ဖမ်းဆီးခံထားရသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်အဖြစ် ဖမ်းဆီးထားရာနေရာမှ ဇွန် ၂၂ ရက် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်အတွင်းရှိ သီးခြားအဆောက်အအုံငယ်တခုတွင် တယောက်တည်း ချုပ်နှောင်ထားမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အထူးစုံစမ်း စစ်ဆေးရေးဌာနက ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေများအား နေရာရွှေ့ပြောင်းမည့် အစီအစဉ်ကို အင်္ဂါနေ့က နေပြည်တော် အထူးသီးသန့် တရားရုံး ရုံးထုတ်စစ်ဆေးမှုအတွင်း ပြောဆိုခဲ့သည်။
အဆိုပါ အထူးသီးသန့်တရားရုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဒါဇင်နှင့်ချီသည့် တရားစွဲဆိုမှုများ ပြုလုပ်ရာ နေရာဖြစ်ပြီး အချုပ်ထောင်သို့ ပြောင်းရွှေ့ရသည့် အကြောင်းအရင်းကို ရှင်းလင်းစွာ ပြောကြားမှု မရှိပေ။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးသည့် တနင်္ဂနွေနေ့ကမှ အသက် ၇၇ နှစ်ပြည်ခဲ့ပြီး မြန်မာစစ်ကောင်စီက အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ နေအိမ်အကျယ်ချုပ် ချထားသည်။ ယင်းနောက် ၂၀၂၁ ဧပြီလတွင် နေပြည်တော်ရှိ အမည်မသိ နေရာတနေရာသို့ ရွှေ့ပြောင်းခဲ့သည်။
ယခင်စစ်အစိုးရ လက်ထက်ကမူ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ကြာ နေခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသည်။
ယခုကဲ့သို့ အကျဉ်းထောင်သို့ အပို့ခံရခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းကလည်း ထိုအချိန်က စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အိမ်အတွင်း အမေရိကန်နိုင်ငံသား တဦး ကျူးကျော်ဝင်ရောက်မှုနှင့် ပတ်သက်၍ နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်သည်ဟု ဆိုကာ သူမကို အင်းစိန်ထောင်သို့ ၄ လကြာသည်အထိ ပြောင်းရွှေ့ ချုပ်နှောင်ထားခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် အကျဉ်းထောင်သို့ ဗုဒ္ဓဟူးနေ့တွင် ပြောင်းရွှေ့ပြီးနောက် အကျဉ်းထောင်အတွင်းရှိ အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုများအားစစ်ဆေးခြင်းကို ဆက်လက် ပြုလုပ်မည်ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီက စွပ်စွဲသည့် အမှုများဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က ယင်းထောင်ဒဏ်များထဲမှ ၂ နှစ်အား လျှော့ပေါ့ပေးကြောင်း ကြေညာထားရာ စုစုပေါင်း ၁၁ နှစ် ချခံထားရသည်။
အကယ်၍ စွဲချက်အားလုံးတွင် ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါက ဒေါ်အောင်ဆန်းစုကြည် နှစ် ၁၀၀ ကျော် ထောင်ချခံရမည် ဖြစ်ပြီး သူမ၏ ဘဝတသက်တာလုံးသည် အကျဉ်းထောင်နံရံများ၏ နောက်ကွယ်တွင် ကုန်ဆုံးရသွားရနိုင်သည်။
ပြီးခဲ့သည့်နှစ် နေအိမ်အကျယ်ချုပ်ကျစဉ် ကာလကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အိမ်အကူ ၇ ဦးအပါအဝင် သူမွေးထားသည့် ခွေးကလေးနှင့် အတူ ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ပို့လိုက်ပြီးပါက သူမ၏ အိမ်အကူများကို ပြန်လွှတ်မည် သို့မဟုတ် ဆက်လက် စောင့်ရှောက်ခွင့်ပေးမည်မှာ ရှင်းလင်းစွာ မသိရသေးပေ။
အသက်အရွယ်ကြီးရင့်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်အတွင်း ပြောင်းရွှေ့ချုပ်နှောင်ခြင်းသည် သူမ၏ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ ကိစ္စလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နည်းတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း ဗုဒ္ဓဟူးနေ့တွင် နေအိမ်အကျယ်ချုပ်ချထားရာမှ နေပြည်တော် အချုပ်ထောင်သို့ ပို့ဆောင်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီက သီးခြားအတည် မပြုနိုင်သေးပေ။
ယခုကဲ့သို့ ထောင်သို့ ရွေ့ပြောင်းချုပ်နှောင်ခံရမည့်အခြေအနေနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်လည်း ကြိုတင်မှန်းဆထားပုံရပြီး အမှန်တကယ်ထောင်သို့ ပြောင်းရွှေ့ရပါက ၎င်း၏စာအုပ်များနှင့် ပစ္စည်းများအား သီးခြားနေရာသို့ ရွေ့ပြောင်းနိုင်ရန် နီးစပ်သူအချို့အား ကြိုတင်တာဝန်ပေးစီမံထားကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
You may also like these stories:
သေဒဏ်ကျ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူများ အသက်ရှင်ခွင့် ရှိရမည်
နိုင်ငံတကာက စိတ်မဝင်စားကြတော့တဲ့ မြန်မာ့ခေါင်းဆောင်ရဲ့မွေးနေ့နှင့် အတွေးများ
ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်
မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်