စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင်နေရသည့် ဒေသခံ ၂၀,၀၀၀ ကျော်အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ဇွန် ၂ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေခြင်း များကြောင့် နေအိမ် ၆၀၀ နီးပါးနှင့် ဒေသခံများ၏ ဝမ်းစာ၊ မျိုးစပါး တင်းပေါင်းသောင်းချီ မီးလောင်ပျက်စီးခဲ့သလို ကျေးရွာ ၂၀ ခန့်မှ ဒေသခံများမှာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက “ကန့်ဘလူနယ်မြောက်ခြမ်းမှာ စစ်တပ်နဲ့ PDF အဖွဲ့တွေ တိုက်ပွဲဖြစ်တာရယ်၊ စစ်တပ်က ရွာတွေကို လက်နက်ကြီးတွေနဲ့ထု၊ မီးတိုက်တာတွေလုပ်နေလို့ ကိုးတောင်ဘို့၊ ချပ်သင်း၊ ချပ်ကြီး၊ ပင့်သာ စတဲ့ ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးသင့်၊ မီးဘေးသင့်နေကြတယ်။ လက်ရှိမှာတော့ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကန့်ဘလူမြို့နယ် မြောက်ခြမ်းနှင့် ကျွန်းလှမြို့နယ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ် လက်အောက်ခံတပ်ရင်းများ ဖြစ်သော မော်လိုက်အခြေစိုက် ခမရ ၃၆၅၊ ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၇၊ ဖောင်း ပြင်အခြေစိုက် ၃၆၉ နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့များက စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များထံ မှ သိရသည်။
ကိုးထောင်ဘို့ဒေသခံတဦးက “အခုနောက်ပိုင်း ဒီကောင်တွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်လာကြတယ်။ ဘာကြောင့်လဲဆို PDF တွေကို ထောက်ပံ့ကူညီနေတာရယ်၊ ရွာသားတွေကိုယ်တိုင်က PDF တွေပါဆိုတဲ့ စွပ်စွဲချက်တွေနဲ့ လုပ်နေကြတာမျိုးပေါ့။ အချို့ဆိုရင် ဖမ်းမိတာနဲ့ နှိပ်စက်ခံရတာကနေ အသတ်ခံရတာတွေထိ ရှိတယ်။ အဲဒါကြောင့် ရွာခံတွေ ထွက်ပြေးနေကြရတာ။ အခု နောက်ပိုင်း ထူးခြားလာတာက ဒီကောင်တွေက ရွာတွေကို ဝင်တော့မယ်ဆိုရင် ဂျန်ပါတွေနဲ့ ဖုန်းလိုင်းတွေပါ ဖြတ်ပစ်ပြီးမှ ဝင်ကြတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁ ရက် ညပိုင်းက ကိုးထောင်ဘို့ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည် ထိမှန်ပြီး အသက် ၈ နှစ်အရွယ် ကလေးငယ် အပါအဝင် အတူနေ မြေးအဘိုး ၃ ဦး သေဆုံးခဲ့ပြီးနောက် ဇွန် ၂ ရက်မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဇော်ချောင်းကျေးရွာသားတဦးက “စစ်ကြောင်းတွေက ရှိနေတော့ ရွာတွေမှာ နေလို့မဖြစ်တော့ဘူးလေ။ တောတွေထဲမှာ ပုန်းနေကြရတာပေါ့။ အနည်းအကျဉ်းလောက်ပဲ အရဲစွန့်ပြီး ဝင်နေကြရ တာ။ ပုဏ္ဏားကြီးကျေးရွာကို ၁၁ ရက် ညနေပိုင်းက မီးတိုက်သွားတာ ဘယ်လို အခြေအနေရှိလဲ မသိရသေးဘူး။ အခက် အခဲတွေကတော့ အများကြီးပေါ့။ အဲဒီအထဲကမှ စားဖို့က ပိုခက်ခဲနေတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်များက ရွာစဉ်တောက်လျှောက် စစ်ကြောင်းထိုး မီးရှို့နေခြင်းကြောင့် တရွာနှင့်တရွာ မကူညီနိုင်တော့ သကဲ့သို့ အဝတ်တထည် ကိုယ်တခုဖြင့်သာ ထွက်ပြေးကြရသည့်အတွက် စားသောက်ရေးနှင့် ဆေးဝါးမှာ အခက်အခဲ ဖြစ်နေရ ကြောင်း၊ စစ်ဘေး မီးဘေးရှောင်များ အနေဖြင့် မိုးတွင်းကာလ နေထိုင်ရေးအတွက်ကိုပါ စိုးရိမ်ပူပန်နေရကြောင်း ၎င်းက ပြောသည်။
ကိုးထောင်ဘို့ကျေးရွာအနီး တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ဇွန် ၃ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ် ၃ စီးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့သလို တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကိုလည်း ရဟတ်ယာဉ်ဖြင့် ချထားခဲ့ကြောင်း၊ ကိုးထောင်ဘို့ ကျေးရွာရှိ စစ်ကောင်စီတပ်ဖြင့် ပူးပေါင်းခဲ့ပြီးနောက် ကိုးတောင်ဘို့ အပါအဝင် အနီးဝန်းကျင်ကျေးရွာများကို ဇွန် ၂ ရက်က တည်းက စစ်ကြောင်းထိုး မွှေနှောက်နေခြင်း ဖြစ်ကြောင်း Kanbalu Tiger Rangers တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဇွန် ၂ ရက်မှ စတင်ကာ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်း ထိုးနေသော အဆိုပါ စစ်ကောင်စီတပ်များကို ရွာများအား လိုက်လံမီးရှို့ပြီး ပြန်ထွက်ခွာရာ လမ်းတလျှောက်၌ မိုင်းဆွဲတိုက်ခိုင်ခြင်း၊ အနီးကပ် ထိတွေ့ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိကြောင်း၊ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အမည်မသိ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကန့်ဘလူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၂)၊ ကိုးထောင်ဘို့ ပြည်သူ့ကာကွယ်ရေးတပ် (ကိုးထောင်ဘို့ PDF)၊ လင်း ယုန်နီ (ကန့်ဘလူ)၊ ကျွန်းလှမြို့နယ် PDF နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပ.က.ဖ) ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဇွန် ၁၃ ရက်မှစ၍ ယနေ့အချိန်ထိ ချပ်သင်းဒေသသို့ ဝင်ရောက် စစ်ကြောင်းထိုးနေ ပြီး အင်တာနက်လိုင်းများအပြင် ဖုန်းလိုင်းများပါ ဖြတ်တောက်ထားကြောင်း ဒေသ သတင်းရင်းမြစ်များက ဆိုသည်။
You may also like these stories:
ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ
ဆားလင်းကြီး၌ PDFများ မခုခံနိုင်ရန် စစ်တပ်က ရွာသားများကို ဖမ်းထား
ဝက်လက်နယ် ရှိမ်းမကားတိုက်ပွဲ စစ်ကောင်စီ လေကြောင်းဖြင့်ပါ တိုက်ခိုက်