ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက ပညာရေးဝန်ထမ်း ၂ ဦးအတွက် မြို့နယ်ပညာရေးဌာနမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး တကာငွေသိန်း ၃၀ နှင့် ညီမျှသည့် ငွေကျပ်သိန်း ၆၀၀ ပြန်ပေးဆွဲသူများထံ ပေးခဲ့သဖြင့် ပြန်လည် လွတ် မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။
သင်္ဘောလှမူလွန်ကျောင်းအုပ် ဦးဘိုဝင်းနှင့် လက်ထောက် ဆရာမ ဒေါ်ဥမ္မာကျော်တို့မှာ ဇွန်လ ၁၆ ရက် နေ့လယ်ပိုင်း က ပညာရေးမှူးရုံးက ခေါ်ယူခဲ့သဖြင့် မောင်တောမြို့ပေါ်သို့ ဆိုင်ကယ်နှင့် လာရောက်စဉ် မောင်တော- တောင်ပြိုကား လမ်းရှိ ဇီးပင်ချောင်းကျေးရွာအနီး၌ ပြန်ပေးဆွဲခံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ၎င်းတို့နှစ်ဦးမှာ ဇွန်လ ၂၂ ရက်တွင် ပြန်လည် လွတ်မြောက်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ကော့စ်ဘဇားခရိုင်၊ ခြံချောင်း ရခိုင်တိုင်းရင်းသားကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ မရှိခဲ့ကြောင်း သတင်း ရရှိသည်။
ထိုသို့ ပြန်ပေးဆွဲခံ ပညာရေးဝန်ထမ်း၂ ဦး ပြန်လည် လွတ်မြောက်လာသည့်အတွက် ယနေ့ မနက်ပိုင်းတွင် မောင် တောဒေသခံများနှင့် ပညာရေး အသိုင်းအဝိုင်းမှ ဆရာ/မများ စုပေါင်းကာ နှစ်နိုင်ငံနယ်စပ်ဒေသတခု ဖြစ်သည့် ငါးခူရ ကျေးရွာမှ သွားရောက် စောင့်ဆိုင်းနေကြောင်း ၎င်းတို့အရေး ကူညီဆောင်ရွက်ပေးနေသည့် နံ့သာတောင် ဆရာတော် က ဧရာဝတီသို့ မိန့်သည်။
၎င်းက “သူတို့ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရခိုင်ခြံချောင်းကျေးရွာမှာ ရောက်နေပြီ။ သူတို့ကို ငါးခူရဘက်က ပြန်လွှဲပေးမယ်။ ဟိုဘက်က ဒေသခံ ရွာသားတွေက လာလွှဲပေးမှာ။ ကိုယ်တော်တို့ အခု ငါးခူရဘက်ကို သွားနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပညာရေး ဝန်ထမ်း ၂ ဦး ပြန်လည် လွတ်မြောက်လာသော်လည်း လတ်တလော၌ ပြန်ပေးဆွဲခံရသည်ဆိုသည့် အခြေအနေများအပါအဝင် လွတ်မြောက်လာသည့် အခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ပညာရေး ဝန်ထမ်း နှစ်ဦး လွတ်မြောက်ရန်အတွက် ရခိုင်ပြည်နယ်ရှိ ပါတီများ၊ ဆရာ/ ဆရာမများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသလို ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ် ခဲ့သည်။
You may also like these stories :
မြောက်ဦး စရဖ တရုံးလုံး AA ဖမ်းသွား
ရဲ ၃ ဦးကို AA ဖမ်းသွားပြီးနောက် စစ်ကောင်စီက တအိမ်တက်ဆင်းရှာဖွေနေ
ရခိုင်စစ်မျက်နှာ ပြန်ဖွင့်ရန် စစ်ကောင်စီ ပြင်နေဟု AA ပြော