ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ နှင့် အာဏာသိမ်းမှု အကျိုးဆက်များကြောင့် အလုပ်သမားသိန်းနှင့်ချီကာ အလုပ်လက်မဲ့ဖြစ်ခဲ့ ပြီး စက်ရုံပေါင်းရာကျော် ပိတ်ထားခဲ့ရသော မြန်မာ့အထည်ချုပ်ကဏ္ဍသည် ယခုအခါ ပုံမှန်နီးပါး ပြန်လည်ပတ်လာနေပြီဟု အထည်ချုပ်လုပ်ငန်းများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။
မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ တာဝန်ရှိသူတဦးက “အထည်ချုပ်ကဏ္ဍက အချက်အလက်အတိအကျ မကောက်ရသေးပေမယ့် ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်အထိက ပြန်လည်ပတ်လာနေပြီ ပြောလို့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ပအပ်ထည် အော်ဒါများရရှိမှု အခြေအနေသည်လည်း ကိုဗစ် ကူးစက်ပျံ့နှံ့နေသည့်ကာလ၂၀၂၁ ခုနှစ်ကထက် ၂၀၂၂ ခုနှစ်တွင် ပိုမိုရရှိလာခဲ့ပြီး ရပ်နားထားသော အထည်ချုပ်စက်ရုံများနှင့် စက်ရုံအသစ်များလည်း ပြန်လည် ဖွင့်လှစ်လာ နိုင် သလို အလုပ်သမား ၄ သိန်းဝန်းကျင်အထိ အလုပ် ပြန်လုပ်လာနိုင်ပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာ့အထည်ချုပ်ကဏ္ဍတွင် ပုံမှန်ကာလ၌ အလုပ်သမားပေါင်း ၅ သိန်းကျော် အထိရှိပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကာ ကိုဗစ် ၁၉ ကာလတွင်း ကမာ္ဘ့စီးပွားရေး ကျဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေး အကန့်အသတ်များကြား ကုန်ကြမ်း ရရှိမှု အခက်အခဲများကြောင့် အပ်ထည် အော်ဒါကျဆင်းခဲ့သလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု၏ နောက်ဆက်တွဲ မတည်ငြိမ်မှုများကြောင့် အလုပ်သမား ၂ သိန်းကျော် အထိ အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ခန့်မှန်းထားခဲ့သည်။
အထက်ပါတာဝန်ရှိသူက “ကိုဗစ်မတိုင်ခင်က အခြေအနေမျိုးကို ပြန်ရောက်တာမျိုးတော့ မဟုတ်သေးဘူး။ အော်ဒါတွေ ပြန်ပြီး ရလာတယ် အဲဒီတော့ အလုပ်အကိုင်တွေ ပြန်ပေးလာနိုင်တာကတော့ အထည်ချုပ်ကဏ္ဍအတွက် ကောင်းတာပေါ့” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် အခြေအနေတခုအထိ လျော့ကျလာခြင်းနှင့် အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းများ ပြန်လည် ဖွင့်လှစ်ခြင်းများကြောင့် အထည်ချုပ်ကဏ္ဍသို့ ရင်းနှီးမြှုပ်နှံလိုသူများနှင့် အပ်ထည်အော်ဒါပေး သူများလည်း ပြန်လည် ဝင်ရောက်လာသည့် အခြေအနေလည်း ရှိကြောင်း သိရသည်။
“ရပ်တဲ့ စက်ရုံတွေလည်း ရပ်ထားကြတယ်။ အသစ်ဖွင့်တဲ့ စက်ရုံတွေလည်း တော်တော်များများ ရှိလာတယ်။ အများစုက အပ်ထည် အော်ဒါအသစ်၊ Customer အသစ်ရလာကြတဲ့ အခြေအနေရှိတယ်။ အရင်က ဥရောပဘက်က Customer အဟောင်းတွေက ဒီဘက်ကို သိပ်မလာတော့ဘူး။ အရှေ့အလယ်ပိုင်းကလို ပြောရမယ်၊ အကုန်ခြုံ ပြောမယ်ဆိုရင် တော် တော်များများ ပြန်လည်ပတ်လာနိုင်ပြီ လို့ ပြောလို့ရတယ်” ပြည်ပမှ အပ်ထည်အော်ဒါ ရရှိနေသော ရန်ကုန်မြို့ လှိုင်သာယာ မြို့ နယ်မှ အထည်ချုပ်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
လုပ်ငန်းများ ပြန်လည်ပတ်လာသော်လည်း ဗဟိုဘဏ်၏ ပို့ကုန်ရငွေအပေါ် အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၈၅၀ သတ်မှတ်ချက်ကြောင့် ဝင်ငွေအပေါ် အတိုင်းအတာတခုအထိ ထိခိုက်သွားသလို စက်သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်း နှင့် လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့်လည်း အပို ကုန်ကျစရိတ်များ ရှိနေကြောင်း ၎င်းကရှင်းပြသည်။
သူက ဆက်လက်၍ “အော်ဒါရရှိမှုက အရမ်းကြီး တက်လာတော့မျိုးတော့ မရှိပေမယ့် လုပ်ငန်း လည်ပတ်လို့ ရှိနေတဲ့ ပုံမှန် အော်ဒါတွေက ရှိနေတယ်။ ထပ်တိုးရမယ့် အော်ဒါမျိုးတော့ ကျနော်တို့ဆီမှာ မရှိဘူး” ဟု ဆိုသည်။
အလုပ်သမားများအရေး ဆောင် ရွက်ပေးနေသော သွေးစည်း ညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (STUM)မှ ဒေါ်မျိုးမျိုးအေး ကလည်း လက်ရှိအခြေအနေများအရ အထည်ချုပ်စက်ရုံများသည် အလုပ်သမားခန့်အပ်မှုများ ပြန်လည်မြင့် တက်လာ သလို အချိန်ပိုခေါ်ရသည့် အပ်ထည်အော်ဒါများ တိုးမြှင့်ရရှိနေသော စက်ရုံများပင် ရှိလာကြောင်း ပြောသည်။
သူက ဆက်လက်၍ “စက်ရုံတွေက အချိန်ပို (Over time) တွေ တောက်လျှောက်ခေါ်နေတာ၊ အချိန်ပိုတဲ့ သဘောက အပ် ထည် အော်ဒါတွေရှိတယ်၊ အရေးကြီးတယ်ပေါ့။ ညလုံးပေါက် အချိန်ပို ခေါ်တဲ့ စက်ရုံတွေတောင်ရှိနေတော့ အထည်ချုပ် လုပ်ငန်းအခြေအနေက ပြန်ပြီး ဦးမော့လာနေတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ မတည်ငြိမ်မှု အခြေအနေများကြောင့် လုပ်ငန်းများ လွတ်လပ်စွာလည်ပတ်နိုင်ခြင်း မရှိ၍ H&M ၊ Zara၊ နှင့် Primark ကဲ့သို့ ထိပ်တန်း အမှတ်တံဆိပ်များ ပါဝင်သည့် Action Collaboration Transformation (ACT) အဖွဲ့က မြန်မာနိုင်ငံတွင်း လုပ်ငန်း လုပ်ဆောင်ချက်များကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ် ကုန်ပိုင်းက ကြေညာထားခဲ့သည်။
ဒေါ်မျိုးမျိုးအေးက “ကျမအနေနဲ့လည်း အထည်ချုပ်ကဏ္ဍအပေါ် အလုံးစုံ စီးပွားရေး ပိတ်ဆို့တဲ့ ဆန်ရှင်ကို အားမပေးပါ ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံကို အပ်ထည်ပေးနေတဲ့ နိုင်ငံတကာ အဝတ်အထည် အမှတ်တံဆိပ်ကုမ္ပဏီကြီးတွေ အနေနဲ့ မြန်မာအထည်ချုပ် လုပ်ငန်းရှင်တွေကို အလုပ်သမား အခွင့်အရေးတွေ လေးစားလိုက်နာဖို့ ဖိအားပေးသင့်တယ်” ဟု ပြောဆိုသည်။
နိုင်ငံရေးတည်ငြိမ်မှုရှိသော အချိန်ကာလမှာပင် အခွင့်အရေးအပြည့်အဝမရရှိသော အထည်ချုပ်လုပ်သားများသည် စစ်အာဏာသိမ်းပြီးနောက်တွင်မူ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကိုပင် လွတ်လပ်စွာပြောဆိုခွင့်မရှိတော့ခြင်း၊ လုပ်ငန်းခွင် သမဂ္ဂများ ဖွဲ့စည်းခွင့်မရတော့ခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ လျှော်ကြေးမပေးဘဲ အလုပ်ထုတ်ခံရခြင်း နှင့် အတင်းအဓမ္မအချိန်ပို စေခိုင်းခံရခြင်းများအပြင် ဥပဒေပါ လူမှုဖူလုံရေးခံစားခွင့်များပါ ဆုံးရှုံးနေကြလျက်ရှိသည်။
ကိုဗစ်ကာလ မတိုင်မီဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာ့အထည်ချုပ် ကဏ္ဍ၏ ပြည်ပတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံနီးပါး အထိရရှိခဲ့ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းချုပ်တွင် အသင်းဝင်ထားသော စက်ရုံပေါင်း ၅၀၀ ကျော်အထိရှိကြောင်း သိရသည်။
တရုတ်နိုင်ငံက စက်ရုံပေါင်း ၂၃၀ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ရင်းနှီးမြှုပ်နှံ များထားသည့် စက်ရုံများလည်း ရှိသည်။
မြန်မာ့ အထည်ချုပ်ကဏ္ဍသည် ဥရောပသမဂ္ဂ (အီးယူ)၏ အထူး အခွန်သက်သာခွင့် (GSP) ပြန်လည်ရရှိခဲ့သည့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အလျင်အမြန်ဆုံး တိုးတက်ခဲ့သည့် လုပ်ငန်းကဏ္ဍဖြစ်သလို ပြီးခဲ့သော ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရ လက်ထက်တို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့သည့် ကဏ္ဍတခုလည်း ဖြစ်သည်။
You may also like these stories:
စိုက်စရိတ် ကြီးမြင့်မှု၊ လုပ်သားရှားပါးမှုကြောင့် ယခုနှစ် မိုးစပါးစိုက်ဧက လျော့နိုင်
စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်ပါက အရေးယူမည် ဟု စစ်ကောင်စီ ကြေညာ
စက်သုံးဆီပြတ်လပ်မှု SME လုပ်ငန်းများ ဝန်ပိုပိ
H&M၊ Zara၊ Inditex တို့ ပါဝင်သည့် ACT အဖွဲ့ လုပ်ငန်းများ ရပ်ဆိုင်း