အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာတွင် တာဝန်ရှိသော မြန်မာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကို လာမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ADMM) သို့ မဖိတ်ရန် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ လူမှုအခြေပြု အဖွဲ့အစည်းများက မေတ္တာရပ်ခံခြင်းအား ကမ္ဘောဒီးယားနိုင်ငံက မသိကျိုးကျွံပြုခဲ့သည်။
ဇွန်လ ၂၁ နှင့် ၂၂ ရက်များတွင် ကျင်းပသော အစည်းအဝေးသို့ ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများ တက်ရောက်သည်။ ကမ္ဘောဒီးယားသည် မြန်မာအပါအဝင်ဖြစ်သော ထိုအဖွဲ့တွင် အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည်။
ယမန်နေ့ ဇွန်လ ၂၁ ရက်ည ဖနွမ်းပင်မြို့ Sokha Hotel တွင် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သူ တီးဘန်းက စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို သီးသန့်တွေ့ဆုံခဲ့သေးသည်။
မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ လူမှုအခြေပြုအဖွဲ့အစည်း ၆၇၇ ခုက ထိုစာကို လွန်ခဲ့သော သီတင်းပတ်မှစတင်ပြီး လက်မှတ်ထိုးသည်။ ထိုစာတွင် ASEAN နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများအနေဖြင့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကို အထက်ပါအစည်းအဝေးသို့ မဖိတ်ရန်နှင့် ဖိတ်လျှင် လွန်ခဲ့သောနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် တရားစီရင်မှုမဲ့သတ်ဖြတ်ခြင်း၊ အငြင်းပွားဖွယ် ဖမ်းဆီးခြင်း၊ လုယက်ခြင်း၊ အရပ်သားပိုင်ပစ္စည်းများကို မီးရှို့ခြင်းတို့ကို ကျူးလွန်နေသော စစ်ကောင်စီကို ပိုမိုအတင့်ရဲစေမည်ဖြစ်ကြောင်း ရေးသားထားသည်။
ထိုစစ်ရာဇဝတ်ကောင်သည် အရေးယူမခံရဘဲ စစ်ရာဇဝတ်မှုများကို ကျူးလွန်ရာတွင် တာဝန်ရှိသော စစ်ကောင်စီကို စီမံခန့်ခွဲရာတွင် အဓိကအခန်းမှ ပါဝင်ကြောင်း ဖော်ပြထာသည်။
သို့သော် ကမ္ဘောဒီးယားက ၎င်းသည် အဖွဲ့၏ ဥက္ကဋ္ဌအနေဖြင့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး အပါအဝင် ASEAN ကာကွယ်ရေးဝန်ကြီး အားလုံးကို ဖိတ်ထားကြောင်း သောကြာနေ့တွင် ကြေညာသည်။
“မိမိတို့သည် ယခုနှစ် ASEAN ဥက္ကဋ္ဌဖြစ်သောကြောင့် ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံရှိကြောင်း ပြောကြားထားပြီး ASEAN အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားရန် လိုအပ်သည်။ ASEAN အဖွဲ့ဝင် ၈ နိုင်ငံထံမှ သဘောတူညီချက်လည်း ရထားသည်” ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန၊ မူဝါဒနှင့် နိုင်ငံခြားရေးရာဌာန ညွှန်ချုပ် ဗိုလ်ချုပ်ကြီး နမ်ဆိုဝက်သ်က သတင်းစာ ရှင်းလင်းပွဲတခုတွင် ပြောသည်ဟု ခမာတိုင်းမ်က ဖော်ပြသည်။
မြန်မာစစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် မြန်မာပြည်သူများကို အကြမ်းဖက်နေသောကြောင့် လူပေါင်း ၇ သိန်းနီပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ပြည်သူလူထုက အကြီးအကျယ် ဆန့်ကျင်သောကြောင့် စစ်ကောင်စီသည် လူ ၁,၉၀၀ ကျော်ကို သတ်ပြီး ၁၄,၀၀၀ ကျော်ကို အငြင်းပွားဖွယ် ဖမ်းဆီးထားကာ ညှဉ်းပန်းနှိပ်စက်မှု၊ သိမ်းကြုံးလေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ပစ်ခတ်မှုများကို ကျူးလွန်ကာ ရွာများကို မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို လုယက်နေကြောင်း ထိုစာတွင် ဖော်ပြထားသည်။
နိုင်ငံတကာဥပဒေ ချိုးဖောက်ရာတွင် တာဝန်ရှိသောကြောင့် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နယူးဇီလန်တို့က အရေးယူပိတ်ဆို့ထားသည်။ သူသည် ထိုချိုးဖောက်မှုများအတွက် ကွပ်ကဲသည့် တာဝန်ယူသောကြောင့် အရေးယူရမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ပြောသည်။
တချိန်တည်းတွင် ထိုသို့သော စက်ဆုတ်ဖွယ် ရက်စက်ကြမ်းကြုတ်မှုများအတွက် နောက်ထပ် အထောက်အထားများလည်း ထွက်ပေါ်လာနေသည်။
စစ်ကိုင်းတိုင်းမှ စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်သည့် ဗီဒီယိုတခုကို လွတ်လပ်သောအာရှအသံ (RFA) က ပြီးခဲ့သည့် စနေနေ့တွင် ထုတ်လွှင့်သည်။ ထိုဗီဒီယိုတွင် စစ်သားတယောက်က ၎င်းတို့သည် လူများစွာကို ခေါင်းဖြတ်သတ်ကြောင်း ပြောကြားထားပုံနှင့် ဒေသတခုလုံးမှ စစ်ဆင်ရေးများအကြောင်းကို ပြသထားသည်။
အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက မြန်မာအကျပ်အတည်းကို ဒေသတွင်းအဖွဲ့အစည်းအနေဖြင့် ကိုင်တွယ်ရန် ASEAN သို့ လွှဲအပ်ထားသည်။ သို့သော် ASEAN ၏ မြန်မာအတွက် ငြိမ်းချမ်းရေးအစီအစဉ်သည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ရပ်ဆိုင်းနိုင်ခြင်း မရှိသောကြောင့် ဝေဖန်ခံနေရသည်။
ASEAN သည် စစ်ကောင်စီခေါင်းဆောင်များကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲများသို့ ဖိတ်ကြားခြင်းမပြုဘဲ ယခင်က အရေးယူခဲ့သည်။
တချိန်တည်းတွင် အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများလည်း ဖြစ်ပေါ်နေပြီး မလေးရှားကဲ့သို့သော နိုင်ငံအချို့က အဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံမည့်အစား စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ပိုမိုထိတွေ့ဆက်ဆံရန် တိုက်တွန်းနေသည်။
သို့သော် လက်ရှိဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားနေပြီး ASEAN သွေးစည်းချစ်ကြည်ရေးကိုသာ ဦးစားပေးနေသည်။ မြန်မာပြည်သူများကမူ ကမ္ဘောဒီးယားသည် စစ်ကောင်စီကို တရားဝင်အောင် လုပ်နေသည်ဟုသာ မြင်ကြသည်။
ယခုကျင်းပသည့် ASEAN ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ စစ်ကောင်စီကာကွယ်ရေး အရာရှိများကို ဖိတ်ကြားခြင်းသည် ASEAN ၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး မြန်မာပြည်သူများကို ၎င်းတို့ရသင့်သည့် အသိအမှတ်ပြုမှု ငြင်းပယ်ရာရောက်မည်ဖြစ်ကြောင်း The Diplomat စာစောင်တွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လွန်ခဲ့သောအပတ်တွင် ရေးသားသည်။
“ASEAN ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံသောအခါ ၎င်းတို့အနေဖြင့် မြန်မာမှ စစ်ကောင်စီကို လူထုက လက်နက်ကိုင် ခုခံနေခြင်းကို လျှော့မတွက်လျှင် ပိုမိအသိဉာဏ်ရှိရာရောက်မည်ဖြစ်ကြောင်း” NUG ဝန်ကြီး ဦးရည်မွန်က ရေးသားခဲ့သည်။
ကျယ်ပြန့်ပြီး မတွန့်ဆုတ်သည့် လက်နက်ကိုင်ခုခံမှုကြောင့် တနှစ်ကျော်ကြာလာသည့်တိုင် စစ်ကောင်စီသည် နိုင်ငံကို မထိန်းချုပ်နိုင်ပေ။ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်း၊ ဗဟိုနှင့် တောင်ပိုင်းတို့ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ ထိုဒေသများတွင် ဒေသခံတိုက်ခိုက်ရေးသမားများသည် စစ်ကောင်စီတပ်များကို အကြီးအကျယ် အထိနာစေသည်။
လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန် ပြည်သူများ၏ ဆုံးဖြတ်ချက်သည် အချိန်၊ အကြောက်တရား သို့မဟုတ် အကြမ်းဖက်မှုဖြင့် နှိမ်နင်းနိုင်သည့် မီးတောက်မဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ရေးသားသည်။
“မိမိတို့၏ အင်အားသည် နေ့စဉ်ကြီးထွားနေမည်ဖြစ်သည်” ဟုလည်း သူက ရေးသားခဲ့သည်။
You may also like these stories:
ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
ထိုင်းဝန်ကြီးချုပ်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး တွေ့ဆုံမှုနောက်ကွယ်
ယခုလကုန် ASEAN အထူးသံတမန် မြန်မာသို့ ထပ်လာမည်