ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး အထက်တန်းကျောင်းမှ ဖမ်းဆီးစစ်ဆေးနေသည့် Non-CDM ဆရာ/ဆရာမ ၆ ဦး ကျန်းမာစွာရှိနေကြောင်း ကရင်နီပြည်ရဲဌာန(KSP) ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုက ပြောသည်။
KSP အမှတ် ၅ ရဲစခန်းနယ်မြေအတွင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ခွင့်ပြုချက်(သို့မဟုတ်) ဒေသခံများ၏ ခွင့်ပြုချက်မရှိဘဲ စစ်ကောင်စီညွှန်ကြားမှုအောက်တွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ကာ သင်ကြား နေကြောင်း ဒေသခံများမှ တိုင်ကြားလာသည့်အတွက် ဆရာ/ဆရာမ ၆ ဦးအား ဇွန်လ ၂၄ ရက်ကတည်းက ဖမ်းဆီး ကာ စစ်ဆေးနေခြင်း ဖြစ်သည်။
ကိုဘိုဘိုက “အခုက စစ်ဆေးနေဆဲပါ၊ ကျန်းမာရေးက ကောင်းကြပါတယ်၊ ကျန်းမာရေး မကောင်းတာမျိုး ရှိရင်လည်း လိုအပ်သလို ဆေးဝါးကုသခွင့် ပေးထားပါတယ်” ဟု ပြောသည်။
ဒေသတွင်း သတင်းဖော်ပြချက်များအရ ဖမ်းဆီးခံရလိုက်သည့် ဆရာ/ဆရာမ ၆ ဦးမှာ လွိုင်ကော်မြို့နယ်၊ လွိုင်လင် လေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းမှဖြစ်ပြီး အထက်တန်းပြ ဆရာမဒေါ်နန်း၊ အလယ်တန်းပြ ဆရာမများဖြစ်သည့် ဒေါ်စုလေးငယ်၊ ဒေါ်ခင်သန်း၊ ဒေါ်မြထွေးနှင့် မူလတန်းပြ ဆရာများဖြစ်သည့် ဦးကောင်းဇေယျာငြိမ်း၊ ဦးအောင်ဇော်ထွေး ဆိုသူတို့ ဖြစ်ကြောင်း သိရသည်။
ကရင်နီပြည်နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီယန္တရားများ လည်ပတ်စေရေးအတွက် ထောက်တိုင်အဖြစ် ပံ့ပိုး ပေးနေသည့် လုပ်ငန်းမလုပ်ဆောင်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း CDM ပြုလုပ်ကာ ပြည်သူလူထုနှင့်အတူ ရပ်တည်ကြရန်လည်း ဒေသတွင်း တော်လှန်ရေး အဖွဲ့အစည်းက သတိပေး ထုတ်ပြန်ထားသည်။
ယင်းပြင် အကြမ်းမဖက် ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်း မရှိဘဲ ကလေးသူငယ်များ၏ ပညာရေးအား လိုလား၍ ကျောင်းများ ဖွင့်လှစ်ခြင်းမဟုတ်ဘဲ ၎င်း၏ ယန္တရားလည်ပတ်နေသည်ကို ပုံဖော်ရန် ကြိုးစား အားထုတ်ခြင်း၊ ယခင်အစိုးရ၏ လမ်း၊ တံတား စီမံကိန်းများအား အကြောင်းပြု၍ ၎င်း၏ ယန္တရားလည်ပတ်နေသည်ကို ပုံဖော်ရန် ကြိုးစားအားထုတ်ခြင်းနှင့် စစ်တပ်ထုတ်ကုန်များအား ရောင်းဝယ် ဖောက်ကား သုံးစွဲနေခြင်းများအား ပြုလုပ် သည့် Non-CDM ဝန်ထမ်းများနှင့် မည်သည့် အဖွဲ့အစည်းမဆို ပြင်းထန်စွာ ကန့်ကွက်လျက်ရှိပြီး ထိရောက်စွာ အရေး ယူမည်ဖြစ်ကြောင်းလည်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နှင့် ကရင်နီတပ်မတော် (KA)တို့က ယနေ့ ဇွန် ၂၇ ရက်တွင် ထုတ်ပြန် သတိပေးထားသည်။
လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များဦးဆောင်ကာ ကရင်နီ ပြည်နယ် ရဲဌာနအဖြစ် ဖွဲ့စည်းပြီး ဒေသတွင်း အမှုအခင်းများနှင့် မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူများအပါအဝင် စစ်ကောင်စီ ထောက်တိုင် Non-CDM ဝန်ထမ်းများ၊ သတင်းပေး ဒလန်များအား ဖမ်းဆီးစစ်ဆေးလျက်ရှိရာတွင် စုစုပေါင်း လူဦးရေ ၁၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ KSP အနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသူ ၉၀ ဦးကျော်ရှိပြီး ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အနေဖြင့် မေလအတွင်းက non-CDM ဒေါက်တာ ရဲလင်းစိုး အပါအဝင် ဆေးဝန်ထမ်းနှစ်ဦးနှင့် အခြားသူ ၂၂ ဦးအားလည်း ကောင်း၊ ပြီးခဲ့သည့် ကရင်နီအမျိုးသားနေ့တွင် ဒုတိယအကြိမ်အနေဖြင့် ၂၉ ဦး၊ စုစုပေါင်း ၅၃ ဦးအား လွတ်ငြိမ်းချမ်း သာခွင့် ပြန်လည်ပေးခဲ့သည်။
KSP အနေဖြင့် ဒေသအတွင်း စစ်ကောင်စီ ထောက်တိုင်များနှင့် မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲသူများအပါအဝင် ဖမ်း ဆီးထားသူများအား တည်းဆဲ ဥပဒေများအရသာ ကျူးလွန်သည့်ပြစ်မှုအပေါ် မူတည်၍ ပြစ်ဒဏ်များ ချမှတ်ပေး ကြောင်းနှင့် လက်ရှိ ဖမ်းဆီးထားသည့် ဆရာ/ဆရာမ ၆ ဦးနှင့် ပတ်သက်၍လည်း စစ်ဆေးအရေးယူပြီးပါက လူထုထံ ထုတ်ပြန် အသိပေးမည် ဖြစ်ကြောင်းလည်း KSP က ပြောထားသည်။
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ အကြမ်ဖက်လုပ်ရပ်များ ဆက်လက် မလုပ်ဆောင်နိုင်ရေးအတွက် စစ်အာ ဏာရှင် မလိုလားသူတိုင်း စစ်ကောင်စီ ယန္တရားမလည်ပတ်နိုင်အောင် ပြည်သူနှင့်အတူ ရပ်တည်ကာ CDM ပြုလုပ်ကြ ရန်နှင့် ခဏတာကြုံတွေ့ရမည့် ဒုက္ခများအား ရင်ဆိုင်ရမည်ဖြစ်ပြီး အနာဂတ်တွင် စစ်အာဏာရှင် သက်ဆိုးရှည်နေပါက ကြုံတွေ့ရမည့် ဒုက္ခများမှာ ယခုထက် ဆယ်ဆမက ပိုဆိုးလိမ့်မည် ဖြစ်ကြောင်းလည်း ကိုဘိုဘိုက သတိပေး ပြောကြား သည်။
You may also like these stories :
စစ်တွေ၌ အဖမ်းအဆီးကြမ်း၊ စာသင်ကျောင်းနှင့်ဈေးများ ပိတ်ထား
အကြမ်းဖက်စစ်တပ် ဧကန်စင်စစ် ဖြစ်ကြောင်း သက်သေထူခဲ့ပြီ
ပြန်ပေးဆွဲသမားအား ကျပ်သိန်း ၆၀၀ ပေး၍ မောင်တောပညာရေး ဝန်ထမ်း ၂ ဦး ပြန်လွတ်လာ