းထိုးပြနေတယ်” ဟု မစ္စတာ အင်ဒရူးက ကြေညာချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီက ကလေးငယ်တွေကို တိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်ပါတယ်” ဟုလည်း မစ္စတာ အင်ဒရူးက ပြောသည်။
လွန်ခဲ့သောနှစ် အစောပိုင်းက မြန်မာတွင် စစ်ကောင်စီ အာဏာသိမ်းပြီး အတိုက်အခံများကို အပြင်းအထန် နှိမ်နင်းချိန်မှစတင်ပြီး မြန်မာတွင် ဖရိုဖရဲဖြစ်နေကာ အသစ်ပေါ်ပေါက်လာသော ခုခံရေးအင်အားစုများက အပြင်းအထန် တုံ့ပြန်မှုများကို ဖြစ်စေသည်။
ကလေးငယ် ၁၄၂ ဦးကို စစ်သားများ၊ ရဲများနှင့် စစ်ကောင်စီလိုလားသော ခါးပိုက်ဆောင်တပ်များက ညှဉ်းပန်းနှိပ်စက်သည့် သတင်းအချက်အလက်များကို ကုလသမဂ္ဂက ရရှိထားကြောင်း မစ္စတာ အင်ဒရူးက အစီရင်ခံစာတွင် ဖော်ပြပြီး စစ်ကောင်စီတပ်များက ကျူးလွန်သည်များ အပါအဝင် ကလေးများကို အတင်းအကျပ် လုပ်အားခိုင်းစေသည့် သတင်းများလည်း ရရှိကြောင်း သူက ပြောသည်။
စစ်ကောင်စီကို ဘဏ္ဍာရေးအရ အထီးကျန်ထားရန် ကမ္ဘာက ညှိနှိုင်းအရေးယူသင့်ပြီး လူသားချင်းစာနာမှု အကူအညီများ အကြီးအကျယ် ပေးသင့်ကြောင်းလည်း မစ္စတာ အင်ဒရူးက ပြောသည်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် မြန်မာအကျပ်အတည်းကို ယူကရိန်း အကျပ်အတည်းတွင် တုံ့ပြန်နေသည့် အလားတူ အရေးပေါ်အခြေအနေအတိုင်း တုံ့ပြန်သင့်ကြောင်းလည်း မစ္စတာ အင်ဒရူးက ပြောသည်။
ကိုးကား။ ။ Reuters သတင်း Children killed, tortured in Myanmar junta’s crackdown, U.N. expert says
You may also like these stories:
ဓားစာခံအဖြစ် ဖမ်းခံရသည့် ၄ နှစ်ကလေးငယ်နှင့် အဆက်သွယ်ပြတ်နေ
စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ
တပ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးများ စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
ကလေးတွေ အကုန်လုံးရဲ့ အသက်ကို ပြန်လိုချင်ပါတယ်