ထိုင်း- မြန်မာနယ်စပ်တွင် စစ်ရှောင်ကလေးများ၏ ပညာရေးအတွက် ထိုင်းနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် မြန်မာ အရပ်ဘက်အဖွဲ့များ ပူးပေါင်းကာ ပညာရေး အစီအစဉ်တရပ် ချမှတ် ကူညီနေသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် BEAM ပညာရေး ဖောင်ဒေးရှင်းက ထိုင်း- မြန်မာနယ်စပ်သို့ ရောက်ရှိသော စစ်ရှောင်ကလေးများနှင့် မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုမှ ကလေးငယ်များအတွက် ထိုင်းနိုင်ငံ ကျောင်းပြင်ပ ပညာရေးဌာနနှင့် ပူးပေါင်းကာ ပညာသင်ပေးနိုင်ရန် စီစဉ်နေကြောင်း ပြောသည်။
မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်း- မြန်မာ နယ်စပ် မဲဆောက်ဒေသဘက်သို့ ရောက်ရှိလာသည့် စစ်ရှောင်ကလေးငယ် ၃၀၀၀ ကျော်ရှိနေကြောင်း BEAM ပညာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းထွဋ်က ဧရာဝတီသို့ ရှင်းပြသည်။
“၂၀၂၁ မတိုင်ခင်ကတည်းက ရောက်နေတဲ့ ကလေးတွေလည်း အများကြီး ရှိပါတယ်။ မဲဆောက်ဒေသ တခုတည်းမှာတင် ၂ သောင်းနီးပါးလောက် ရှိတယ်။ ဒါက အရင်ကတည်းက ရှိနေတာ။ ၂၀၂၁ နောက်ပိုင်း ရောက်လာတဲ့ ကလေးတွေက ကျနော်တို့ဆီမှာ အရေအတွက် အတိအကျတော့ မရှိပေမယ့် ကျနော်တို့ လက်လှမ်းမီသလောက် ကွန်ရက်ကနေ သိသလောက်ဆိုရင် ဒါက ၃၀၀၀ ကျော်လောက် ရှိတယ်။ ဒါက ခန့်မှန်းခြေပေါ့။ အဲဒီထဲကမှ ကျနော်တို့ ပညာရေးအတွက် လုပ်ပေးနိုင်တာက ရာဂဏန်းပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။
မဲဆောက်ဒေသသို့ ရောက်လာသည့် မြန်မာနိုင်ငံထဲမှ စစ်ရှောင်ကလေးများမှာ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်ထဲမှ အများဆုံး ဖြစ်ကြောင်း ပညာရေး ကူညီပေးနေသည့် မြန်မာအရပ်ဘက်အဖွဲ့ အချို့က ဆိုသည်။
BEAM ပညာရေး ဖောင်ဒေးရှင်းကမူ လက်ရှိတွင် စစ်ရှောင် ကလေးငယ်များ အပါအဝင် ရွှေ့ပြောင်းမိသားစုမှ ကလေး ၈၀၀ ကျော်ကို မဲဆောက်မြို့နယ်နှင့် ရနောင်းမြို့နယ်တို့တွင် ပညာသင်ပေးနိုင်ရန် ကျောင်းဖွင့် လက်ခံထားသည်ဟု ဆိုသည်။
BEAM ပညာရေး ဖောင်ဒေးရှင်းသည် ကလေးများကို အွန်လိုင်းမှတဆင့် သင်ကြားခြင်း၊ စာသင်ကျောင်းဖွင့်လှစ် သင်ကြားခြင်းနှင့် အင်တာနက် မရသည့် နေရာများတွင် သင်ကြားပို့ချချက်များ ထည့်သွင်းထားသည့် Virtual Wifi Box များ ဖြန့်ဝေကာ သင်ကြားခြင်းတို့ကို အခကြေးငွေ မယူဘဲ ဆောင်ရွက်ပေးနေကြောင်း အဆိုပါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းထွဋ်က ပြောသည်။
ကလေးများ၏ ပညာရေးကို မြန်မာနှင့် ထိုင်းနိုင်ငံသား ဆရာ၊ ဆရာမများ အပါအဝင် စေတနာ့ဝန်ထမ်း ဆရာများ၏ အကူအညီဖြင့် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
BEAM ပညာရေး ဖောင်ဒေးရှင်းတွင် ကျောင်းအပ်လိုပါက Facebook လူမှုကွန်ရက်အပါအဝင် BEAM ၏ ဝဘ်ဆိုက်သာမက မဲဆောက်နှင့် ရနောင်းမြို့တို့ရှိ သက်ဆိုင်ရာ နယ်မြေအလိုက် ရှိနေသော Learning Center များမှ တဆင့် ချိတ်ဆက်ကာ ကျောင်းအပ်နိုင်ကြောင်း သိရသည်။

ယင်းပြင် BEAM ၏ ပညာရေး အစီအစဉ်သည် ကျောင်းသူ ကျောင်းသားများအား ထိုင်းနိုင်ငံ၏ ပညာရေးအသိုက်အဝန်းတွင် ဆက်လက်ပညာသင်နိုင်ရန်လည်း စီစဉ်ထားကြောင်း BEAM ပညာရေး ဖောင်ဒေးရှင်းတာဝန်ရှိသူများက ပြောသည်။
“ထိုင်းကျောင်းပြင်ပ ပညာရေးကလည်း ကျောင်းအပ်လက်ခံတဲ့ အချိန်က ၂ ချိန်ရှိပါတယ်။ ပထမအကြိမ်က ဖေဖော်ဝါရီလလောက်မှာ လက်ခံတယ်။ နောက်တဆင့်က ကျနော်မှတ်မိသလောက် နိုဝင်ဘာလလောက်မှာ လက်ခံတယ်။ အခု ဒီကလေးတွေက ကြားမှာ ဖြစ်နေတာ။ ကျနော်တို့က နိုဝင်ဘာလ အသုတ်ထဲမှာ ထည့်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီမတိုင်ခင်ကတော့ ဘာသာစကားရယ် သင်္ချာရယ် လိုအပ်မယ့် လေ့လာမှုဆိုင်ရာ အကြောင်းတွေ၊ ဥပမာ စာဖတ်ရမယ့် အကြောင်းတွေ၊ ဒါတွေကို ၃ လအချိန်ယူပြီး သင်ကြားပေးတာ ဖြစ်ပါတယ်” ဟု BEAM ပညာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းထွဋ်က ရှင်းပြသည်။
မြန်မာနိုင်ငံမှ စစ်ရှောင် ကလေးငယ်များသည် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဆိုးဝါးသည့် အတွေ့အကြုံများ ကြုံ လာခဲ့ရသဖြင့် စိတ်ဒဏ်ရာရနေသည်များ ရှိကြောင်း၊ ထို့ကြောင့် ကလေးများ၏ စိတ်ဒဏ်ရာ (Trauma) ကို ကုစားရန် အစီအစဉ်ကိုလည်း သင်ကြားရေးတွင် ထည့်သွင်း စဉ်းစားရကြောင်း ၎င်းက ပြောသည်။
“၂၀၂၁ မှာ တွေ့ရတာက ပိုပြီးတော့ အခြေအနေ ဆိုးတယ်။ သူတို့ရဲ့ လုံခြုံရေးပါ ထိခိုက်တာတို့၊ သူတို့မှာ ကြမ်းတမ်းတဲ့ အတွေ့အကြုံတွေ ကြုံရတဲ့အတွက် ထရော်မာတွေ ဖြစ်လာကြပြီ။ အဲဒီအတွက် ကျနော်တို့မှာ ထရော်မာ ကဏ္ဍကို ပါ ထည့်သွင်းပြီး စီစဉ်နေရပါတယ်” ဟု ဦးကျော်ကျော်မင်းထွဋ်က ဆိုသည်။
BEAM ပညာရေး ဖောင်ဒေးရှင်းအနေနှင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာသော ကလေးငယ်များ၏ အခြေခံပညာရေးသာမက အသက်မွေးဝမ်းကျောင်းပညာနှင့် ထိုင်းနိုင်ငံရှိ အဆင့်မြင့် ပညာသင်ကြားနိုင်ရေးကိုပါ ကူညီဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“နံပါတ် ၁ ကကျတော့ ကလေးတွေအတွက်ကို အခြေခံပညာမှာ စပါတယ်။ နံပါတ် ၂ ကတော့ ၁၅ နှစ်အထက် လူငယ်တွေအတွက် ကျောင်းပြင်ပ ပညာရေးအနေနဲ့ အခြေခံပညာပြီးအောင် ဆက်လုပ်ပါတယ်။ နောက်တခုကတော့ အကြောင်းအမျိုးမျိုးကြောင့် အထက်တန်း မပြီးဆုံးနိုင်တဲ့ လူငယ်တွေအတွက်ကိုက အွန်လိုင်းပညာရေးနဲ့ အထက်တန်း ပြီးဆုံးအောင် GED (General Educational Development) လို စာမေးပွဲတွေ ဖြေနိုင်ဖို့လုပ်ပါတယ်။ အဲဒီကနေ တဆင့် တက္ကသိုလ်ဝင်နိုင်ဖို့ အွန်လိုင်းကနေ တက္ကသိုလ် အသက်မွေးဝမ်းကျောင်းပညာ ဘက်ကူးနိုင်ဖို့ ဆောင်ရွက် ပေးပါတယ်” ဟု ဆရာ ကျော်ကျော်မင်းထွဋ် က ပြောသည်။
ထိုင်းနိုင်ငံ ပညာရေးဌာနသည် ယခင်က မြန်မာနိုင်ငံမှ ရွှေ့ပြောင်း ကလေးငယ်များကို ကျောင်းအပ်လက်မခံခြင်း အပါအဝင် ခွဲခြား ဆက်ဆံမှုအချို့ ရှိခဲ့သော်လည်း ယခုအခါတွင် ကျောင်းအပ်လက်ခံရန် ခွင့်ပြုထားကြောင်း ထိုင်း အခြေစိုက် မြန်မာအရပ်ဘက်အဖွဲ့များက ပြောသည်။
ထိုင်းနိုင်ငံသည် “ပညာရေးက လူတိုင်းအတွက် ဖြစ်သည်” ဆိုသော Education For All မူဝါဒကို လက်ခံကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ပြန်လည်ပြင်ဆင်လိုက်သည့် ပညာရေးဥပဒေအရလည်း ထိုင်းနိုင်ငံသား မဟုတ်သည့် မည်သူ့ကိုမဆို ပညာသင်ပေးရန် ခွင့်ပြုထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး စစ်ဘေးရှောင်၂၇၉၀၀ ကျော်ခိုလှုံနေသော မယ်လဒုက္ခသည်စခန်းတွင်လည်း စခန်းရှိ စစ်ရှောင်ကလေးငယ်များ ကျောင်းတက်နိုင်ရန် ထိုင်းအစိုးရ အာဏာပိုင်များက စာသင်ကျောင်းများကို ဇွန်လ ပထမပတ်မှ စတင်ကာ ပြန်ဖွင့်ခွင့်ပြုထားကြောင်း အဆိုပါ စစ်ရှောင်စခန်းမှ သိရသည်။

စာသင်ကျောင်းများကို ကရင်ဒုက္ခသည်များ ကော်မတီ ပညာရေးအဖွဲ့ (KRCE) ၏ လမ်းညွှန်မှုဖြင့် ကိုယ်ပိုင်သင်ရိုး ရေးဆွဲကာ သင်ကြားပေးနေခြင်းဖြစ်ကြောင်း မယ်လ စစ်ရှောင်စခန်းကော်မတီ ဥက္ကဋ္ဌ ကိုစောအောနက်က ပြောသည်။
“အရင်ကတော့ ထိုင်းကျောင်းတွေ တက်ဖို့ အခွင့်အရေး သိပ်မရှိဘူး။ အခုကတော့ နေလာတာကြာပြီဆိုတော့ ကျနော်တို့ စခန်းသူ စခန်းသား ကလေးတွေက ထိုင်းကျောင်းတွေမှာ တက်နေတာလည်း ရှိတယ်။ မနက်သွားပြီး ညနေပြန်လာ အဲဒီလိုမျိုး အခွင့်အရေးရှိတယ်။ ကျောင်းက များသောအားဖြင့် အခမဲ့ ပညာရေးပဲ။ သွားတာလာတာ ကားခအပို့အကြိုတော့ ပေးရတာပေါ့။ လောလောဆယ်ကျောင်းက ၃ ကျောင်းလောက်တော့ ဖွင့်ထားတယ်။ များသောအားဖြင့် ကျောင်းသားတွေက ၃၀၀ လောက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ရှောင် ကျောင်းသူကျောင်းသားများကို ထိုင်းနိုင်ငံအစိုးရက ပညာသင်ကြားခွင့် ပြုထားသော်လည်း အခြေခံပညာ ပြီးဆုံးသွားသည့် ကလေးငယ်များ ထိုင်းတက္ကသိုလ်များသို့ ဝင်ရောက်ခွင့်ရရေးတွင် ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ အခက်အခဲများနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇွန်လ ၉ ရက်က မယ်လစစ်ရှောင်စခန်းသို့ လာရောက်သော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ မစ္စတာ ဒဲရက်ချောလက်ထံလည်း စစ်ရှောင်စခန်း တာဝန်ရှိသူများက တောင်းဆိုခဲ့သည်။
မစ္စတာ ဒဲရက်ချောလက် ရောက်လာပြီးနောက်တွင် မြန်မာစစ်ရှောင် ကလေးငယ်များ၏ ပညာသင်ကြားရေးကို ပိုမိုကူညီရန် ထိုင်းနိုင်ငံ ဒေသန္တရအာဏာပိုင်များက ပိုမိုစဉ်းစားလာကြောင်း စစ်ရှောင်များအား ကူညီနေသူများက ဆိုသည်။
“အရင်ကတော့ အပြင်ထွက်ဖို့ ထိုင်းရဲ့ ပြည်တွင်းမှာ စာဆက်သင်ဖို့ အခွင့်အရေး မရှိခဲ့ဘူးပေါ့။ အခုတော့ ထိုင်းရဲ့ အာဏာပိုင်တွေက လာပြီးတော့ ခွင့်ပြုပေးတာ ရှိပါတယ်။ အမေရိကန်က မစ္စတာဒဲရစ်ချောလက်လာတုန်းကလည်း ကျနော်တို့ တင်ပြတယ်။ စခန်းက နေတာကြာပြီ။ ၃၇ နှစ် ၃၈ နှစ်လောက်ရှိပြီဆိုတော့ အလုပ်ရဖို့ ၊ ပညာဆက် သင်နိုင်ဖို့ အသိအမှတ်ပြု ထောက်ခံစာ တခုခုရဖို့ တောင်းတယ်။ အခုတော့ ထိုင်းအာဏာပိုင်တွေ စဉ်းစားနေပြီလို့ ပြောပါတယ်” ဟု ကိုစောအောနက်က ပြောသည်။
ကိုဗစ်ကာလအလွန်၌ ထိုင်း- မြန်မာနယ်စပ် တာ့ခရိုင်အတွင်းရှိ မဲဆောက်အပါအဝင် နယ်စပ် ၅ မြို့နယ်ရှိ ကျောင်းများအား ထိုင်းပညာရေးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းတက်ရောက် ပညာသင်ကြားခွင့်ကို ဇွန်လ ၁၄ ရက်က စတင်၍ ပြန်လည်ခွင့်ပြုပြီး စာသင်ကျောင်း ၆၀ ခန့်ရှိကာ မြန်မာကလေးငယ် ၂ သောင်းခန့် ပညာသင်ကြားနေကြကြောင်း ထိုင်းအခြေစိုက် မီဒီယာများတွင် ဖော်ပြထားကြသည်။
You may also like these stories:
ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ
မွန်ပြည်နယ်မှ အရပ်သား ၇ ထောင်ခန့် နေရပ်စွန့်ခွာ