စစ်ကောင်စီတပ်မှ များပြားလာနေသော ဘက်ပြောင်းလာသူများကို ဟန့်တားရန်အတွက် ဆက်သွယ်မှုမှ တည်နေရာများကို စောင့်ကြည့်ပြီးခြေရာခံရန်နှင့် ကြားဖြတ်နားထောင်ရန်အတွက် စစ်ကောင်စီသည် ၎င်းတို့ပိုင် ဆက်သွယ်ရေးအော်ပရေတာ Mytel ကို အသုံးပြုနေသည်။
စစ်သားများ၏ အမည်၊ ရာထူးနှင့် ကိုယ်ပိုင်အမှတ်များ စာရင်းကို ရယူရန် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Mytel ကို ၂၀၁၈ ခုနှစ်၊ ဇွန်လက တရားဝင် မစတင်မီကပင် ခွင့်ပြုထားကြောင်း တရားမျှတမှုနှင့် တာဝန်ခံမှုဆိုင်ရာ လျှို့ဝှက်တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice for Myanmar (JFM) က ထုတ်ပြန်သည့် နောက်ဆုံး စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြသည်။
ထိုဆုံးဖြတ်ချက်မှာ Mytel အသုံးပြုသူ အရေအတွက်များပြားစေေရး၏ အစိတ်အပိုင်းအဖြစ် အောက်ခြေ တပ်မှူးများ၏ ထောက်ခံမှုဖြင့် ချမှတ်သော ဆုံးဖြတ်ချက်ဖြစ်သည်။
ထို အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုကို အောင်တံခွန်ဟု အမည်ပေးထားပြီး စစ်သားများ၏ ကိုယ်ပိုင်နံပါတ်ဖြင့် ဖုန်းနံပါတ်ကို သတ်မှတ်ထားသည့် ၀၉၆၉ ဆင်းကဒ်များကို အခမဲ့ထုတ်ပေးထားသောကြောင့် အဆင့်မြင့် အရာရှိများသည် ၎င်းတို့တပ်သားများကို ဖုန်းနံပါတ်ဖြင့်ပင် အလွယ်တကူ ခွဲခြားသိနိုင်သည်။
Mytel ကို Telecom International Myanmar ၊ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် လုပ်ငန်း Viettel Global Investment နှင့် မြန်မာစစ်တပ်ပိုင် လုပ်ငန်းစု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့က စီမံလည်ပတ်သည်။
သူ့တွင် သူ့ကိုယ်ပိုင်နံပါတ်ဖြင့် သတ်မှတ်ထားသော Mytel ဆင်းမ်ကဒ်တခု ရှိခဲ့ဖူးကြောင်း စစ်တပ်မှ ဘက်ပြောင်းလာသူ ဗိုလ်ကြီးဟောင်း ညီသုတက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ကျနော်တို့ရဲ့ အထက်တပ်မှူးတွေကလည်း Mytel SIMs တွေသုံးကြတော့ ကျနော်တို့က သူတို့နဲ့ဆက်သွယ်ရင် အဲဒီဖုန်းတွေသုံးရတယ်” ဟု သူက ပြောသည်။
ထိုသို့ ဖုန်းနံပါတ်များကို ကိုယ်ပိုင်နံပါတ်ဖြင့် သတ်မှတ်ထားသောကြောင့် ၎င်းတို့၏စကားများကို ကြားဖြတ်နားထောင်ပြီး ကိုယ်ပိုင်နံပါတ်နှင့် တည်နေရာကို အလွယ်တကူ သိနိုင်သောကြောင့် ဘက်ပြောင်းလိုသော စစ်သားများအနေဖြင့် Mytel SIMs များကို မသုံးရန် JFM က သတိပေးထားသည်။
လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် စစ်တပ်မှထွက်လာခဲ့ပြီး ယခုအခါ စစ်သားများ ဘက်ပြောင်းလာခြင်းကို သူ၏ Facebook စာမျက်နှာဖြစ်သော ပြည်သူ့ပန်းတိုင်မှ ကူညီနေသည့် ဗိုလ်ကြီးဟောင်း ညီသုတက စစ်သားများသည် သူ့ကို ဆက်သွယ်ရာတွင် Mytel SIM အသုံးပြုသောကြောင့် ဖမ်းဆီးခံရကြောင်း ပြောသည်။ သူ၏စာမျက်နှာကို ယခင်က ပြည်သူ့စစ်သားဟု လူသိများခဲ့သည်။
“ရှေ့တန်းမှာ ဆင်းမ်ကဒ်သစ်ဝယ်လို့ မရတာနဲ့ စစ်သားနှစ်ယောက်က Mytel SIM တွေနဲ့ပဲ ကျနော်တို့ကို ဆက်သွယ်ခဲ့တယ်။ ကျနော်တို့ဆီ လာနေတုန်း လမ်းမှာ သူတို့အဖမ်းခံရတယ်” ဟု သူက ပြောပြသည်။
ဘက်ပြောင်းလာသူများ၏ တည်နေရာကို Mytel တာဝါတိုင်များမှ တဆင့် သိနိုင်သောကြောင့် Mytel ဆင်းမ်ကဒ် တပ်ဆင်ထားသည့် ဖုန်းများကို ပါဝါမဖွင့်ဖို့ အထိပင် သူအကြံပြုသည်။
ထိုအရောင်းမြှင့်တင်မှု၏ တစိတ်တပိုင်းအဖြစ် Mytel သည် ယခုဖမ်းဆီးခံနေရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ အစိုးရအဖွဲ့ဝင်များနှင့် Mytel နှင့် မြန်မာမှ ပြိုင်ဘက်များအပါအဝင် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များသို့လည်း အခမဲ့ပေးခဲ့သည်ဟု JFM က ဖော်ပြသည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး မြန်မာပြည်သူများက စစ်ကောင်စီဝင်ငွေ မရစေရန်အတွက် စစ်တပ်နှင့် ပတ်သက်နေသော Mytel ကို သပိတ်မှောက်ထားကြသည်။
လွန်ခဲ့သော နိုဝင်ဘာလက Mytel ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင်ကို စစ်ကောင်စီဆန့်ကျင်ရေး ခုခံရေးအုပ်စုတခုက ရန်ကုန်တိုင်း၊ မရမ်းကုန်းတွင် ပစ်သတ်ခဲ့သည်။ အသက် ၅၆ နှစ်ရှိပြီဖြစ်သော ထိုသူသည် ရေတပ် ဒုဗိုလ်မှူးကြီးဟောင်းလည်း ဖြစ်သည်။
တနိုင်ငံလုံးမှ Mytel တာဝါတိုင်များကို ခုခံရေးအင်အားစုများ ဖောက်ခွဲဖျက်ဆီးထားသည်။
You may also like these stories:
ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ
ဒေါ်လာမူဝါဒအသစ် ဝေဖန်မှုမြင့်တက်နေချိန် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ပစ်သတ်ခံရ
တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ
ရေပေါ်ဆီဆိုင်တည်ရာမှ တယ်လီနောမြန်မာကို ပိုင်ဆိုင်လာမည့်သူ
တယ်လီနောမြန်မာရောင်းချမှု စစ်တပ်နှင့် နီးစပ်သည့်ကုမ္ပဏီပါ၍ ကန့်ကွက်ခံနေရ