အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အား နေပြည်တော် အချုပ်ထောင်တွင်း အထူးတရားရုံးတွင် ယနေ့ ရုံးထုတ်စစ်ဆေးခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ယနေ့ရုံးချိန်းတွင် ပြန်ခေါ်သက်သေ အနေဖြင့် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အဖွဲ့ဝင် ၁ ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ ရုံးချိန်းသို့ သမ္မတဦးဝင်းမြင့် အနေဖြင့် ထောင်ပြင်ပမှ လာရောက်ခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းအား ထောင်တွင်းသို့ ရွှေ့ပြောင်းချုပ်နှောင်ခြင်း မရှိဘဲ နဂိုထားရှိရာ နေအိမ်အကျယ်ချုပ်ဖြင့်သာ ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရသည့် သမ္မတဦးဝင်းမြင့် အနေဖြင့် ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် ထောင်အတွင်းရှိ တရားရုံးတွင် ရုံးထုတ် စစ်ဆေးခံရခြင်းလည်း ဖြစ်သည်။
သမ္မတဦးဝင်းမြင့်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထောင်ဒဏ် ချမှတ်ခံထားရသူ ဖြစ်သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ ဇွန် ၂၂ ရက်တွင် နေအိမ်အကျယ်ချုပ် ထားရှိရာနေရာမှ နေပြည်တော် အချုပ်ထောင်တွင်းသို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်ထောင်နှင့် နီးစပ်သူတဦးက “ဒေါ်အောင်ဆန်းစုကြည်ကို ထားတာက ထောင်ဝင်းထဲက တိုက်ကလေး ဆောက်ထားတယ်။ အဲကွန်း မရှိ၊ ရေခဲသေတ္တာ မရှိ၊ အရင်က အကျယ်ထားတဲ့ ပုံစံနဲ့ မတူတော့ဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ရွှေ့ပြောင်းချုပ်နှောင်ရာတွင်လည်း အကျယ်ချုပ်တွင် အတူနေထိုင်သူများအား လိုက်ပါခွင့် မပေးဘဲ တဦးတည်းပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးဝန်ထမ်း ၃ ဦးအား အစောင့်အကြပ်သဘောဖြင့် စစ်ကောင်စီက ချထားကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတဦးက “ရှေ့နေတွေကတော့ ထောင်ဝင်စာ ပို့လို့ရတယ်။ အဆင်ပြေတယ်လို့တော့ ပြောတယ်။ သူတို့ (စစ်ကောင်စီ) ဘက်က စားသောက်ရေးကို ဘယ်လို လုပ်ပေးသလဲ။ လုပ်ပေးလား၊ မလုပ်ပေးလားတော့ မသိဘူး။ ကိုယ့်ဘက်ကတော့ ပို့စရာရှိတာ ပို့ပေးရမှာပေါ့” ဟု ဆိုသည်။
ယခင် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ရစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူများ အတွက် အစားအသောက်များအား ရှေ့နေအဖွဲ့က ပုံမှန်ပို့ပေးနေခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နေအိမ်အကျယ်ချုပ်ထားစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေခဲ့သူများအား ဆက်လက် ဖမ်းဆီးထားမည် (သို့) ပြန်လွှတ်ပေးမည်ကို ရှင်းလင်းစွာ မသိရသေးသော်လည်း ပစ္စည်းများ သိမ်းဆည်းကာ ရွှေ့ပြောင်းရန် ပြောဆိုလာမှု ရှိကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သီးခြားချုပ်နှောင် ထားရာနေအိမ်မှ နေပြည်တော် အချုပ်ထောင်အတွင်းရှိ သီးခြားအဆောက်အအုံ တခုတွင် ပြောင်းရွှေ့ ချုပ်နှောင်ခံရသည်မှာ ယနေ့တွင် ၃ ရက်မြောက်ရှိပြီ ဖြစ်သော်လည်း ရုံးထုတ်တွင် လန်းလန်းဆန်းဆန်းပင် ရှိနေပြီး ကျန်းမာရေး ကောင်းမွန် ကြောင်းလည်း ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ကျန်းမာရေးကတော့ ကောင်းတယ်။ လန်းလန်းဆန်းဆန်းပါပဲ။ အန်တီလို လူမျိုးကတော့ ဘာကိုမှ ကြောက်စရာ ရှိတော့မှာ မဟုတ်ပါဘူး။ အန်တီက လောကဓံတရားကို ငါတို့ထက် ပိုပြီးသိမှာပါ” ဟုလည်း ဆိုသည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးသည့် ထောင်အတွင်း အထူးတရားရုံး နေရာကိုလည်း ရုံးချိန်းရက်များတွင် အခြားအမှုများ ရုံးထုတ်စစ်ဆေးခြင်း မရှိသည့်အပြင် မသက်ဆိုင်သူများ ဝင်ခွင့်မရှိကြောင်းနှင့် လုံခြုံရေးလည်း များစွာ ချထားကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကပင် အသက် ၇၇ နှစ် ပြည့်ခဲ့သည် ဒေါ်အောင်ဆန်းစုကြည်အား ယခုကဲ့သို့ တဦးတည်း ထောင်အတွင်း ပြောင်းရွှေ့ ချုပ်နှောင်လိုက်ခြင်းကြောင့် ၎င်း၏ ကျန်းမာရေး အခြေအနေအပေါ် ပြည်သူများက စိုးရိမ်မှုများ ရှိနေကြ သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီ စွပ်စွဲခဲ့သည့် အမှု ၆ မှုဖြင့် ထောင် ၁၁ နှစ် ချခံထားရသည့် အပြင် စုစုပေါင်း ထောင်ဒဏ် နှစ် ၁၀၀ ကျော်ထိ ချမှတ်ခံရနိုင်သည့် အမှုများစွာဖြင့်လည်း ထောင်းအတွင်းမှ ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအား ရွေးကောက်ပွဲဆိုင်ရာစွပ်စွဲချက်အမှု ပြန်ခေါ်သက်သေစစ်ဆေး
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်တွင်းတရားခွင်၌ စတင်စစ်ဆေး
ဒေါ်အောင်ဆန်းစုကြည်အား တရားမဲ့ဖမ်းထားမှု ကုလသမဂ္ဂတွင် တိုင်ကြား