စစ်ကောင်စီက အဂတိလိုက်စားမှု ပုဒ်မများဖြင့် ဖမ်းဆီးထောင်ချထားသည့် ဒေါက်တာ ထားထားလင်း၊ ဒေါက်တာ စိုးဦးနှင့် ဒေါ်နီလာကျော်တို့၏အမှု အယူခံများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သည်။
ယင်းဆရာဝန်နှစ်ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိရေး အဓိကနေရာမှ ကြိုးပမ်းခဲ့သူများ ဖြစ်ပြီး၊ ဒေါ်နီလာကျော်မှာ ရန်ကုန်တိုင်းအစိုးရ လျှပ်စစ်နှင့် စက်မှု၊ လမ်းပန်းဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဖြစ်သည်။
ဒေါက်တာထားထားလင်းမှာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်ကာ GAVI HSS2 Grant (Global Alliance for Vaccines and Immunization-Health System Strengthening 2) အစီအစဉ်အရ လုပ်ငန်းများဆောင်ရွက်ရာတွင် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသဖြင့် နိုင်ငံတော်မှ ကျပ် ၁၆၁ ဒသမ ၁၉၈ သန်း ဆုံးရှုံးစေခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ ဧပြီ ၂၀ ရက်တွင် အလုပ်နှင့်ထောင် ၃ နှစ် ချမှတ်ခဲ့ရသူဖြစ်သည်။
ဒေါက်တာစိုးဦးမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး ဒေါက်တာထားထားလင်း၏ ဆောင် ရွက်ချက်အပေါ် ကြီးကြပ်စစ်ဆေးရန်နှင့် စီမံခန့်ခွဲရန် ပျက်ကွက်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာ နစ်နာဆုံးရှုံးစေရန် အားပေးကူညီမှု ဖြစ်စေခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် အလုပ်နှင့်ထောင် ၂ နှစ် ချမှတ်ခံထားရ သည်။
၎င်းတို့နှစ်ဦးအပေါ် ချမှတ်ခဲ့သည့် ထောင်ဒဏ်များနှင့် ပတ်သက်ပြီး ရာဇဝတ်အယူခံ တင်သွင်းမှုအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကိုက ဇွန် ၁၄ ရက်တွင် ပလပ်ကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ယမန်နေ့ (ဇွန် ၁၆ ရက်) ကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးခင်မောင်ကြီးက ရန်ကုန် တိုင်းအစိုးရ လျှပ်စစ်နှင့်စက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဒေါ်နီလာကျော်၏ ရာဇဝတ်အယူခံမှု နှင့် ပတ်သက်ပြီး ပလပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ဒေါ်နီလာကျော်သည် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံရကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၁၆ မှု တရားစွဲခံထားရပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စုစုပေါင်း အလုပ်နှင့်ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခြင်း ခံထားရသည်။
ဒေါ်နီလာကျော် အနေဖြင့် ရန်ကုန်တိုင်းအတွင်းရှိ အစိုးရတင်ဒါလုပ်ငန်း အရည်အသွေးစစ်ဆေးရေး လုပ်ငန်းများအတွက် ၎င်းနှင့် ရင်းနှီးသည့် ကုမ္ပဏီတခုအား Quality Controller Company အဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးကာ ၂၀၁၇ မှ ၂၀၂၁ ထိ လုပ်ငန်းများ ဆောင်ရွက်စေခဲ့ပြီး အရည်အသွေးစစ်ဆေးခ ကျပ်သိန်း ၁၆,၆၀၀ ကျော် ရရှိစေခဲ့ကြောင်း စစ် ကောင်စီက ဆိုထားသည်။
ဒေါ်နီလာကျော်သည် ယင်းကုမ္ပဏီထံမှ ကျပ် ၉၁၈ ဒသမ ၂၄ သိန်းအား ကိုယ်တိုင် လက်ခံရယူခြင်း၊ ကျပ် ၅၉၅ ဒသမ ၃၆ သိန်းအား အိမ်အကူမှတဆင့် ရယူခြင်း၊ ကျပ် ၂,၁၃၀ သိန်းအား ၎င်းကိုယ်စား ပုဂ္ဂိုလ်တဦးထံသို့ သွားရောက် အကြွေးဆပ် စေခြင်းများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲကာ အဂတိမှု ၁၆ ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
UNICEF ထံ ကာကွယ်ဆေးရန်ပုံငွေ ပြန်အပ်သည့် ဒေါက်တာထားထားလင်း အဂတိဖြင့် အမှုဖွင့်ခံရ
ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှုများ ဇွန် ၈ရက် အပြီးသတ် လျှောက်လဲချက် ပေးမည်
ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာထားထားလင်း ထောင် ၃ နှစ် ချခံရ