စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။
ချောင်းဦးမြို့ပေါ် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ တပ်အင်အား ၁၀၀ ခန့် တပ်စွဲထားပြီး အဆိုပါတပ်များက ယခုလ ၂၃ ရက်နေ့ည ၉ နာရီခန့်တွင် ၆၀ မမ လက်နက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ချောင်းဦးမြို့ တမာမြိုင်ရပ်ကွက်၊ ကျောင်းရွာရပ်ရှိ နေအိမ် ၁ လုံး၏ နွားစာတိုက်ပေါ်သို့ ၁ လုံး၊ တမာမြိုင်ရပ်ကွက် အနောက်မအုပ်ရပ်ရှိ နေအိမ်များအနီးသို့ ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်
ချောင်းဦးမြို့ခံ တဦးက “ဒီတိုင်းပဲ ပုံမှန်အေးအေးဆေးဆေး ဖြစ်နေရာကနေ သူတို့ဘာသာ သူတို့ ထပစ်ကြတာပေါ့။ လူနေအိမ်တည့်တည့်ကို ကျပြီးမှ အဲဒီအိမ်က ပွင့်ထွက်ပြီးတော့ သားမိ ၂ ယောက် ဆုံးသွားတယ်။ ပြည်သူတွေ အနားယူကြမယ့် အချိန်မှာ လူနေအိမ်ခြေတွေ စိပ်တဲ့ နေရာတခုကို ဘာအကြောင်းအရင်းမှ မရှိဘဲ လက်နက်ကြီးတွေနဲ့ လျှောက်ပြီး ရမ်းပစ်တာကြီး ကတော့ တော်တော်နားလည်ရခက်တယ်။ တော်တော်လည်း မိုက်ရိုင်းတဲ့ ကိစ္စပေါ့“ ဟု ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ကျောင်းရွာရပ်ကွက်က အသက် ၅၀ နှစ်အရွယ်ရှိ ဒေါ်ထားထားနွယ် (ခ) ဒေါ်ပေါက် နှင့် ၎င်း၏သမီးဖြစ်သူ အသက် ၂၄ နှစ်အရွယ်ရှိ မဝါဝါမိုးတို့ သေဆုံးခဲ့ရပြီး ဒေါ်ပေါက်၏ အမျိုးသား ဖြစ်သူမှာ ဒဏ်ရာအပြင်းအထန်ဖြင့် ဆေးကုမှု ခံယူနေကြောင်း သိရသည်။
ထို့ပြင် ၎င်းနေအိမ်ပတ်ဝန်းကျင်ရှိ နေအိမ် ၄ လုံး လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့သည့် အပြင် အနောက်မအုပ် ရပ်ကွက်တွင် နေအိမ် ၆ လုံး ထိမှန်ခဲ့ကာ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးခဲ့သည့် သားမိ ၂ ဦးကို စစ်ကောင်စီက ယမန်နေ့ နေ့လည်ပိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း သိရသည်။
ယခုကဲ့သို့ မြို့ပေါ်က လူနေရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်နေခြင်းသည် လက်နက်ကိုင်အဖွဲ့ချင်း တိုက်ခိုက်ခြင်းမျိုး မဟုတ်တော့ဘဲ ပြည်သူကို ဦးတည် တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း CDM ဗိုလ်ကြီးလင်းထက်အောင်က သုံးသပ်သည်။

ဗိုလ်ကြီးလင်းထက်အောင်က “ပုံမှန်စစ်ဆင်ရေးမှာ ဆိုရင်တော့ လူနေထူထပ်တဲ့ နေရာ၊ ပြည်သူတွေကြားမှာ ရောနေတဲ့ ပစ်မှတ်တွေဘာတွေ ဆိုရင် ဒါလုပ်လို့ကို မရတဲ့ အရာ တခုပေါ့။ ဒါပေမယ့် စစ်တပ်ကတော့ အခု နွေဦးတော်လှန်ရေးမှ မဟုတ်ဘူး။ အရင်ကတည်းကလည်း တိုင်းရင်းသား နယ်မြေတွေမှာ တိုက်ပွဲ ဖြစ်ပွားပြီ ဆိုရင် ရွာတွေထဲကို ပစ်ထည့်တာတွေ ရှိတယ်။ အဓိကကတော့ သူတို့နဲ့ ရင်ဆိုင်နေရတဲ့ တဖက်အဖွဲ့အစည်းကို မနိုင်ရင် ပြည်သူဘက်ကို လှည့်လှည့်ရမ်းတဲ့ ပုံစံမျိုးကတော့ နဂိုကတည်းက စစ်ဆင်ရေးတွေမှာ အမြဲကို လုပ်လေ့ လုပ်ထရှိတဲ့ အလေ့အကျင့် တခုလိုတောင် ဖြစ်နေပါပြီ” ဟု ပြောသည်။
၎င်းကဆက်၍ “သူတို့ တာဝန်ယူထားတဲ့ နယ်မြေဒေသက ပြည်သူတွေကို ခြောက်လှန့်၊ ကြောက်လန့်စေချင်တဲ့ စိတ်တွေကိုလည်း ရိုက်သွင်းတဲ့ ပုံစံတခုလို့ မြင်တယ်။ စစ်ဆင်ရေး တခု လုပ်တဲ့ အခါမှာ လမ်းတလမ်းကို ပစ်ဖောက်ပြီး သွားတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ ပစ်ရှင်းရှင်းတယ် လို့ သူတို့က သုံးနှုန်းကြတာပေါ့။ တကယ်က ဒါသူတို့နဲ့ ရင်ဆိုင်နေရတဲ့ အဖွဲ့အစည်းကို ကြောက်ရွံ့ စေတာမျိုး မဟုတ်ဘဲ ပြည်သူကို ကြောက်ရွံ့စေတဲ့ စိတ်ကို ဖြစ်စေတဲ့ ပုံစံတမျိုးပေါ့” ဟု ဆိုသည်။
အဆိုပါနေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ချောင်းဦးမြို့ထဲသို့ လက်လုပ်စိန်ပြောင်းဖြင့် လာရောက်တိုက်ခိုက်သည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းနှင့် PDF များ၏ ပစ်ခတ်မှုကြောင့် လူနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်းကျည်များ ကျရောက်ပေါက်ကွဲပြီး ပြည်သူများ သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီထုတ် ဇွန် ၂၅ ရက်နေ့ သတင်းစာတွင် ဖော်ပြထားသည်။

သို့သော် ရပ်ကွက်တွင်း ကျန်ရှိခဲ့သော ဗုံးသီးအခွံများသည် လက်လုပ်စိန်ပြောင်း မဟုတ်ဘဲ စစ်ကောင်စီတပ်က အသုံးပြုသော ၆၀ မမ ဗုံးသီးခွံများ ဖြစ်ပြီး မြို့ခံလူထုကလည်း အဆိုပါ ပစ်ခတ်မှုသည် စစ်ကောင်စီတပ်စွဲထားသည့် နေရာမှ ၇ ချက်တိတိ ပစ်ခတ်ခဲ့သည်ဟု ပြောကြသည်။
မြို့ခံ တဦးက “ဒေသခံတွေက မြို့ထဲမှာ ဆက်နေရမှာလား မနေရတော့ဘူးလား ဖြစ်နေတာပေါ့။ တချို့ဆို ကြောက်လို့ အိမ်ထဲက အိမ်ပြင် မထွက်ကြဘူးလေ။ အဲဒီလို နေတဲ့ လူတွေတောင် အခု ဒဏ်ရာရတဲ့ထဲမှာ ပါတယ်။ ခေတ်ကာလ မကောင်းလို့ အိမ်ထဲ နေတဲ့လူတွေတောင်မှ မလုံခြုံတော့တဲ့ အခြေအနေ ဖြစ်တာပေါ့။ မြို့ထဲနေဖို့ တော်တော်စဉ်းစားနေကြပြီ။ စိတ်ထဲမှာတော့ မလုံခြုံတာ၊ စိုးရိမ်ထိတ်လန့်တာတွေ၊ ကြောက်ရွံ့တာတွေ တော်တော်ဖြစ်နေကြတယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း အတွင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ ကြားဖြတ်တိုက်ခိုက်မှုများ၊ နယ်မြေစိုးမိုးမှုများ ရှိလာပြီးနောက် ယခင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ် ဖြိုးသန့် အစား ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၀) တပ်မမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်နှင့် ယခုနှစ် ဇန်နဝါရီလက အပြောင်းအရွှေ့ပြုလုပ်လိုက်သည်။
ထို့နောက် စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများ မီးတိုက်မှု၊ အရပ်သားပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွာလာသည်ကိုတွေ့ရသည်။