နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် သမ္မတရုံးဝန်ကြီး ဦးမင်းသူတို့အား ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားမှုတွင် ပြန်ခေါ်သက်သေအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ ဦးစိုင်းကျော်သူအား ယနေ့စစ်ဆေးခဲ့သည်။
NLD ပါတီ ထပ်မံ၍အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) အပေါ် ဩဇာလွှမ်းမိုးအသုံးချခဲ့သည်ဟုစွပ်စွဲကာ စစ်ကောင်စီလက်အောက်ခံ UEC မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က ရာဇ သတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ကာယကံရှင်များက အပြစ်မရှိကြောင်း ချေပပြောဆိုထားသော်လည်း ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ ရုံးချိန်းတွင် နေပြည်တော်ရှိ အထူးတရားရုံးက စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၂၄ ရက်နေ့ရုံးချိန်းတွင် UEC မှ ဦးရဲရင့်လွင်ဆိုသူ အား ပြန်ခေါ်သက်သေအနေဖြင့် ထပ်မံစစ်ဆေးမည်ဖြစ်သည်။
၎င်းတို့စွပ်စွဲကာ တရားစွဲဆိုထားသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က သည် သုံးနှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းကာ မသမာမှုများရှိသည်ဆိုသည့်အချက်သည် စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်း ရန် အကြောင်းပြချက်တခုဖြစ်ခဲ့ပြီး အခြားသော တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကိုလည်း အဆိုပါစွပ်စွဲချက်ဖြင့်ပင် တရားစွဲဆိုမှုများ ပြုလုပ်ထားသည်။
အဆိုပါ ပုဒ်မ ၁၃၀-က ဖြင့် စွပ်စွဲတရားစွဲဆိုမှုတွင် အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှာ ထောင် ၃ နှစ်ချခံခဲ့ရပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှာ ဒဏ်ငွေ ကျပ် ၅ သောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်မှာ ဒဏ် ငွေ ကျပ် ၅ ထောင် ချမှတ်ခံခဲ့ရသည်။
ယင်းအပြင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် ပါဝင်ခဲ့သည့် အရပ်သားအဖွဲ့ဝင်များအား အဆိုပါပုဒ်မ ၁၃၀-က ဖြင့်ပင် အာဏာသိမ်းစစ်ကောင်စီက မဲစာရင်းမှားယွင်းမှုများတွင် တာဝန်ရှိသည်ဟုဆို ကာ တရားစွဲခဲ့ပြီး ဒဏ်ငွေ တသောင်းကျပ်စီချမှတ်ခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် အဖွဲ့ဝင် ၁၆ ဦးစီပါဝင်သည့်အနက် အရပ်သား ၆ ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း ၁၀ ဦး အချိုးကျပါ ဝင်ကြသော်လည်း အရပ်သားများသာ ပုဒ်မတပ် တရားစွဲဆိုခံရပြီး ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကောင်စီက မဲစာရင်းမှားယွင်းမှုအ တွက် အရေးယူခြင်းမရှိပေ။
မဲစာရင်းမှားယွင်းမှုအကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် အချိုးကျကိုယ်စားပြုစနစ်(PR) ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောထားပြီး စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကလည်း လွတ်လပ်တရားမျှတမှုကို အာမခံကြောင်း ပြောသည်။