သတင်း

မြန်မာသို့ပြန်ရေး ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည် သောင်းချီဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သောင်းနှင့်ချီသော ရိုဟင်ဂျာဒုက္ခသည်များသည် တနင်္ဂနွေနေ့တွင် ဆန္ဒပြပွဲများ ပြုလုပ်ပြီး မြန်မာသို့ ပြန်လည်ပို့ဆောင်ပေးရန် တောင်းဆိုကြသည်။ ၎င်းတို့သည် လွန်ခဲ့သော ၅ နှစ်က မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲသောကြောင့် ထွက်ပြေးလာကြသူများဖြစ်သည်။

ရိုဟင်ဂျာ တသန်းနီးပါးသည် အလုပ်အကိုင်မရှိ၊ ကျန်းမာရေးနှင့် မညီညွတ်ဘဲ ပညာသင်ကြားခွင့်လည်း မရဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှ စုတ်ပြတ်သပ်နေသည့် စခန်း ၃၄ ခုရှိ ဝါးနှင့် တာပေါ်လင် တဲများတွင် ပိတ်မိနေသည်။

၂၀၁၉ ခုနှင့် သြဂုတ်လက လူတသိန်းပါသည့် ကြီးမားသော ဆန္ဒပြပွဲတခု လုပ်ခဲ့ပြီးနောက် အိမ်ရှင်ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်သတ်ချက်များ ပိုမိုထုတ်ပြန်လာပြီး ဆန္ဒပြွပွဲ လုပ်ခွင့် ပိတ်ပင်ထားသည်။

သို့သော် အာဏာပိုင်များသည် တနင်္လာနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်နေ့မတိုင်မီ ရိုဟင်ဂျာ အုပ်စုအများအပြားအား နေရပ်ပြန်ရေး ချီတက်ပွဲများ တပြိုင်နက် ကျင်းပခွင့် ပေးခဲ့သည်။

“ဒုက္ခသည် စခန်းတွေမှာ မနေချင်တော့ဘူး။ ဒုက္ခသည်ဖြစ်ရတာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ငရဲကျနေသလိုပဲ။ ဒါတွေရပ်သင့်ပြီ။ နေရပ်ပြန်ကြစို့” ဟု ရိုဟင်ဂျာ လူမှုအသိုက်အဝန်း ထိပ်တန်းခေါင်းဆောင် ဆေယက်အူလာက စုဝေးပွဲတခုတွင် ပြောသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် မြန်မာစစ်ဗိုလ်များကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေး အရေးယူသင့်ကြောင်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် စုံစမ်းစစ်ဆေးသူများက ၂၀၁၈ ခုနှစ်တွင်ပြောသည်။ ထိုမစ်ရှင်သည် မြန်မာမှ ရိုဟင်ဂျာမွတ်ဆလင်များကို သတ်ဖြတ်မှုနှင့် အစုလိုက်အပြုံလိုက်မောင်းထုတ်မှုများကို စုံစမ်းစစ်ဆေးသော မစ်ရှင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံခြားရေး အတွင်းဝန်များ လွန်ခဲ့သောအပတ်က ဗီဒီယိုကွန်ဖရင့်ဖြင့် ဆွေးနွေးပြီးနောက် ယခု ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုဆွေးနွေးမှုသည် နိုင်ငံခြားရေး အတွင်းဝန်များအကြား သုံးနှစ်နီးပါးအတွင်း ပထမဆုံးဆွေးနွေးမှုဖြစ်သည်။

ထိုအစည်းအဝေးအတွင်း ရိုဟင်ဂျာများနေရပ်ပြန်ပို့ရေးကို ယခုအပတ်အတွင်းစတင်ရန် ဒါကာက နေပြည်တော်ကို ဖိအားပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးက AFP သတင်းဌာနသို့ ပြောသည်။

“ဒီနှစ်မိုးရာသီကုန်ရင် ဒုက္ခသည်တွေကို အကန့်အသတ်နဲ့ ပြန်ပို့နိုင်မယ်လို့ ကျနော်တို့ အနည်းဆုံး မျှော်လင့်တယ်” ဟု အမည်မဖေါ်သော ထိုအရာရှိပြောသည်။

ကလေးများအပါအဝင် ဒုက္ခသည်သောင်းနှင့် ချီပြီး ချီတက်ပွဲများနှင့် စုဝေးပွဲများတွင် ပါဝင်ပြီး လမ်းမများ၊ လမ်းများတွင် “ဒီလောက်ဆိုတော်သင့်ပြီ၊ အိမ်ပြန်ပို့ပေးပါ” ဆိုသည့် စာတန်းများဖြင့် ရပ်နေခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောသည်။

“ကျနော်တာဝန်ကျတဲ့စခန်းတွေမှာ ရိုဟင်ဂျာ တသောင်းကျော်လောက် ပါဝင်ချီတက်တယ်” ဟု ကမ္ဘာ့အကြီးမားဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကုတုပလောင်စခန်းမှ ရဲအရာရှိ နိုင်မူ ဟက် က AFP သတင်းဌာနသို့ ပြောသည်။

စခန်းအနည်းဆုံး ၂၉ ခုတွင် တခုစီမှ လူတထောင်ကျော် ပါဝင်ကြကြောင်း ရဲနှင့် ဆန္ဒပြပွဲစီစဉ်သူများ ပြောသည်။

အကြမ်းဖက်မှု မဖြစ်စေရေးအတွက် အာဏာပိုင်များက စခန်းများတွင် လုံခြုံရေးများ ပိုမိုချထားကြောင်း သူပြောပြီး ဆန္ဒပြပွဲများ ငြိမ်းချမ်းစွာ ပြီးစီးသွားကြောင်း ရှင်းပြသည်။

အာမခံချက် မရှိ

ယခင်က နေရပ်ပြန်လည်ပို့ဆောင်ရေး အားထုတ်မှုများ မအောင်မြင်ခဲ့ဘဲ ရိုဟင်ဂျာများက အခွင့်အရေးနှင့် လုံခြုံရေးအာမခံချက်များကို မြန်မာမှ မရမခြင်း မပြန်ဟု ငြင်းဆန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း စစ်တကောင်း ဒေသသုံးစကားနှင့် အလားတူသည့် စကားပြောသော ရိုဟင်ဂျာများကို မြန်မာအများအပြားက တရားမဝင် ခိုးဝင်လာသူများဟု မြင်သော်လည်း ရိုဟင်ဂျာအသိုက်အဝန်းက ထိုအချက်ကို ငြင်းဆန်သည်။

ရိုဟင်ဂျာ ခေါင်းဆောင်များက ၎င်းတို့သည် ရခိုင်ပြည်နယ်မှ ၎င်းတို့၏ မူလရွာများသို့ ပြန်လိုကြောင်း၊ ပြည်တွင်းစစ်ဘေးရှောင်များအတွက် မြန်မာအစိုးရက ဆောက်ထားသည့် စခန်းများသို့ မပြန်လိုကြောင်း ပြောသည်။

အသက် ၆၉ နှစ်အရွယ် ဒုက္ခသည် ရာမက်အူလာက အိမ်ပြန်လိုကြောင်းပြောသည်။

“ကျနော်တို့က ရိုဟင်ဂျာတွေ။ ဘင်္ဂလီတွေ မဟုတ်ဘူး။ အခွင့်အရေး အပြည့်အဝနဲ့ နေရပ်ပြန်ချင်တယ်” ဟု AFP သတင်းဌာနသို့ သူပြောသည်။

ငယ်ရွယ်သော ဒုက္ခသည် မိုဟာမက် ဟားရစ်က ဒုက္ခသည်ဘဝဖြင့် မသေလိုကြောင်းပြောသည်။

“ကျနော့်အခွင့်အရေးတွေ ကျနော်လိုချင်တယ်။ ပညာသင်ကြားပြီး အနာဂတ်အကြောင်း စဉ်းစားနိုင်မယ့် ကျနော့်အိမ်ကို ကျနော်ပြန်ချင်တယ်” ဟု သူပြောသည်။

ကိုးကား။ ။ AFP

You may also like these stories:

နိုင်ငံတကာက စိတ်မဝင်စားကြတော့တဲ့ မြန်မာ့ခေါင်းဆောင်ရဲ့မွေးနေ့နှင့် အတွေးများ

စစ်ကိုင်းနဲ့မကွေးက စစ်ကောင်စီရဲ့ တရားလက်လွတ် သတ်ဖြတ်မှုများ

အရွယ်မရောက်သေးသူများအား စစ်ကောင်စီ နှိပ်စက် သတ်ဖြတ်ဟု UN ဆို

ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်

Loading