နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက်ပိုင်းက နေပြည်တော်အချုပ်ထောင်အတွင်းရှိ အထူးသီးသန့်တရားရုံးတွင် ပထမဆုံး စတင်ရုံးထုတ်စစ်ဆေးသည်။
စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အား သီးခြားနေရာတွင် အိမ်အကူများနှင့်အတူ ချုပ်ထားရာမှ ယမန်နေ့က နေပြည်တော်အချုပ်ထောင်သို့ ပြောင်းလိုက်ခြင်း ဖြစ်သည်။
လတ်တလော ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ ထောင်သို့ ပြောင်းခြင်းဖြစ်ပြီး ယခင်အတူနေသည့် အိမ်အကူ များ မပါကြောင်း၊ လက်ရှိ ထောင်အတွင်း၌ ဒေါ်အောင်ဆန်းစု ကြည်နှင့်အတူ ရဲမေ ၃ ဦးအား အစောင့်ချထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတဦးက “နေပြည်တော် ထောင်ဝင်းထဲက အမျိုးသမီးဆောင်နားမှာ သီးသန့်ထားတယ် လို့ သိရတယ်။ နေရာက အတော်အသင့် ကျယ်ပါတယ်လို့လည်း သိရတယ်။ ရွှေ့တာကလည်း သူတယောက်ထဲပဲ။ တခြား အတူနေခဲ့သူတွေ မပါဘူး” ဟု ပြောသည်။
ထောင်အတွင်းရွှေ့ပြောင်းပြီးနောက် ပထမဆုံး ရုံးထုတ်သည့် ယနေ့တွင် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်နှင့်အတူ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲထားသည့် အမှုကို ပြန်ခေါ်သက်သေ ရဲမှူးအောင်ကျော်ဆန်းနှင့် ဦးညွန့်ဝင်းမောင် တို့ကိုစစ်ဆေးသည်။
ထောင် ၁၄ နှစ်ထိ ချနိုင်သည့် အဆိုပါအမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ရှောင်တာနယ်တို့နှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နှင့် စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း အမှုတွဲအဖြစ် ပါဝင်နေပြီး ပြီးခဲ့သည့် ဇွန် ၉ ရက်က အမှုအား စွဲချက်တင်ခဲ့သည်။
စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အမှုများစွာဖြင့် တရားစွဲထားသည့်အနက် အမှု ၆ မှုဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချခံထားရသည်။
ယင်းသို့ ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သဘောဖြင့် အိမ်အကူများနှင့် အတူ ထားရာမှ ထောင်အတွင်းသို့ ပြောင်းရွှေ့ချုပ်နှောင်ရန် စစ်ကောင်စီက ယခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့ ခြင်း ဖြစ်ပြီး လက်ရှိအမှုများစစ်ဆေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အား ထားရှိရန်နေရာတို့အား ပြင်ဆင်တည်ဆောက် ပြီးစီးပြီး ဖြစ်သည့်အတွက် ရွှေ့ပြောင်းလိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း သူအား ထောင်သို့ ရွှေ့ပြောင်းခံရမည့် အခြေအနေကို ကြိုတင်ခန့်မှန်းမိသည့် သဘော ရှိပြီ သူ့အနေဖြင့် ထောင်သို့ရွှေ့ပြောင်းရပါက ကျန်ရှိသော ပစ္စည်းများအား ရွှေ့ပြောင်းပေးရန် နီးစပ်သူ ၂ ဦးအား ၎င်း ကိုယ်တိုင် လက်မှတ်ထိုးကာ တာဝန်ပေး စီမံထားကြောင်းလည်း နီးစပ်သူတဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မြန်မာပြည်အကျပ်အတည်းနှင့် ပတ်သက်၍ သက်ဆိုင်သူအားလုံး ပါဝင် သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရှိရန် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ တောင်းဆိုနေသည့်ကြားမှ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အား ထောင်တွင်း သို့ပင် ထပ်မံပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံရေးလေ့လာသူတဦးက “နိုင်ငံတကာက ကိုယ်စားလှယ်တွေ ဘယ်လောက် တောင်းဆိုတောင်းဆို အခု ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝိုင်းထိုင်ဖို့ဆိုတာတွေက အခု ထောင်ထဲကို ပြောင်းရွှေ့လိုက်တဲ့ အကြောင်းအချက်က အဲဒါတွေရဲ့ ဖြစ်နိုင်ခြေဟာ ပို၍ပို၍ နည်းပါးသွားတယ်။ဒေါ်အောင်ဆန်းစုကြည်ကို တရားခံ တယောက်လို ထောင်သွင်းအကျဉ်းချထားတယ်ဆိုတဲ့ အနေအထားက အခု စစ်ကောင်စီရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားကို ဖော်ပြနေတယ်လို့ ကောက်ချက်ချပါတယ်” ဟု ပြောသည်။
ထို့ပြင် ယခုလုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ သိက္ခာချပြီး တရားခံတဦးသဖွယ် ပိုမိုပေါ်လွင်အောင် အစီအစဉ်ရှိရှိ လုပ်ဆောင်ချက်တခုသာ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုဘိုကြည်က “အကျဉ်းထောင်က ပိုလုံခြုံတယ်လို့ သူတို့ထင်တာ ဖြစ်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီး စိတ်ပိုင်းရုပ်ပိုင်း ဒုက္ခပိုပေးချင်လို့လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ပတ်ဝန်းကျင်နဲ့ ပိုအဆက်ဖြတ်ချင်တာလည်း ပါနိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကမူ ဒေါ်အောင်ဆန်းစုကြည်အား သက်ဆိုင်ရာ တရားရုံးများက တရားစီရင်ပြီး ဖြစ်သည့် အတွက် ပြစ်မှုဆိုင်ရာ ဥပဒေများအရ ထောင်သို့ပြောင်းရွှေ့လိုက်သည်မှာ မှန်ကန်ကြောင်းသာ ထုတ်ပြန်ပြောဆိုထားသည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကပင် အသက် ၇၇ နှစ် ပြည့်ခဲ့ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်အား မူလချုပ်နှောင်ထားသည့် နေရာမှ ပိုမိုဆိုးဝါးနိုင်ဖွယ်ရှိသော ထောင်အတွင်းသို့ ပြောင်းရွှေ့လိုက်ခြင်းကြောင့် ၎င်း၏ ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်ပြီး နီးစပ်သူများက စိုးရိမ်နေကြသည်။
အကျဉ်းထောင်နှင့်နီးစပ်သူက “သူ့အသက်အရွယ်နဲ့ကတော့ မသင့်လျော်တဲ့၊ မလုပ်သင့်တဲ့ အနေအထားတခုပဲလို့ ပြည်သူ တရပ်လုံးကတော့ မြင်နေပြီးတော့ စိတ်မချမ်းသာမှု ကြီးစွာ ဖြစ်နေကြပါတယ်” ဟု ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ စစ်ကောင်စီ၏ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လည်း နေပြည်တော်အချုပ်ထောင်တွင်း ယမန်နေ့ကပင် ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း အတည်ပြု၍ မရသေးပေ။
မနက်ဖြန် ဇွန် ၂၄ ရက်တွင် သမ္မတဦးဝင်းမြင့်အား ရုံးထုတ်စစ်ဆေးရန် ရုံးချိန်းများ ရှိနေသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်တော့မလား