ကမာ္ဘ့ရေနံဈေးမြင့်လာသည့်အပြင် စစ်ကောင်စီ၏ ကန့်သတ်ထိန်းချုပ်မှုများကြောင့် စက်သုံးဆီဈေး တရိပ်ရိပ်တက် လာရာ အဝေးပြေးယာဉ်လိုင်းများ အရှုံးပေါ်သဖြင့် ပြေးဆွဲမှုတချို့ကို ရပ်ဆိုင်းလိုက်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
JJ Express ယာဉ်လိုင်းမှ တာဝန်ရှိသူ တဦးက “အခုကတော့ ဆီဈေးနဲ့ မိုးတွင်းလည်းဖြစ် ခရီးသွားလည်း ပါးတော့ ကားတွေက ထွက်သာ ထွက်နေရတာ ဘာမှ မကျန်ဘူးပေါ့။ လမ်းမှာသာ ကားတခုခု ပျက်လို့ ပြင်ရဆင်ရမယ်ဆို ရှုံးတာပေါ့နော်။ ဝန်းထမ်းတွေရဲ့ လစာနဲ့ ဘာနဲ့ဆိုတော့ဆက်တော့သွားနေရတာပေါ့။ ကျမတို့ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး ခရီးစဉ်တွေတော့ ပုံမှန်အတိုင်း သွားနေတယ်။ အခုကတော့ ပုဂံတို့ ဘာတို့ ခရီးစဉ်ကျတော့ ခဏ နားထားတယ်။ ခရီးသည်ပါးသွားတဲ့ အတွက်ကြောင့်ပါ”ဟု ပြောသည်။
JJ Express ယာဉ်လိုင်းအနေနှင့် ခရီးစဉ် လက်မှတ်ခ နှုန်းထားများကို တိုးမြှင့်ကောက်ခံခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။
ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းများ ရပ်နေရာမှ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လမ်းပန်းဆက်သွယ် ရေး အခက်အခဲများ၊ နှောင့်နှေးကြန့်ကြာမှုများ၊ လုံခြုံမှုမရှိသည့် အခြေအနေများ စသည်တို့နှင့် ရင်ဆိုင်နေရချိန် စက်သုံးဆီ ဈေးမှာလည်း ၂၀၂၂ ခုနှစ် ဧပြီလ နောက်ပိုင်းမှ စ၍ မြင့်လာရာ လက်ရှိ တလီတာ ကျပ် ၂၃၀၀ ဝန်းကျင်မှ ကျပ်၂၅၀၀ နီးပါးအထိ ဒေသအလိုက် ဖြစ်ပေါ်လျက် ရှိသည်။
ရန်ကုန် အဝေးပြေး ယာဉ်ရပ်နားဝင်းရှိ တာဝန်ရှိသူတဦးက “အခုကတော့ စက်သုံးဆီဈေးတက်တော့ ယာဉ်စီးခ တိုး တောင်းပေမယ့် ခရီးသည်က ပေးမစီးနိုင်ဘူး။ အဲဒီတော့ ကားတွေ တော်တော်များများက တချို့က အရင်းပဲ ကျန် တယ်။ တချို့က ရှုံးတယ်။ အဲဒီလို ရှုံးတဲ့လိုင်းတွေကတော့ ရပ်သွားတယ်။ တချို့ အရင်းရတဲ့လူတွေကတော့ လုပ်ငန်း မပျက်အောင် မှေးပြီးဆွဲနေတဲ့ သဘောရှိတယ်။ မကိုက်တာ ကြာတော့ ရပ်ကြတာပေါ့။ ပြေးဆွဲတဲ့ လမ်းကြောင်းတွေ ပေါ့။ ယာဉ်လိုင်းအနေနဲ့ မဟုတ်ဘဲ တွက်ချေ မကိုက်တဲ့ လမ်းကြောင်းတွေ ရပ်ကြတာပေါ့” ဟု ဧရာဝတီသို့ ပြော သည်။
အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများမှာ အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသည်ရရှိမှု နည်းပါးသဖြင့် ခရီးသည်နှင့် ကုန်စည်တွဲ၍ သွားသည်က များသော်လည်း ယခုအချိန်တွင် ကုန်စည်ရမှုကလည်း နည်းပါးလာသဖြင့် အခက် အခဲများ တွေ့လာခြင်းကြောင့် တချို့ လမ်းကြောင်းများကို ရပ်ဆိုင်းလာခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “အောက်ခံ ကုန်စည်လေးတွေ မရရင် ကားက ပြေးဆွဲလို့ မရဘူး။ ဘာလို့ဆိုတော့ လူကလည်း မပြည့်ဘူးလေ။ အဲဒီတော့ မကိုက်တော့ဘူးပေါ့။ ဒါကြောင့် တချို့ကားတွေကတော့ အရင်းရရင် အဲဒီ လမ်းကြောင်း ပြေးလိုက်တယ်ပေါ့။ မရနိုင်ဘူး ထင်ရင် ရပ်လိုက်တယ်ပေါ့။ အဲဒီတော့ ဘယ်ကြောင်းတွေ ရပ်လဲဆိုတာက တသမတ် တည်း ပြောလို့ မရဘူး” ဟု ပြောသည်။
ယာဉ်လိုင်းပြေးဆွဲမှု ရပ်တန့်လိုက်သည့် လမ်းကြောင်းများမှာ လုံခြုံမှုအန္တရာယ် စိတ်မချရသည့် စစ်ကိုင်း၊ မကွေးတိုင်း တို့ဘက်မှ လမ်းကြောင်းများလည်းရှိသလို တချို့ယာဉ်လိုင်းများက မိုးရာသီဖြစ်သည့်အတွက် အပန်းဖြေနေရာများ သွားလာသည့် လမ်းကြောင်းများ၊ ရန်ကုန်- ပုဂံလမ်းကြောင်းများ၊ ကမ်းခြေလမ်းကြောင်း အစရှိသည်တို့ကို ပြေးဆွဲမှု ခေတ္တရပ်နားခြင်းများရှိကြောင်း ယာဉ်လုပ်ငန်းရှင်များထံက သိရသည်။
ထိုသို့ အဝေးပြေးယာဉ်များ ပြေးဆွဲမှု အခက်အခဲများ ဖြစ်လာရခြင်းမှာ စက်သုံးဆီ ဈေးမြင့်တက်နေခြင်းအပြင် ရန်ကုန်မှအပ တခြားသော တိုင်းနှင့် ပြည်နယ်များတွင် စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေခြင်းတို့ကြောင့်လည်း ဖြစ်ကြောင်း ယာဉ်လိုင်း လုပ်ငန်းရှင်များက ဆိုသည်။
ယင်းအခြေအနေများကြောင့် လက်ရှိ အောင်မြင်နေသည့် အဝေးပြေး ခရီးသည်သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများ ကလည်း ၎င်းတို့၏ ဝန်ထမ်းများ စားဝတ်နေရေး ပြေလည်စေရန်အတွက်သာ အဓိကထား၍ လုပ်ငန်းမပျက်ရုံ ပြေးဆွဲ ပေးနေရသော်လည်း ယခုကဲ့သို့ စက်သုံးဆီးဈေးနှင့် ယာဉ်အပိုပစ္စည်းဈေးများ တက်ခြင်း၊ စက်သုံးဆီ ရှားပါးမှုများ ဆက်ကြုံနေရပါက လာမည့်လပိုင်းအတွင်း ထပ်မံ ရပ်ဆိုင်းမည့် အခြေအနေ ရှိကြောင်း လုပ်ငန်းရှင်များ ထံ က သိရသည်။
ပြည်တွင်း၌ ပြေးဆွဲနေသည့် နာမည်ကြီးယာဉ်လိုင်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့ ပြီးခဲ့တပတ်က စပြီး ခရီး စရိတ်ကို ဈေးတင် ကြည့်တယ်။ ဒါပေမယ့် ခရီးသည်က မစီးနိုင်ဘူး။ အဲဒီတော့ အခုတပတ်မှာတော့ ဈေးပြန်ချပြီး တော့ ပြေးဆွဲနေရတယ်။ ကျနော်တို့က ဆီဈေးနဲ့ ကိုက်အောင် ကျပ် ၂၀၀၀ လောက် တင်ကြည့်တာ။ တင်တဲ့နေ့မှာပဲ ခရီးသည်က တက်မလာဘဲ ကျသွားတော့ ဈေးပြန်ချပေးရတာပေါ့။ ပုံမှန်ကလည်း ခရီးသည်ပါးတဲ့ ရာသီ၊ အဲဒီမှာ စက်သုံးဆီဈေးတက်တာနဲ့ တိုးတော့ ယာဉ်လိုင်းတွေအတွက် အခက်အခဲ ဖြစ်တာပေါ့” ဟု လက်ရှိ ရင်ဆိုင်နေရသည့် အခြေအနေကို ဧရာဝတီသို့ ပြောပြသည်။
ရန်ကုန်-မန္တလေး ကုန်ကျစရိတ်မှာ ယာဉ်မောင်းခ၊ ဂိတ်ကြေး အပါအဝင် Express ကားတစီးလျှင် ကျပ် ၁၀ သိန်း ဝန်း ကျင် အကြမ်းဖျင်း ကုန်ကျစရိတ်ရှိပြီး တချို့အခေါက်များက အရင်းပြန်ရသော်လည်း တချို့ ရှုံးသည့် အခေါက်နှင့် ကြုံရ လျှင် ကျပ် ၁ သိန်းမှ ၃ သိန်း ဝန်းကျင်အထိ အရှုံး ရှိကာ မြတ်သည့်အခေါက်ရေမှာ နည်းပါးကြောင်း ၎င်းက ပြော သည်။
အဆိုပါ အခြေအနေများကြောင့် လုပ်ငန်း ရပ်တည်နိုင်ရန်အတွက်သာ ဦးစားပေး လုပ်ဆောင်နေပြီး လက်ရှိတွင် လုပ် သားဦးရေ လျှော့ချခြင်းနှင့် လုံးဝ ရပ်ထားရသည့် အခြေအနေ မဖြစ်သေးသော်လည်း လာမည့် လများတွင် ဝန်ထမ်း နှင့် ခရီးလမ်းကြောင်း ပြေးဆွဲခြင်းကို လျှော့ချရမည့် အခြေအနေများ ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စက်သုံးဆီဈေး မြင့်တက်မှုများကြောင့် တချို့ ခရီးစဉ် ကားလက်မှတ်ခများမှာ ကျပ် ၂၀၀၀ ဝန်းကျင်မှ စ၍ တက်နေသလို တချို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် ကျပ်သောင်းဂဏန်းအထိ ဈေးနှုန်းများ မြင့် နေကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်၊ စစ်အာဏာသိမ်းမှုနှင့်အတူ ဈေးကွက်ပျက်သွားသော မြန်မာ့သီးနှံများ
မြန်မာ့အထည်ချုပ်လုပ်ငန်း ပုံမှန်နီးပါး ပြန်လည်ပတ်နေဟုဆို