သတင်း

AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းသွားသည့် အဘောင်သားရွာခံ ၅ ဦး အဆက်သွယ်ပြတ်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ ဒေသခံ ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားသည်မှာ တပတ် ကျော်ကြာလာသော်လည်း သတင်းအဆက်အသွယ်မရသဖြင့် မိသားစုဝင်များ စိုးရ်ိမ်နေကြကြောင်း သိရသည်။

ရက္ခိုင် စစ်တပ် (AA) နှင့် ပတ်သက်ဆက်နွယ်သည် ဟုဆိုသည့် စွပ်စွဲချက်ဖြင့် အဘောင်သားရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်နှင့် ဦးစံချစ် အပါအဝင် ရွာသား ၃ ဦး၊ ပလက်ဝမြို့ပေါ် မြို့မ ရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်ဝင်းနှင့် ဦးမဲကျော့တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံ ဦးစံချစ်၏ မိသားစုဝင်တဦးက “ကျနော့် အဖေကို ဖမ်းတဲ့နေ့က စစ်သားတွေက ရွာထဲကို ဝင်လာပြီးတော့ နေအိမ်တခုမှာ ရွာသားတွေကို လူစုတယ်။ ဒီရွာမှာ AA ဆက်သွယ်တဲ့ လူရှိတယ်ပေါ့။ အဲဒီလိုပြောပြီး ကျနော့် အဖေကို ဖမ်းခေါ်သွားတယ်။ ပထမတော့ ၂၈၉ တပ်ကို ခေါ်သွားတယ်လို့ ကြားတယ်။ နောက်ပိုင်း လုံးဝ သတင်းလည်း မကြားရ တော့ဘူး။ အဆက်အသွယ်လည်း မရဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သော မေလ ၂၆ ရက်က ပလက်ဝမြို့နှင့် ၅ မိုင်ခန့်အကွာ ဆူးပုတ်တောင်ခြေတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မေလ ၂၈ ရက်တွင် အနီးရှိ အဘောင်သားကျေးရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရွာသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ၊ ဇွန်လ ၄ ရက်တွင် ပလက်ဝမြို့ ခံ ဦးမဲကျော့နှင့် ဇွန်လ ၈ ရက်တွင် ဦးမောင်ဝင်း တို့ကို AA နှင့် ဆက်စပ်မှု ရှိသည် ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ထိုသို့ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် သတင်းအစန မရသဖြင့် မိသားဝင်များက ပလက်ဝမြို့မ ရဲစခန်းသို့ သွား ရောက် စုံစမ်းခဲ့သော်လည်း ရဲစခန်းတွင် တစုံတရာ အမှုဖွင့်လှစ်ထားခြင်း မရှိသလို ဥပဒေကြောင်းအရ တရားရုံးတွင် ချုပ်ရမန်ယူခြင်း၊ တရားစွဲဆိုထားခြင်းလည်း မရှိသည်ကို သိရကြောင်း မိသားစုဝင်များ ဆိုသည်။

အဘောင်သား ကျေးရွာတွင် ချင်းတိုင်းရင်းသားများ နေထိုင်သည့် အဘောင်သား အထက်ရွာနှင့် ရခိုင်တိုင်းရင်းသား များ နေထိုင်သော အောက် အဘာင်သား ဟူ၍ ရှိပြီး လက်ရှိအချိန်တွင် ကျောက်တော်အခြစိုက် စကခ ( ၉ ) လက် အောက်ခံ စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့မှ ရခိုင်တိုင်းရင်းသား နေထိုင်သည့် အဘောင်သား အောက်ရွာတွင် တပ်စွဲ နေထိုင်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကျေးရွာအတွင်း စခန်းချ နေထိုင်မှုကြောင့် အဘောင်သားအောက်ရွာမှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်၍ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်းလည်း ရွာသားတဦးက ပြောသည်။

ရွာခံတဦးက “စစ်တပ်က ကျနော်တို့ ရွာမှာ ဆက်သွယ်ရေး မြောင်းတွေ၊ ကတုတ်ကျင်းတွေ တူးပြီးနေထိုင်ကြတော့ ကျနော်တို့လည်း ရွာမှာ မနေရဲတော့ဘူး။ အကုန်ထွက်ပြေးနေတယ်။ ပစ္စည်းတွေလည်း ယူချိန် မရဘူး။ ကျန်ခဲ့တဲ့ ကြက်တွေ၊ ဝက်တွေကိုလည်း သူတို့ သတ်ဖြတ်ပြီးတော့ စားသောက်ကြတယ်လို့ ကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ အခြေအနေတွင် နှစ်ဖက် တပ်ဖွဲ့များကြား စစ်ရေး တင်းမာနေသည့်အတွက် ပလက်ဝမြို့နှင့် ဆမီးမြို့တို့ကို မြို့ဝင် မြို့ထွက် တင်းကျပ်စွာ ပိတ်ပင်သလို မြို့နယ်အတွင်း ကုန်သွယ်စီးဆင်းမှု လမ်းကြောင်းများကိုလည်း စစ် ကောင်စီတပ်က ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

ဆမီးမြို့ခံတဦးက “အခုမြို့ဝင်မြို့ထွက်ကို စစ်တပ်က ကျပ်ထားတယ်။ မြို့ကို ဝင်လို့လည်း မရ၊ ထွက်လို့လည်း မရဘူး။ တချို့ အနီးအနား ရွာတွေက ကျောင်းသားတွေကို လာပို့တဲ့ မိဘတွေတောင် ဝင်မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီကကာလရှည်စွာ အင်တာနက်လိုင်းများကို ဖြတ် တောက်ထားပြီး ကုန်စည် စီးဆင်းမှုတွင် အဓိကအရေးပါသော ပလက်ဝ- ကျောက်တော် ရေလမ်း၊ ပလက်ဝ – မတူပီ ကားလမ်းတို့ကို ပိတ်ဆို့ ကန့်သတ်ထားသလို AA တပ်ဖွဲ့ဝင်များအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိက္ခာ လမ်းကြောင်းကို စောင့်ကြည့်ပြီး သိမ်းဆည်းမှုများရှိကြောင်း ဒေသခံများက ဆိုသည်။

ဇွန်လ ၁၁ ရက်ကလည်း ကျောက်တော်မြို့မှ ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် စက်လှေ ၁ စီးကို ပလက်ဝမြို့ နယ်နှင့် ကျောက်တော်မြို့နယ်ကြား သံပုရာထောင့်ဆိုသည့် ကျေးရွာအရောက်တွင် AA တပ်ဖွဲ့ဝင်များက စက်လှေ အား ခေါ်ယူ စစ်ဆေးပြီး စစ်ကောင်စီတပ်၏ ရိက္ခာတချို့နှင့် စက်သုံးဆီ ပီပါ အလုံး ၇၀ ကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း လတ်တလောအခြေအနေတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် AA တို့ကြား ဆက်ဆံရေး တင်းမာနေကာ ညှိနှိုင်းမရသည့် အခြေအနေတခုသို့ ရောက်ရှိလာပါက စစ်ရေးအရ ထိပ် တိုက်တွေ့ကာ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ကြောင်းလည်း ယမန်နေ့ ဇွန်လ ၁၄ ရက် သတင်းစာ ရှင်းလင်းပွဲ၌ AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ယင်းပြင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာခဲ့ပြီး တပ်ရင်း၊ တပ်မဌာနချုပ်များသို့ သွားရောက်ကာ စစ်ရေးသတိ အမြဲရှိကြရန်နှင့် အမြဲ တိုက်ပွဲဝင်ရန် အဆင် သင့် ရှိနေရမည်ဟု မှာကြားခဲ့ကြောင်းလည်း စစ်ကောင်စီ၏ မီဒီယာများတွင် ဖော်ပြထားသည်။

You may also like these stories:

ပလက်ဝမြို့နယ် အဘောင်သားရွာသားတချို့ စစ်ကောင်စီ ဖမ်းဆီး စစ်ဆေး

ပလက်ဝ၌ အာဏာသိမ်းစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေ

တိုက်ပွဲဖြစ်ပြီးနောက် ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ထား

Loading