မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားသည့် အဂတိမှု များဖြင့် ယနေ့ ရုံးချိန်းတွင် မန္တလေးတိုင်းတရားလွှတ်တော်က ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့ကြောင်း အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ထံမှ သိရသည်။
ဒေါက်တာဇော်မြင့်မောင်သည် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း ဆေးကုသစရိတ်၊ ပါတီရုံးမြေနေရာကိစ္စ၊ စီမံကိန်းဧရိယာနှင့် ဆက်စပ်လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့်ရရှိရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင် နိုင်ရေး ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှု ရှိခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု ၅ မှု စွဲဆိုထားခြင်း ဖြစ်သည်။
“အဂတိအမှု ၆၊ ၇၊ ၈ ထိုင်းမှာ ဆေးသွားကုစဉ်က အဂတိလိုက်စားတယ်ဆိုပြီး ၅ နှစ်စီ ချလိုက်တယ်။ နောက်တခါ NLD ရုံး မြေနေရာနဲ့ ပတ်သက်ပြီးစွဲတဲ့ ၉၊ ၁၀ က ၃ နှစ်စီ ချလိုက်တယ်။ စုစုပေါင်း ၂၁ နှစ်ပေါ့။ အခု အမှု ၅ ခုလုံးက ဒေါက်တာ ဇော်မြင့်မောင် တယောက်တည်းပါ” ဟု ရှေ့နေအဖွဲ့က ပြောသည်။
အဆိုပါ အဂတိအမှုများကို စစ်ကောင်စီခန့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားလို ပြုလုပ်၍ မန္တလေး တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“အခုလို အမိန့်ချမှတ်တဲ့အပေါ်မှာ အယူခံ တက်မယ်။ အယူခံတက်မှာနဲ့ ပတ်သက်ပြီး အတိုချုံး ပြောရမယ်ဆိုရင် စွပ်စွဲချက် တွေကို နှစ်ဖက်အပြန်အလှန် စစ်ဆေးရာမှာ သက်သေထွက်ဆိုချက်တွေအရ မခိုင်မာဘဲနဲ့ အမိန့်တွေ ချမှတ်တာဖြစ်လို့ အယူခံတက်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေအဖွဲ့က ပြောသည်။
ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စစ်ကောင်စီခန့် မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလို ပြုလုပ်၍ အောင်မြေသာစံမြို့နယ် တရား ရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုထားသည့်အမှုကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းအမှု အား လာမည့် ဇွန် ၂၂ ရက်တွင် အပြီးသတ် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ အမရပူရမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၇၁ (စ) ဖြင့် စွဲဆိုထားသောအမှုကို ထောင် ၁ နှစ် ကျခံစေရန် ပြီးခဲ့သည့် ဇွန် ၃ ရက်က အမိန့်ချခံထားရသလို အောင်မြေသာစံမြို့ နယ် တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀ (က) တို့ဖြင့် တရားစွဲထားမှုကိုလည်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က အမိန့်ချခံထားရသည်။
ထို့ကြောင့် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံထားရသော ဒေါက်တာ ဇော်မြင့်မောင်ကို စစ်ကောင်စီက စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်ထားသည်။
ဒေါက်တာဇော်မြင့်မောင်သည် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ် ၂၀၁၉ ခုနှစ်မှစပြီး သွေးကင်ဆာရောဂါ ခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် ဆေးကုသမှု ခံယူခဲ့ရပြီး ကင်ဆာ ဆေးဝါးများကို ယနေ့အချိန်ထိ သောက်သုံးနေရဆဲ ဖြစ် ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ထိပ်တန်းခေါင်ဆောင်တဦးဖြစ်ပြီး ပါတီ၏ ဒုဥက္ကဋ္ဌတာဝန် ယူထားကာ ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆက်တိုက် အနိုင်ရရှိခဲ့သူ ဖြစ်သည်။
You may also like these stories:
ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှုများ ဇွန် ၈ရက် အပြီးသတ် လျှောက်လဲချက် ပေးမည်
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ
ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း
ဒေါက်တာ ဇော်မြင့်မောင်၏ အဂတိမှု ဒေါ်အောင်ဆန်းစုကြည် သက်သေထွက်ဆိုရန် အခက်ကြုံနေ