တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း လိုက်နာ ဆောင်ရွက်ရန် ပြောလာသည့် စစ်ကောင်စီတပ်၏ တောင်းဆို ချက်သည် တစုံတရာ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးက ပြောသည်။
စစ်ကောင်စီ၏ ကရင်ပြည်နယ် မြဝတီ အခြေစိုက် အမှတ် (၂၇၅) ခြေလျင်တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဇော်မိုးထွန်းက ဇွန်လ ၁၃ ရက်တွင် KNU အပါအဝင် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) နှင့် ဒီမိုကရေစီ အကျိုးပြုကရင် တပ်မတော် (DKBA) တို့ကို NCA အတိုင်း လိုက်နာပြီး နယ်မြေ ကျော်လွန်လှုပ်ရှားမှု မပြုရန် စာပို့ခဲ့သည်။
အဆိုပါ စာနှင့် ပတ်သက်၍ KNU ဘက်က တုံ့ပြန် ပြောဆိုလာခြင်း ဖြစ်သည်။
ပဒိုစောတော နီးက “ဘာသက်ရောက်မှုမှ မရှိပါဘူး။ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး အနေအထားကတော့ ဘယ်လိုပြောရမလဲ။ ရုံး တွေက ရှိနေသေးတယ်။ ဆက်ဆံရေးရုံးတွေ မရှိတော့ဘူးဆိုရင်တော့ တမျိုးပေါ့။ ရှိနေတဲ့ အခါကျတော့ အနေ အထားက တမျိုးတဖုံ ရှိနေသေးတဲ့ သဘောတော့ ရှိပါတယ်” ဟု ဆိုသည်။
KNU နယ်မြေတွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းသည် စစ်ကောင်စီတပ်၏ စစ်ရေး လှုပ်ရှားမှုများကြောင့် ဖြစ်ပြီး စစ်ကောင် စီဘက်က စစ်ရေးလှုပ်ရှားမှုများ မဆောင်ရွက်ပါက ပဋိပက္ခများ ပိုဆိုးလာမည့် အခြေအနေ မရှိကြောင်း ၎င်းက ပြော သည်။
၎င်းက “NCA နဲ့ ပတ်သက်တာကို ကျနော်တို့က အလေးအနက် ထားတယ်။ အထူးသဖြင့် အာဏာသိမ်း လိုက်တဲ့ အခါမှာ ပြောရမယ်ဆိုရင် NCA ဆိုတာကတော့ နိုင်ငံရေး ဆွေးနွေးပွဲကို သွားဖို့ပဲ။ အခုကတော့ နိုင်ငံရေး ဆွေးနွေးပွဲက ဘယ်လိုမှသွားလို့ မရဘူး။ ရပ်တန့်သွားတယ်။ ရှေ့ဆက်လို့ မရတော့ဘူး။ NCA ဟာ သူ့ရဲ့ ထွက် ပေါက်လို့ စစ်တပ်က ရှုမြင်ပြီး အမြဲတမ်း ဆုပ်ကိုင်ထားပြီး ဘာမှမဖြစ်သလို ပြောနေတယ်။ ဒါပေမယ့် ကျနော်တို့ ဘက်က ခံယူတာက NCA က လုံးဝ အလုပ် မလုပ်တော့ဘူး။ အထူးသဖြင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက ဘယ်လိုမှ သွားလို့ မရတော့ သူက အာဏာသိမ်းလိုက်တဲ့အတွက် တရားမဝင် ဖြစ်နေတယ်။ အဲဒါကို သူက ချိုး ဖောက်လိုက်လို့ ကျနော်တို့က လက်ခံလို့ မရတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမှတ် (၂၇၅) ခြေလျင်တပ်ရင်း၏ ယာယီ တပ်ရင်းမှူးက ပေးပို့သည့်စာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနှင့် သတ်မှတ် နယ်မြေကျော်လွန်၍ ယူနီဖောင်းဝတ်ခြင်း၊ လက်နက် ကိုင်ဆောင်သွားလာခြင်းများ မပြုလုပ် ကြရန် ဆိုထားပြီး နယ်မြေကျော်လွန်လှုပ်ရှားမည် ဆိုပါက စစ်တပ်ထံ အကြောင်းကြားရမည်ဟု ဖော်ပြထားသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA – PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်ကမူ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နယ်မြေကျော်လွန် လှုပ်ရှားမှု ရှိမရှိ ဆိုသည်မှာ ပြောရခက်ခဲပြီး အငြင်းပွားဖွယ်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး စောကျော်ညွန့် က “နယ်မြေကျော်လွန်တယ် ဆိုတာကလည်း ကျနော်တို့ NCA ထိုးပြီးကတည်းကိုက NCA သဘောတူညီချက်ထဲမှာ အခန်း ၃ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ပြီးခဲ့တဲ့ ၂၀၁၅ လက်မှတ်ရေးထိုးပြီးကတည်းက တပ်ပိုင်းဆိုင်ရာ နေရာ ချထားရေး၊ နယ်မြေသတ်မှတ်ရေးက အဲဒါတွေက တခါမှ မလုပ်နိုင်ခဲ့ဘူးလေ။ ကျနော်တို့က ပြဿနာတစုံတရာ ကြီး ကြီးမားမား မရှိဘူးဆိုရင် တပ်နေရာချထားရေးကို အရင်တုန်းကလိုပဲ ရောနှောနေထိုင် သွားလာလှုပ်ရှားတာတို့က အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ နားလည်မှုနဲ့ လှုပ်ရှားသွားလာခဲ့တာကလည်း နှစ်ပေါင်း အတော်ကြာခဲ့ပြီဆိုတော့ နယ်မြေ ကျော်သလား မကျော်သလားက ပြောရခက်တာပေါ့” ဟု ဆိုသည်။
သို့သော်လည်း KNLA – PC အနေနှင့် ကရင်ပြည်နယ်အတွင်း ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှု မရှိစေရန် စစ်ကောင်စီ တပ်နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆက်ပြောသည်။
KNU အရာရှိတဦးကလည်း စစ်ကောင်စီဘက်က ၎င်းတို့ ဆန္ဒအလျောက် ထုတ်ပြန်ချင်သည့် စာများကို ပေးပို့ ထုတ် ပြန်ခြင်းဖြစ်ပြီး KNU ဘက်ကလည်း လုပ်စရာသည့် ကိစ္စများအား ဆက်လက်လုပ်ဆောင်သွားမည်သာ ဖြစ်ကြောင်း ပြောသည်။
“NCA မှာ ပါတာကို ပြန်နွေးတာပေါ့။ တပိုင်းကတော့ သူတို့က သူတို့စည်းကမ်း စည်းမျည်းတွေ ပြောနေမှာပဲ။ တပိုင်း က ကျနော်တို့လည်း ကျနော်တို့ စည်းကမ်းစည်းမျဉ်းတွေ ပြောနေမှာပဲ။ တပ်မဟာ ၃ မှာဆိုရင်လည်း စီးပွား ရေးပဲ ဖြစ်ဖြစ်၊ ပညာရေးပဲ ဖြစ်ဖြစ် KNU ရဲ့ သဘောတူညီချက် မရှိရင် ခွင့်မပြုနိုင်ဘူး။ နောက်ဆက်တွဲ ဖြစ်လာရင် တာဝန်ယူ မယူဘူးလို့ ထုတ်နေတာပဲ။ တိုက်တာကလည်း တိုက်တာ တပိုင်းပေါ့” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသူ တဦးကမူ စစ်ကောင်စီဘက်က NCA အတိုင်း လိုက်နာရန် ပြောဆို ချက်အား KNLA – PC နှင့် DKBA တို့ဘက်က လိုက်နာမှု ရှိနိုင်သော်လည်း KNU ဘက်ကမူ လိုက်နာလိမ့်မည် မဟုတ်ကြောင်း ပြောသည်။
“KNLA – PC နဲ့ DKBA ကတော့ စစ်တပ်နဲ့ ပေါင်းတဲ့သူတွေ ဆိုတော့ ဖြစ်မှာပေါ့။ KNU နဲ့ကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အခုအချိန်အထိဆိုရင် KNU နဲ့က တိုက်ပွဲပေါင်း ထောင်နဲ့ချီနေပြီ။ စစ်တပ်ကလည်း လေးကေကော်ကို သိမ်းထားတော့ KNU နဲ့က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ KNU တို့ KNDO တို့ကတော့ တိုက်ကြမှာပဲ” ဟု ၎င်းက ဆိုသည်။
သို့သော်လည်း တဖက်တွင် KNU ဘက်က ဆက်ဆံရေးရုံးများအား ဆက်ဖွင့်ထားခြင်းသည် ၂ လမ်းသွား ပုံစံမျိုးဖြင့် အလုပ်လုပ်နေခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ တဦးက ပြောသည်။
၎င်းက “ဆက်ဆံရေးရုံးတွေ ရှိနေတာက တဖက်က စစ်တိုက်ပြီး တဖက်မှာ ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်ဆိုတဲ့ အနေ အထား ပါ။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) တို့ ဘာတို့လည်း ၂၀၁၂ မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးတယ်။ ဆက်ဆံရေးရုံး ထားတယ်။ အခုလည်း ဆက်ဆံရေးရုံးက ရှိတယ်။ ဆက်ဆံရေးရုံး ရှိရုံနဲ့ တိုက်ပွဲတွေက ရပ်သွားမှာ တော့ မဟုတ်ဘူး။ သဘောက ၂ လမ်းသွား အလုပ် လုပ်နေကြတာပေါ့။ AA (ရက္ခိုင်စစ်တပ်) လည်း ဒီလိုပဲ ၂ ဖက်က တော့ စကားပြောမှုတွေ ရှိတယ်။ စစ်ရေး တင်းမာနေတာကတော့ တင်းမာနေတာပဲ” ဟု သုံးသပ်သည်။
KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် NCA စာချုပ်ကို အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးခဲ့ပြီး ကျောက်ကြီးမြို့ ၊ ထားဝယ်မြို့ ၊ ဘားအံ၊ ဘုရားသုံးဆူ၊ မြဝတီနှင့် သထုံမြို့တို့တွင် ဆက်ဆံရေးရုံး များ ဖွင့်လှစ်ထားသည်။
You may also like these stories:
စစ်ကောင်စီ၏ တပ်ဆုတ်ရန် သတိပေးချက် SSPP လက်မခံ
စစ်ကောင်စီတပ်သား ရာချီ ထွက်ပြေးလာကြောင်း AA အတည်ပြု
BGF တပ်တွေ လူထုနဲ့ ဘာကြောင့် တွေ့ဆုံနေသလဲ