စစ်ကောင်စီ၏ နိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ပြည်ပပြောင်းတင်ပို့ ရောင်းချမှုတွင် တခြားနိုင်ငံများနှင့် ယှဉ် ပြိုင်ရန် ခက်ခဲနေပြီး ရပ်တန့်မည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကုန်သည်များထံမှ သိရသည်။
မြန်မာ၏ အဓိက ပြောင်းပို့နေသည့် တရုတ်နှင့် ထိုင်းဈေးကွက်ကို လာအိုနိုင်ငံက ထိုးဖောက်ဝင်ရောက်လာခြင်း၊ စစ်ကောင်စီက ပို့ကုန်ရငွေ(နိုင်ငံခြားငွေ)ကို အမေရိကန် ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှင့် သတ်မှတ်သဖြင့် ငွေလဲနှုန်း အရ တွက်ခြေမကိုက်ခြင်း၊ စိုက်ပျိုးရေးသုံးသွင်းအားစုများ ဈေးမြင့်လာခြင်း၊ ပင်လယ်ရေကြောင်းမှ ပြောင်းတင်ပို့မှုတွင် မြန်မာပြည်သို့ သင်္ဘောအဝင်နည်းသဖြင့် ပို့ဆောင်ရန် ခက်ခဲလာခြင်းတို့က ပြောင်းစိုက်ပျိုးတင်ပို့မှုကို ထိခိုက်လာမည့် အချက်များဖြစ်ကြောင်း ကုန်သည်များက ထောက်ပြသည်။
မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ တာဝန်ရှိသူတဦးက “ဒေါ်လာဈေးနှုန်းတွေက ၁၈၅၀ နဲ့ သတ်မှတ်တော့ ပြင်ပ ဈေးနဲ့ ယှဉ်ရောင်းတဲ့အခါ ခက်ခဲတာပေါ့။ အရင်က ဈေးကွက်ပေါက်ဈေးအတိုင်းပဲ အရောင်းအဝယ် ဖြစ်တဲ့အချိန် မှာ ၁ တန်ကို အမေရိကန်ဒေါ်လာ ၃၄၀ နဲ့ အရောင်းအဝယ်လုပ်ရင် ပတ်ဝန်းကျင်နိုင်ငံတွေက ဈေးကွက်နဲ့ ယှဉ်နိုင်တယ်။ သူတို့လည်း ဒီဈေးပဲ။ အခု ၁ ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ သတ်မှတ်တော့ ငွေလဲလှယ်နှုန်းနဲ့တွက်ရင် ၁ တန်ကို ဒေါ်လာ ၃၅၀၊ ၃၆၀ ရမှ ကိုက်မယ့်အနေအထား ရောက်သွားတယ်။ အဲဒီတော့ အခြားနိုင်ငံနဲ့ ယှဉ်ရောင်းရင် ခက်ခဲ သွားတဲ့ အနေအထား ဖြစ်တယ်” ဟု ရှင်းပြသည်။
ထို့ကြောင့် ပို့ကုန်သီးနှံများ ရောင်းချရာတွင် မြင့်မားသည့် ဈေးနှင့်ရောင်းမှသာ တွက်ခြေကိုက်မည်ဖြစ်၍ တခြားနိုင်ငံ နှင့် ယှဉ်ပြိုင်ရန် အခက်အခဲ ဖြစ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ “စိုက်ပျိုးတဲ့အခါ သွင်းကုန်ဈေးတွေ၊ ဓာတ်မြေဩဇာဈေးတွေက တက်တယ်။ စက်သုံးဆီနဲ့ လမ်းအခြေ အနေတွေကြောင့် ကားခတွေ မြင့်တက်တယ်။ သယ်ယူစရိတ်တွေ များနေကြလို့ ဘယ်နေရာ သယ်ပြီးရောင်း ရောင်း ပြောင်း ၁ ပိဿာ ၁,၀၀၀ ကျော်မှ မရရင် ကုန်သည်၊ ပွဲစားပွဲရုံတွေအတွက် မကိုက်ပါဘူး။ ဒီလို တွက်ပြီးရောင်း တော့ ရောင်းဈေးမှာ သူများထက်ပိုရမှ ပြန်ကိုက်တဲ့ အနေအထား ဖြစ်သွားတယ်” ဟု ဆိုသည်။
လက်ရှိတွင် လယ်ယာသုံး စက်ကရိယာများ လည်ပတ်ရန် လောင်စာဆီဈေး အခြေအနေမှာလက်ရှိတွင် ဒီဇယ် တလီတာလျှင် ၂၇၀၀ကျပ်မှ ၃၀၀၀ကျပ်ခန့်အထိ ရှိနေပြီး ရန်ကုန်မှလွဲ၍ တချို့နေရာများတွင် လက်ရှိအချိန်ထိ လောင်စာဆီကို သုံးစွဲသူများက လိုအပ်သလောက် ဝယ်ယူ၍ မရဖြစ်နေသည်။
ထို့အပြင် ဓာတ်မြေဩဇာ ၁ အိတ်လျှင် ယခင်နှစ်က ကျပ် ၃၅,၀၀၀ မှ ကျပ် ၄၀,၀၀၀ အကြား ဝယ်ရသော်လည်း ယခုနှစ်တွင် ၁ အိတ်လျှင် ကျပ် ၉၀,၀၀၀ ဝန်းကျင် ဖြစ်သွားကြောင်း သိရသည်။
မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်း တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ တင်ပို့ပြီး စင်ကာပူ မှတဆင့် ဗီယမ်နမ်နှင့် အခြားနိုင်ငံများသို့ ဆက်လက် တင်ပို့သည်များလည်းရှိရာ နှစ်စဉ် ၁ ဒသမ ၅ သန်းခန့် ပုံမှန် တင်ပို့နိုင်သော်လည်း သင်္ဘောတင်ရာတွင်လည်း ဆိပ်ကမ်းဝင်ရောက်ဆိုက်ကပ်မှု နည်းပါးလာသောကြောင့် ပင်လယ် ရေကြောင်း တင်ပို့မှုတွင် အခက်အခဲ ဖြစ်နေပြီး ယခုထက် ပိုဆိုးလာပါက တင်ပို့မှု ရပ်တန့်သွားနိုင်ကြောင်း ကုန်သည်များ က သုံးသပ်ပြောဆိုသည်။
အလားတူ နယ်စပ်မှ တင်ပို့သည့် ထိုင်းဈေးကွက်တွင်လည်း လာအိုနိုင်ငံ ထွက်ပြောင်းများ ထိုးဖောက်ဝင်ရောက်နေ သလို ထိုင်းနိုင်ငံတွင်လည်း လက်ရှိ ပြောင်းပေါ်သည့် ရာသီဖြစ်နေသဖြင့် အဝယ်နည်းသည့်အတွက် အရောင်းအဝယ် နှေးကွေးနေကြောင်း သိရသည်။
ပြောင်းကုန်သည်တဦးက “တရုတ်က ပြောင်းလိုအပ်ချက် ရှိတယ်။ တန်ချိန် သန်း ၂၇၀ လောက်ကို လိုတာ။ ဒါပေမဲ့ နယ်စပ် တရားမဝင် ပြောင်းရောင်းဝယ်ရေးကို လုံးဝ ပိတ်ထားတာ။ တရားဝင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ကလည်း ဖြစ်ပေါ်မလာသေးသလို GACC အရလည်း တရုတ်နယ်စပ် အကောက် ခွန်နဲ့ နယ်စပ်ဖြတ်သန်း ဝန်ဆောင်ခ ဈေးမြင့်နေလို့ အခက်အခဲတော့ ရှိတယ်” ဟု ရှင်းပြသည်။
တရုတ်နိုင်ငံ၏ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ဆိုသည်မှာ မြန်မာ့ကုန်စည်များကို တရားဝင်တင်ပို့ခွင့် ရရန် အတွက် တင်ပြရခြင်းဖြစ်ပြီး ယင်း GACC အဖွဲ့၏ ခွင့်ပြုချက်ရမှသာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှတဆင့် ကုန်စည်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ခြင်းဖြစည်။
ပြီးခဲ့သည့်နှစ်များက နယ်စပ်ပြောင်းတင်ပို့မှုအား တရုတ်နိုင်ငံကို အားကိုးရသော်လည်း ယခုနှစ်များတွင် တရုတ်က နယ်စပ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု လျော့ချရန်အတွက် အစားထိုးသီးနှံအဖြစ် စိုက်ပျိုးနေရာ မြန်မာနိုင်ငံမှ ပြောင်းကို ခွဲတမ်းဖြင့် ၁ နှစ်လျှင် ပျမ်းမျှ တန်ချိန် သောင်းဂဏန်းဝန်းကျင်သာ ဝယ်ယူတော့ကြောင်း သိရသည်။
လက်ရှိတွင် ပြောင်းကုန်စည်အများစုမှာ ကုန်သည်၊ ပွဲရုံများတွင် လှောင်ကုန် အနေဖြင့်သာရှိပြီး ပြည်တွင်းဈေး ၁ ပိဿာ ကျပ် ၉၀၀ မှ ၁၀၀၀ အထိရှိကာ စက်သုံးဆီနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် ကားခဈေးနှုန်းများ မြင့် တက်နေသဖြင့် ပြန်လည်ရောင်းချရာတွင် ၁ ပိဿာ ကျပ် ၁၀၀၀ ကျော်မှ မရလျှင် တွက်ခြေမကိုက်ကြောင်း ကုန်သည် များက ဆိုသည်။
ယခုနှစ်တွင် ပြောင်းစိုက်တောင်သူများ အနေဖြင့်လည်း ပြောင်းမျိုးစေ့နှင့် ဓာတ်မြေဩဇာ၊ စက်သုံးဆီစသည့် သွင်း အားစု ဈေးနှုန်းများ အလွန်တက်နေပြီး အရင်းများသဖြင့် အခြေခံပြောင်းဈေး ၁ ပိဿာ ကျပ် ၈၀၀ ခန့် ရမှသာ တွက်ခြေကိုက်မည့် အခြေအနေ ရှိနေသည်။
လက်ရှိတွင် မိုးရာသီစိုက်ပြောင်းများကို ရှမ်း၊ ကချင် စသည့် ဒေသများ၌ စတင်စိုက်ပျိုးနေကြပြီဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ များ ဖြစ်သည့် ထိုင်း၊ တရုတ်၊ လာအိုနှင့် အိန္ဒိယနိုင်ငံတို့ကလည်း ယခုနှစ်တွင် ပြောင်းစိုက်ဧကများ တိုးချဲ့နေကြောင်း ကုန်သည်များထံမှ သိရသည်။
ယင်းအခြေအနေများကြောင့် မြန်မာ့ပြောင်းစိုက်တောင်သူများ အနေဖြင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) လက်မှတ်ရ ပြောင်းမျိုးများကို တင်သွင်းစိုက်ပျိုးပြီး ပြောင်းစိုက်ပျိုးရေး နည်းစနစ်မှန်များကို လိုက်နာဆောင် ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက တိုက်တွန်းထားသည်။
You may also like these stories :
နိုင်ငံခြားငွေကြေး သတ်မှတ်ချက်ကြောင့် ပို့ကုန်သီးနှံဈေးကွက် မတည်ငြိမ်
ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ