အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်အား ယနေ့ နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးက ထောင် ၁၅ နှစ် ချလိုက်သည်။
NLD အစိုးရလက်ထက် နေပြည်တော်ရှိ စီးပွားရေးဇုန် မြေကွက်များ ချထားပေးနှင့် ပတ်သက်၍ ဒေါက်တာ မျိုးအောင် အား စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အမှု ၅ ဖြင့် တရားစွဲဆိုခဲ့ရာ တမှုလျှင် ၃ နှစ်နှုန်းဖြင့် ထောင် ၁၅ နှစ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ နေပြည်တော် ဒုတိယ မြို့တော်ဝန် တာဝန်ယူ ခဲ့သူ ဦးရဲမင်းဦးကိုလည်း ထပ်မံ၍ အဂတိမှု တမှုဖြင့် ထောင်သုံးနှစ် ချလိုက်သည်။
ဒေါက်တာ မျိုးအောင်မှာ ယခင်ကလည်းက စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ထားမှု အတွက် ထောင် ၂ နှစ် ချမှတ်ခံထားပြီး ဖြစ်သဖြင့် ၎င်းအပေါ် ထောင်ဒဏ်ချမှတ်မှုမှာ စုစုပေါင်း ၁၇ နှစ် ရှိလာပြီဖြစ် သည်။
ယင်းပြင် ဦးရဲမင်းဦးအနေဖြင့်လည်း ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်ကလည်း အဂတိမှု ၅ မှုဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံထားရသည့်အတွက် လက်ရှိတွင် ၎င်းအပေါ် ထောင်ဒဏ်ချမှတ်ထားမှုမှာ စုစုပေါင်း ၁၈ နှစ် ရှိလာပြီ ဖြစ်သည်။
၎င်းတို့ နှစ်ဦးအနေဖြင့် လတ်တလောတွင် နေပြည်တော် အချုပ်ထောင်အတွင်း ချုပ်နှောင်ခံထားရပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် ပူးတွဲကာ အဂတိမှုများဖြင့် တရားစွဲဆိုခံထားရမှုများကိုလည်း ဆက်လက် ရင်ဆိုင်ရဦးမည်ဖြစ်သည်။
ဦးရဲမင်းဦးအနေဖြင့် NLD ပါတီ အစိုးရလက်ထက်တွင် နေပြည်တော် ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည့်အပြင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာ ဝန်ယူခဲ့ပြီး၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရ ခဲ့ကာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဖြစ်လာရန် ရေပန်းစားခဲ့သူလည်း ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်တော့မလား
ဦးရဲမင်းဦးအား အဂတိမှုဖြင့် ထောင် ၁၅ နှစ်ချ