သတင်း

ကန့်ဘလူ မင်းကုန်းရွာကို ပျူစောထီးများ အကြမ်းဖက်ဖိနှိပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ်ရှိ မင်းကုန်း(ခ) ကျေးရွာတွင်း သတင်းများ ပေါက်ကြားပါ က သတ်ခံရမည်ဟု ပျုစောထီးအဖွဲ့များက ခြိမ်းခြောက်နေသကဲ့သို့ ဇွန် ၂၀ ရက် ညပိုင်းကလည်း တအိမ်တက်ဆင်း စစ်ဆေးပြီး ဖုန်းအလုံးရေ ၄၀ ကျော်ကို သိမ်းယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

မင်းကုန်း(ခ) ကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်၊ အိမ်ထောင်စု ၂၂၀ ကျော်ထိရှိပြီး ပျူစောထီးများ အားကောင်းသည့် ရွာ တရွာ ဖြစ်ကြောင်း၊ ယခုအခါ ကန့်ဘလူမြို့အဝင်တွင် အထိုင်ချသည့် အမှတ် ၆၀၀၆ အမြောက်တပ်ခွဲမှ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၃ ဦး ဦးဆောင်သည့် နေထက်လင်း (စစ်ကောင်စီခန့် အုပ်ကြီး)၊ ရွှေသဲ၊ ခင်မောင်ဝင်း၊ ဘိုနိုင်၊ ညီညီတို့ ပါဝင်သော အင်အား ၄၀ ခန့်ပါ ပျုစောထီးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတဦးက “အဲဒီနေ့ ည ၉ နာရီကျော်လောက်ကစပြီး အိမ်တွေထဲဝင် ဖုန်းတွေကို စစ်ကြတာ။ Contact နံပါတ်တွေကို အဓိထား စစ်တယ်။ အခြားဟာတွေလည်း စစ်တာပေါ့။ ရွာထဲက ဖြစ်နေတာတွေကို အပြင်သတင်းပေါက်တာ ရွာထဲက သတင်းပေး ရှိနေလို့ပဲဆိုပြီး ဆဲဆို ခြိမ်းခြောက်တာတွေလည်း လုပ်ကြတယ်။ ဖုန်းအလုံး ၄၀ ကျော်လောက် သိမ်းသွားကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မင်းကုန်း (ခ) ကျေးရွာမှ ပျူစောထီးအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ၏ နေအိမ် ၅၈ လုံးကို ၁ အိမ်လျှင် ၁ သိန်းကျပ်နှုန်း ပေးဆောင်ရန် ဆက်ကြေး ကောက်ခံနေကြောင်းနှင့် NLD ပါတီ ရပ်ကျေးစည်းရုံးရေးမှူး နေအိမ်အား ဝင်စီးပြီး လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သလို နွား ၂ ကောင်ကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။

ထိုသို့ လုပ်ဆောင်ခဲ့ခြင်းမှာ မင်းကုန်း(ခ) ကျေးရွာ NLD ပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးညွန့်ဝင်းနိုင်က မီဒီယာများသို့ ပြောကြားခဲ့ခြင်းများကြောင့်ဟုဆိုသည်။

ဦးညွန့်ဝင်းနိုင်က “သူတို့ အဲဒီလိုလုပ်တာ အဓိကတော့ ကျနော်နဲ့ ဆက်သွယ်လို့ပေါ့။ ကျနော်ကနေတဆင့် ရွာရဲ့သတင်းတွေကို မီဒီယာတွေ မှာ ဖြေပေးနေတာမို့ သတင်းတွေ ပေါက်ကြားတယ်ဆိုပြီး အခုလို လုပ်တာပဲ။ ကျနော်တို့နဲ့ ဆက်သွယ်ရင် သတ်မယ်လို့ လည်း ခြိမ်းခြောက်ထားကြတယ်။ အဓိကတော့ ရွာဘက်ကသတင်းတွေ ကျနော်တို့ဆီကို မရောက်နိုင်အောင်နဲ့ ထပ်ပြီး လည်း မလုပ်ရဲအောင် ခြိမ်းခြောက်နေတာလို့ သုံးသပ်တယ်။ ပြီးတော့ ရွာမှာက စစ်သားအစစ်က ၃ ယောက်ပဲ ရှိတယ်။ ကျန်တာက ရွာခံပျုစောထီးကောင်တွေ” ဟု ပြောသည်။

အဆိုပါ ပျူစောထီးအဖွဲ့သည် မင်းကုန်း(ခ) ကျေးရွာ အဝင်အထွက်တွင်လည်း လုံခြုံရေး အကြောင်းပြချက်ဖြင့် ဂိတ်များ ဖွင့် ထားပြီး ကျေးရွာအတွင်းရှိ ဦးသောင်းဉာဏ်နေအိမ်တွင် ဘန်ကာများ တည်ဆောက်ကာ စခန်းချထားကြောင်း၊ ယင်းပျူစော ထီးအဖွဲ့အား စစ်ကောင်စီက ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ် (G3) သေနတ် အလက် ၂၀၊ တထောင့်ထိုးသေနတ် ၁၀ လက် နှင့် ခဲယမ်းအပြည့်အစုံ တပ်ဆင်ပေးထားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ယခုအခါ ကျေးရွာနေ ပြည်သူများ အနေဖြင့်လည်း ကျေးရွာအဝင်အထွက် အဓိက ဂိတ်ပေါက် ၄ ပေါက်တွင် ပျုစောထီး အဖွဲ့များနှင့်အတူ ညစဉ် ကင်းစောင့်ပေးနေရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက “ကျေးရွာရဲ့ လုံခြုံရေးဆိုပြီး ညဆိုရင် သူတို့နဲ့အတူ ကင်းစောင့်ခိုင်းတာတွေလည်း ရှိတယ်။ ပျုစောထီး အဖွဲ့ဝင်ဆိုရင် သေနတ် ကိုင်ရတယ်။ ရွာသားတွေကတော့ ဒီအတိုင်း စောင့်ရတာပေါ့။ ရွာအဝင်အထွက် ဂိတ်တွေမှာ စောင့်ရတာပါ။ အဲဒီ အပေါ် ကျေနပ်လား၊ ကြည်ဖြူလားဆိုတော့ ဘယ်လိုပြောရမလဲ နီးရာဓားကို ကြောက်နေရတယ်လို့ ပြောရမှာပေါ့” ဟု ဆိုသည်။

ဇွန် ၂၁ ရက်ကလည်း ပျုစောထီးများ ဦးစီးပြုလုပ်သည့် အန္တရာယ်ကင်း ပရိတ်တရားနာပွဲကို ကန့်ဘလူနယ် ပျူစောထီးအဖွဲ့ များ၏ ခေါင်းဆောင် မှော်တော်ကျောင်းထိုင်ဆရာတော် ဦးဝါသဝ၊ ရွှေဘိုမြို့ သုဇာတရာမကျောင်းတိုက် ဆရာတော် ဦးသုဇာတ (မင်းကုန်း (ခ) ရွာသား ပျူစောထီးညွန့်လှိုင်၏ အစ်ကိုရင်း) တို့ ဦးဆောင်သော သံဃာတော်များ ကြွရောက်ခဲ့ကြောင်း သိရသည်။

ယင်းပရိတ်တရားနာပွဲအား ပျူစောထီး နွားပွဲစားများဖြစ်သည့် ဇော်ဝင်းသန်းနှင့် ဇော်ငြိမ်းဝင်း (စစ်ကောင်စီခန့် အုပ်ကြီး နေထက်လင်း၏ အစ်ကို) တို့က သိမ်းယူထားသည့် နွားများကိုပေါ်ပြီး အမဲသား အချိန် ၁၀၀ စီစဉ်ပေးခဲ့ကြောင်း၊ ဦးညွန့် ဝင်းနိုင်၏ ခိုင်းနွား ၂ ကောင် အပါအဝင် ဒေသခံများ၏ နွား ၁၄ ကောင်နှင့် ကျွဲ ၂ ကောင်ကို ပျူစောထီးများက သိမ်းယူ ထားခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

ယခုအခါ မင်းကုန်း (ခ) ကျေးရွာနေ NLD အမာခံများအနက် မိသားစုလိုက် ထွက်ပြေး တိမ်းရှောင် နေရသည့် အိမ်ထောင်စု ပေါင်း ၁၃ စုခန့်ရှိပြီး အဆိုပါ မိသားစုများအား ကျေးရွာအတွင်း ပြန်လည်ဝင်ရောက် နေထိုင်ခြင်း မရှိပါက ပိုင်ဆိုင်မှုများကို သိမ်းမည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း သိရသည်။

ဦးညွန့်ဝင်းနိုင်က “ရွာထဲမှာ လုံး၀ မိသားစု မရှိတော့တဲ့ အိမ်တွေနဲ့ ကျွဲ၊ နွား၊ လယ်ယာတွေကိုလည်း သူတို့ အဖွဲ့ပိုင်အဖြစ် သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်ထားကြတယ်။ ရွာကနေ မိသားစုလိုက် ရှောင်နေတဲ့ သူတွေကို ရွာကိုပြန်လာနေဖို့ ခေါ်တဲ့ သဘောပဲ။ တိမ်းရှောင်နေကြတဲ့ မိသားစုတွေကတော့ အသက်တော့ အသေမခံနိုင်ဘူး။ သူတို့ လုပ်ချင်တာလုပ်ဆိုပြီး အဟောသိကံ ပစ်ထားကြရတော့ တာပေါ့။ ကျနော်ကတော့ ဘယ်လို အကြောင်းပြချက်နဲ့မှ ပြန်ဝင်လို့ မဖြစ်ဘူးလေ။ ပြန် ဝင်တာနဲ့ အဖမ်းခံရနိုင်သလို အသက်အန္တရာယ်လည်း ရှိနိုင်တယ်လေ” ဟု ပြောဆိုသည်။

ကန့်ဘလူမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသည့် မင်းကုန်း (ခ) ကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုများ မရှိဘဲ ဒေသခံပျူစောထီးများက ကြီးစိုးနေခြင်း ဖြစ်ကြောင်း၊ ကျေးရွာသား ၃ ဦးကိုလည်း ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ် ပြီး အလောင်း ပြန်မရခဲ့သည့် ဖြစ်စဉ်များလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

You may also like these stories:

ကန့်ဘလူ မင်းကုန်း(ခ) ရွာတွင် ပျုစောထီးများက ဆက်ကြေးကောက်နေဟုဆို

ကန့်ဘလူတွင် စစ်ရှောင် ၂ သောင်းကျော် ရိက္ခာနှင့် ဆေးဝါး အရေးပေါ်လိုအပ်နေ

ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ

Loading