သတင်း

ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်တော့မလား

စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သီးသန့် ချုပ်နှောင်ထားသည့်နေရာမှ နေပြည်တော်အချုပ်ထောင်ထဲသို့ ယခုရက်ရွှေ့ပြောင်းပို့ဆောင်တော့မည် ဟု နီးစပ်သူများ၏ ပြောဆိုမှုအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက သီးသန့်နေရာတနေရာတွင် အိမ်အကူများနှင့် အတူ ဖမ်းဆီးထားရသည်မှာ ၁ နှစ်ကျော် ကြာနေပြီ ဖြစ်သည်။

လက်ရှိတွင် ၎င်းအပေါ် စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများနှင့် ပတ်သက်၍ ဇမ္ဗူသီရိ မြို့နယ်ရှိ အထူးသီးသန့် တရား ရုံးတွင် ရုံးထုတ်စစ်ဆေးနေရာ လာမည့် ဇွန် ၂၄ ရက်မှစ၍ နေပြည်တော်အချုပ်ထောင်တွင်း အထူး တရားရုံးတွင် ပြောင်းလဲစစ်ဆေးတော့မည်ဟု သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

အထူးတရားရုံးများနှင့် နီးစပ်သူတဦးက “လက်ရှိ စစ်နေတဲ့ တရားရုံးဘက်ကတော့ မပြောသေးဘူး။ မနက်ဖြန်ကစပြီး ထောင်ကို ရွှေ့မယ်ဆိုတာတော့ သက်ဆိုင်တဲ့သူတွေဘက်က ပြောလာတယ်လို့ သိရတယ်။ သောကြာနေ့ ရုံးချိန်းကိုလည်း ထောင်ထဲမှာပဲ ရုံးထုတ်မယ်ပေါ့။ မနက်ဖြန်ညလောက် ဆိုရင်တော့ ပိုပြီး တိတိကျကျ ပြောနိုင်ပါလိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကမှ အသက် ၇၇ နှစ် ပြည့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်အတွင်းသို့ ပြောင်းရွှေ့မည် ဆိုခြင်းမှာ အာဏာသိမ်း စစ်အုပ်စု၏ အငြိုးအတေးဖြင့် လုပ်ဆောင်သည့် လုပ်ရပ်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာပင် ဖြစ်ကြောင်းလည်း နီးစပ်သူတဦးက ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီ၏ သီးသန့်ချုပ်နှောင်ထားရာနေရာတွင် အိမ်အကူအချို့နှင့်အတူ နေထိုင်နေရပြီး ၎င်းတို့၏ နေထိုင်စားသောက်စားရိတ်များအတွက် ရှေ့နေအဖွဲ့က လစဉ်ပုံမှန် ပေးပို့နေရကြောင်းလည်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ရွှေ့ပြောင်းချုပ်နှောင်မည်ဆိုရာတွင် လက်ရှိ ၎င်းနှင့်အတူ နေထိုင်နေသူများအား ပြန်လွှတ်ပေးမည် သို့မဟုတ် ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားမည်ကို သေချာစွာ မသိသေးကြောင်းလည်း နီးစပ်သူများ က ပြောသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက စွပ်စွဲသည့် အမှုများဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က ယင်းထောင်ဒဏ်များထဲမှ ၂ နှစ်အား လျှော့ပေါ့ပေးကြောင်း ကြေညာထားရာ စုစုပေါင်း ၁၁ နှစ် ချခံထားရသည်။

ကျန်ရှိသည့် စွပ်စွဲတရားစွဲဆိုမှုများအတွက်လည်း သီးခြားချုပ်နှောင်ထားသည့်နေရာမှ ကားဖြင့် ၁၈ မိနစ်ခန့် သွားရသည့် ဇမ္ဗူသီရီမြို့နယ်ရှိ အထူးတရားရုံးသို့ တပတ်လျှင် ၄ ရက် ရုံးထုတ်စစ်ဆေး ခံနေရသည်။

ယနေ့ ဇဗ္ဗူသီရီမြို့နယ်ရှိ အထူးသီးသန့်တရားရုံး ရုံးချိန်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး အဂတိမှုဖြင့် တရားစွဲဆိုထားမှုနှင့် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆိုသူမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား လှူဒါန်းငွေအပေါ် လာဘ် စားသည်ဟု စွပ်စွဲကာ စွဲဆိုထားသည့် အဂတိမှုများအတွက် ပြန်ခေါ်သက်သေအချို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်များချမှတ်ကာ တရားစွဲဆိုမှုများ ဆက်လက်ပြု လုပ်နေသည်နှင့် တပြိုင်နက် တဖက်ကလည်း လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲတရပ်အား ကျင်းပပြုလုပ်ရန်လည်း ပြင်ဆင်လျှက်ရှိသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်ကို လေယာဉ်စင်းလုံးငှားမှုဖြင့် အရေးယူရန် ဘူးလက်လှဆွေတိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက် ၅ မှု ချေဖျက်ပေးရန် လျှောက်ထားမှု ပယ်ချခံရ

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်အမှု တရားလိုအားစစ်ဆေး

Loading