ကရင်ပြည်နယ် ဝေါလေဒေသရှိ စစ်ကောင်စီ၏ ဥကရစ်ထ ခြေကုတ်စခန်းအား ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်များက စခန်းသိမ်း ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယနေ့ ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ် ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ဥကရစ်ထစခန်းအား ကရင်အမျိုးသားတပ်မတော် (KNLA)အပါအဝင် ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO) ပူးပေါင်းတပ်ဖွဲ့များ ဦးဆောင်ကာ ယမန်နေ့ မနက်အစောပိုင်းကတည်းက တိုက်ခိုက်နေခြင်းဖြစ်သော်လည်း တိုက်ပွဲမှာ ယခုတိုင် ပြင်းထန်နေဆဲဖြစ်သည့်အပြင် နှစ်ဖက် ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။
ဒေသခံတဦးက “ဒီနေ့တရက်တည်း လေယာဉ်နဲ့ ဗုံးလာကြဲတာ ၁၁ ကြိမ်လောက်ရှိပြီ၊ တိုက်ပွဲဆက်လက် ပြင်းထန်နေ ဆဲပဲ၊ အနီးအနားဝန်းကျင်က ဒေသခံတွေလည်း မနေ့ကတည်းက ဘေးလွတ်ရာ ထွက်ပြေးနေကြတာတွေ ရှိတယ်” ဟု ပြောသည်။
ဒေသတွင်း တပ်ဖွဲ့များနှင့် နီးစပ်သူတဦးက ယနေ့တွင် စစ်ကောင်စီအနေဖြင့် စခန်းကုန်း မဆုံးရှုံးရရေးအတွက် လက် နက်ကြီးပစ်ကူ၊ စစ်ကူများအပြင် မှော်ဘီလေတပ်စခန်းမှ Yak-130 အမောင်းသင် တိုက်လေယာဉ် များဖြင့် ဗုံးကြဲ တိုက်ခိုက်လျက် ရှိနေကြောင်း ပြောသည်။
ဥကရစ်ထခြေကုတ် စစ်စခန်းသည် ဖလူး-ဝေါလေ- စုကလိဒေသလမ်းဆုံတွင် တည်ရှိပြီး မဟာဗျူဟာအရ အရေးပါ သည့် စစ်စခန်းတခု ဖြစ်ကြောင်းလည်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ကြားမှ ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေရသည့် ရုပ်သံ၊ ဗီဒီယိုဖိုင်များလည်း ပျံ့နှံ့လျက်ရှိသည်။

လတ်တလော တိုက်ပွဲ ပြင်းထန်နေသည့်အတွက် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်ပြီး နှစ်ဖက်လုံးက အတည်ပြု သတင်းထုတ်ပြန်ခြင်းများ မရှိသေး သော်လည်း ယမန်နေ့ တိုက်ပွဲတွင် KNDO အထူးတပ်ရင်း Venom စစ်ကြောင်းမှ အာပီဂျီ ကိုင်ဆောင်သည့် တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ သေဆုံးသည့် တပ်ဖွဲ့ဝင်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂ ရက်နေ့က စစ်ကောင်စီတပ်မှ သေနတ်နှစ်လက် ယူ ဆောင်၍ CDM ဝင်ရောက်လာသည့် တပ်ကြပ် ဝေလင်းအောင်(ခ) ဇော်ဝင်းထွဋ်ဖြစ်ပြီး မော်ခီးစခန်းနှင့် ဝေါလေ ရဲစခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် KNDO တပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင် တိုက်ခိုက်ခဲ့သူလည်း ဖြစ်သည်။
လတ်တလောတွင် ဥကရစ်ထစခန်းသိမ်း တိုက်ပွဲအတွင်း သေဆုံးခဲ့ရသည့် တပ်ကြပ် ဝေလင်းအောင်နှင့် ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် လက်မှတ်ရေးထိုးကာ “တာဝန်သိသော ပြည် သူ့ သူရဲကောင်း” အဖြစ် ဂုဏ်ပြုလွှာလည်း ချီးမြှင့်ထားကြောင်း သိရသည်။
KNU ၏ တပ်မဟာ ၆ နယ်မြေအတွင်းရှိ မော်ခီးစခန်းကို မတ်လ ၂၂ ရက်က KNDO၊ KNLA ပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး မေလ ၁၈ ရက်က ဒေါနတောင် အရှေ့ခြမ်းရှိ သေ့ဘောဘိုး စခန်းကို KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ထားပြီးဖြစ်သည်။
ထို့ပြင် ယခုလ ၁၃ ရက်တွင် ဝေါလေမြို့အဝင်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဝေါလေ ရဲစခန်းကို တိုက်ခိုက် KNDO ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို အရှင်ဖမ်းဆီးခဲ့သလို၊ စခန်းရှိ ဖမ်းဆီးခံထားရသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၉ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်။
You may also like these stories:
စစ်ကောင်စီတပ် ချည့်နဲ့နေပြီလား
စစ်တွေ၌ အဖမ်းအဆီးကြမ်း၊ စာသင်ကျောင်းနှင့်ဈေးများ ပိတ်ထား