အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ဝယ်ယူထားသည့် စစ်လက်နက်ပစ္စည်း ပမာဏ၏ ၆ပုံ ၁ပုံခန့် ကိုသာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ဒေသကာကွယ်ရေးတပ်များထံ ထောက်ပံ့န်ိုင်သေးကြောင်း NUG ၏ ဆက်သွယ် ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ယမန်နေ့ သတင်းစာရှင်းလင်း ပွဲတွင် ပြော သည်။
ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၏ လက်နက်ခဲယမ်း လိုအပ်ချက် တောင်းဆိုမှု များနေချိန် NUG အနေဖြင့် ပံ့ပိုးထောက်ပံ့ထားသည့် အခြေအနေများအား ထုတ်ပြောဆိုရန် မရှိကြောင်း၊ သို့သော် ပေးပို့ထားသည့် လက်နက်များ ကြောင့် ယခင်ထက် အင်အားကောင်းလာပြီဟု ဆိုလိုက်ပြီး ဆက်လက်ထောက်ပံ့မှုများလည်း ပြုလုပ်မည်ဖြစ် ကြောင်း လည်း သိရသည်။
“ရထားတဲ့ ဘက်ဂျက်ပေါ် မူတည်ပြီး လက်နက်ဝယ်ရေး၊ PDF တွေဆီကို စနစ်တကျနဲ့ လက်နက်ဖြန့်ဖြူးရေး ဆောင် ရွက်နေတာ ရှိပါတယ်။ PDF တွေ Local PDF တွေဆီကို လက်နက်ထောက်ပံ့မှုက ကျနော်တို့ ဝယ်ယူထားတဲ့ သုံးစွဲ ငွေရဲ့ ၆ ပုံ ၁ ပုံလောက်ပဲ ရောက်သေးတယ်၊ ကျန်တာတွေက ဆက်ပြီးတော့လည်း ပံ့ပိုးပေးသွားမှာ ဖြစ်တယ်” ဟု သူက ဆက်ပြောသည်။
တိုက်ပွဲပြင်းထန်သည့် ဒေသများသို့ ဦးစားပေး လက်နက်ထောက်ပံ့ရသဖြင့် တော်လှန်ရေးပြင်းထန်မှု မရှိသည့် ဒေသ များသို့ ထောက်ပံ့မှုမှာ အနည်းအကျဉ်းသာ ရှိသေးကြောင်း သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များတွင်လည်း ဂရုတစိုက် ဆောင်ရွက်နေရသည့်အတွက် ကြန့်ကြာမှုများ ရှိနေကြောင်း လည်း NUG ဘက်က ဆိုသည်။
NUG Press Secretary Team မှ ကိုနေဘုန်းလတ်ကလည်း တော်လှန်ရေး အသုံးစရိတ်အနေဖြင့် လစဉ် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် လိုအပ်ရာ NUG အနေဖြင့် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ရန်ပုံငွေရှာဖွေလျက်ရှိကြောင်း၊ လုပ်ငန်းရှင် များအနေဖြင့်လည်း တော်လှန်ရေး တာဝန်တရပ်အနေဖြင့် NUG အစိုးရထံ အခွန်ပေးဆောင်ကြရန်လည်း တိုက်တွန်းကြောင်း ပြောသည်။
လတ်တလောတွင် အာဏာသိမ်း စစ်ခေါင်းဆောင် သိမ်းပိုက်ရယူထားသည့် ရန်ကုန်မြို့ရှိ အိမ်နှင့်ခြံရောင်းချမှုမှ အမေရိ ကန် ဒေါ်လာ ၇ သန်းကျော်နှင့် ငွေတိုက် စာချုပ်များရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်းခန့်ရရှိထားရာတွင် ယင်း ထဲမှ ၉၅ ရာခိုင်နှုန်းအား ကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးပြုထားကြောင်းလည်း ၎င်းက ပြောသည်။
ရန်ပုံငွေရှာဖွေ အစီအစဉ်အနေဖြင့် စစ်ခေါင်းဆောင် သိမ်းယူထားသည့် ရန်ကုန်မြို့မှ နေအိမ်တလုံးကိုလည်း ထပ်မံ၍ လေလံတင် ရောင်းချဦးမည်ဖြစ်သည့်အပြင် ရန်ကုန်မြို့ အချက်အချာနေရာမှ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသည့် နေရာတချို့ကိုလည်း နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံအပါအဝင် စိမ်းလန်းဧရိယာတခုအဖြစ် ဆောင်ရွက် မည့် စီမံကိန်းတခုကိုလည်း မကြာမီ စိတ်ဝင်စားမှု အဆိုပြုလွှာ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရ သည်။
NUG အစိုးရ သက်တမ်း တနှစ်ကျော်လာချိန်တွင် PDF များ၏ လေ့ကျင့်စုဖွဲ့မှု၊ ကွပ်ကဲမှု၊ လက်နက်တပ်ဆင် ထုတ် လုပ်မှုများ ပိုမိုအား ကောင်းလာပြီး Professional Army တရပ်အဖြစ် တဖြည်းဖြည်း ပုံပေါ်လာလျက်ရှိရာတွင် ယခု ကာလအတွင်း ပြောက်ကျားစစ် သာမက လိုအပ်ပါက တပ်ရင်းအလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေ အထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ကိုနေဘုန်းလတ်က ပြောသည်။
ယင်းပြင် ထိန်းချုပ်နယ်မြေအနေဖြင့်လည်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း) ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးလက်ဒေသ ၈၀ ရာခိုင်နှုန်းခန့်အား စိုးမိုးထားနိုင်ပြီး တိုင်ရင်းသား လက်နက်ကိုင်(EROs) ဒေသ များတွင် စစ်ရေး လှုပ်ရှားမှုများနှင့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုများ ပိုမိုအားကောင်းလာကြောင်းလည်း NUG က ပြော သည်။
ကိုနေဘုန်းလတ်က “စစ်ကောင်စီတပ်တွေဟာ ဒီလမ်းတွေကို သွားလာအသုံးပြုနိုင်ခြင်း မရှိတော့ဘူးပေါ့နော်၊ တပ် တွေ အလုံးအရင်းနဲ့ လုံခြုံရေးအပြည့်နဲ့ အများကြီး ထိုးဖောက်ဝင်ရောက်တာမျိုးတွေပဲ လုပ်နိုင်ပြီးတော့ အခြား အနည်းအကျဉ်း ဖြတ်သန်းသွားလာလို့၊ အသုံးပြုလို့ မရတော့တဲ့ အနေအထားမျိုးဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် NUG က တစိတ်တပိုင်းအားဖြင့် စိုးမိုးထားနိုင်ကြောင်း ပြောဆိုသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် ကျေးရွာအများအပြား စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးခံနေရပြီး ဒေသခံပြည်သူ သိန်းနှင့်ချီကာ စစ်ဘေးရှောင်နေ ရပ် စွန့်ခွာ ထွက်ပြေးနေရသည်။
NUG က ထုတ်ပြန်ခဲ့သည့် စာရင်းများအရလည်း နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီတပ်များ၏ မီးရှို့ ဖျက်ဆီးခံရမှုအနေဖြင့် စစ်ကိုင်းတိုင်းတွင် နေအိမ် ၁၃၈၄၀ အိမ်နှင့် မကွေးတိုင်းတွင် နေအိမ် ၃၀၅၅ အိမ်ဖြင့် အများ ဆုံး ဖျက်ဆီးခံထားရသည်။
ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့်လည်း အပြည့်အဝ ထိန်းချုပ်ထားသည့်ဒေသတွင် လူထုအား ကာကွယ် ပေးနိုင်သော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသည့် ဒေသများတွင် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိ သေးသည့်အတွက် ဒေသခံလူထုမှာ အထိနာလျက်ရှိပြီး ယင်းအခြေအနေအပေါ်တွင် ဒေသခံလူထု ထိခိုက်နစ်နာမှု လျော့နည်းစေရေး စစ်ရေးဗျူဟာအရ ပြောင်းလဲမှုအခြေအနေများကိုလည်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိနေကြောင်းလည်း NUG က ပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ယနေ့တိုင် ခုခံတော် လှန်မှု ဆက်လက် အားကောင်းနေဆဲဖြစ်သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များစွာမှာ လက်လုပ် လက်နက် ပစ္စည်းများဖြင့်သာ ရုန်းကန် ရပ်တည်နေကြရပြီး မောင်းပြန် သေနတ်ကဲ့သို့သော ခေတ်မီလက်နက်၊ ခဲယမ်း လို အပ်ချက် များစွာ ရှိနေသည်။
You may also like these stories:
နောက်တဆင့်ကို တက်မယ်ဆို အမိန့်ပေးကွပ်ကဲမှုစနစ်က အင်မတန်အရေးကြီးတယ်
ဝက်လက်၌ စစ်ရှောင်တို့၏ ယာယီတဲများကို စစ်တပ်မီးရှို့
စစ်ကောင်စီ သတိပေးချက် လိုက်နာမည်မဟုတ်ဟု KNU တုန့်ပြန်