ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အိမ်ရာဝင်းအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အပြစ်မဲ့ ပြည်သူများကို အပြစ်တင်ခြင်း မပြုကြရန်၊ ရန်သူနှင့် ပြည်သူခွဲခြားပြီး မြင်ပေးကြရန် ရန်ကုန် မြို့ပြပြောက်ကျား အဖွဲ့များက တိုက်တွန်းပြောဆိုသည်။
ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တဦးက “ကျနော်ကတော့ ရန်သူ့သတင်းပေး၊ ရန်သူ့ဘက်တော်သားနဲ့ ပြည်သူကို ခွဲထားတယ်။ လိုင်းပေါ်မှာ တွေ့နေရတဲ့ ပြည်သူ ဝိုင်းဖမ်းတယ်ဆိုတာနဲ့ ရောချလို့တော့ မရဘူး။ တကယ်တမ်း သူ့ ဘာသာနေတဲ့ ပြည်သူက ပြည်သူ။ သီးသီးသန့်သန့်ကိုမှ ရန်သူ့သတင်းပေးက ရန်သူ့သတင်းပေးဗျ။ အဲဒါက ရပ်ကွက် အတွင်းထဲမှာ နေကြတဲ့သူတွေဆို တော်တော်လေး ကွဲပြားတယ်။ သိသာပါတယ်။ တော်လှန်ရေးကို ပုံပျက်သွားအောင် တော့ ပြည်သူ ပြည်သူလို့တော့ မသုံးချင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် ၂၆ ရက် ညပိုင်းက ယုဇနဥယျာဉ်မြို့နယ် ၁၀ လမ်း(အေ) ရှိ တိုက်အမှတ် (၁၆) တွင် ပြောက် ကျားတပ်ဖွဲ့ဝင်လူငယ်များ လက်လုပ်မိုင်းများ ရွှေ့ပြောင်းစဉ် တိုက်ခန်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံး ကာ ကျန်ဒဏ်ရာရသူ ၁ ဦးအား ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အား ဧရာဝတီက မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်အချို့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လူမှုကွန်ရက် ပေါ် ပျံ့နှံ့နေသည့် သတင်းလောက်သာ အတည်ပြုပေးနိုင်ကြပြီး ယင်းဖြစ်စဉ်မှ ပြောက်ကျားတပ်ဖွဲ့ဝင် လူငယ်များမှာ မည်သည့်အဖွဲ့က ဖြစ်ကြောင်းကိုလည်း ၎င်းတို့အနေဖြင့် အတည်ပြုပြောနိုင်ခြင်း မရှိသေးပေ။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ဇွန် ၂၆ ရက် ညပိုင်း ယုဇနအိမ်ရာဝင်းအတွင်း တိုက်ခန်းတခန်းတွင် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာများဖြင့် ထွက်ပြေးရန် ကြိုးစားချိန် ဖမ်းမိခဲ့သည့် အမျိုး သား ၂ ဦးကို မြောက်ဥက္ကလာပ ဆေးရုံကြီး၌ ကုသပေးထားသည်ဟု သတင်းထုတ်ပြန်ကြောင်း ဘီဘီစီသတင်းဌာန တွင် ဇွန် ၂၈ ရက်က သတင်းဖော်ပြထားသည်။
အဆိုပါ ယုဇနဖြစ်စဉ်၌ လူငယ် ၁ ဦးအား ဝိုင်းဝန်းဖမ်းဆီးရာတွင် ဦးဆောင်သူများမှာ ရပ်ကွက်အတွင်းရှိ ဒလန် (စစ် ကောင်စီ သတင်းပေး) ဆိုသူများ ဖြစ်ကြောင်း မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ ဖြစ်သည့် Special Ninja Force က ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ထားသလို ၎င်းတို့အား ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများနှင့် မဆိုင် ကြောင်း ခွဲပြားပြသွားမည်ဟုလည်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့များက ဆိုသည်။
“မကြည့်ရက်ဘူး၊ ရင်နာလိုက်တာ၊ စိတ်မကောင်းလိုက်တာ၊ အမြန်ဆုံး လွတ်မြောက်ပါစေဆိုတဲ့ စကားလုံးတွေနဲ့အတူ ဒီနေ့ကစပြီး တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက် ပေးပါတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ တခါတည်း ချမှတ် လိုက်နိုင်ရင် မတရားမှုကို တော်လှန်နေတဲ့သူတွေကို ပိုပြီးကူညီရာ ရောက်ပါတယ်။ ရတဲ့နေရာကနေ မပါဝင်ပေးရင် တော့ ဒီခရီးက ဝေးနေဦးမယ်” ဟု ရန်ကုန်မြို့နေ ပြည်သူတဦးက ဆိုသည်။
ယခုနှစ် မေလလယ်မှ ဇွန်လကုန်ပိုင်းထိ ရန်ကုန်မြို့တွင်း စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားနေကြသော မြေပြင်သပိတ် အဖွဲ့ဝင်များနှင့် ပြောက်ကျားတပ်ဖွဲ့ဝင် အယောက် ၁၀၀ နီးပါးခန့် ဖမ်းဆီးခံထားရကြောင်း ဧရာဝတီက စုံစမ်းသိရှိရ သည်။
“အခု နောက်ပိုင်းတော့ မြို့ပြကိုထိန်းပြီး တော်လှန်ရေး မအောင်မြင်သလို ရုပ်ပြဖန်တီးချင်နေတာပါ။ အဲဒီအတွက် မြို့ပြ ကို စနစ်တကျနဲ့ အချိန်ယူပြီးကို ပစ်မှတ်ထား ဖြိုခွဲနေတာပါ။ ထင်ယောင်ထင်မှားတွေနဲ့လည်း ပုံဖျက်ဖို့ ကြိုးစားတယ်။ အခု နောက်ပိုင်းဆို မိရင်တောင် မဖမ်းသေးဘဲ အုံနဲ့ကျင်းနဲ့ဖမ်းဆီးဖို့ ပိုကြိုးစားလာတာတွေပါ ရှိပါတယ်။ UG တွေ အနေနဲ့ကတော့ အရင်ထက် ပိုသတိထားပြီး လုပ်နေကြရပါတယ်” ဟု ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ရှင်းပြသည်။
ထိုသို့ စစ်ကောင်စီဘက်မှ မြို့ပြပြောက်ကျားအဖွဲ့များအား ပစ်မှတ်ထား ဖမ်းဆီးနေသလို တဖက်တွင်လည်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်များအတွက် ငွေကြေးပိုင်းဆိုင်ရာ အဆင်မပြေမှုများ ရှိသလို အိမ်ငှားရာတွင်လည်း အခက်အခဲ များ ကြုံနေရသောကြောင့် မြို့ပြတွင် ဆက်လက်ရပ်တည်ရေး စိန်ခေါ်မှုများစွာ ရှိနေသည်ဟု Free Fighter Force ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောသည်။
သို့သော် ပြည်သူများ၏ ထောက်ပံ့မှု ရှိနေသေးသ၍ အခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်းနှင့် ၎င်းတို့ အနေဖြင့်လည်း မြို့ပြကို စစ်ကောင်စီ အုပ်ချုပ်နိုင်ခြင်း မရှိအောင် ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဆို သည်။
၎င်းက “အခုဆိုရင် စစ်ကောင်စီဘက်ကလည်း UG တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင် လာတယ်။ သူတို့ ဘယ်လိုပဲ ပစ်မှတ်ထားထား မရရတဲ့ကြားက လုပ်ရမှာပဲ။ UG တွေ မရှိတော့ရင် မြို့မှာ စစ်ကောင်စီ က အုပ်ချုပ်လို့ ရသွားမယ်။ အဲဒီအတွက်ကြောင့် စစ်ကောင်စီက မြို့ကို အုပ်ချုပ်လို့မရအောင် ရရင်ရသလိုတော့ တိုက် ခိုက်သွားမှာပါ” ဟု ပြောသည်။
စစ်ကောင်စီ အနေဖြင့် ရန်ကုန်မြို့ပေါ် လှုပ်ရှားနေသည့် မြေပြင်ဆန္ဒပြသူများနှင့် ပြောက်ကျားတပ်ဖွဲ့ဝင်များကို ပိုက်စိပ် တိုက် ဖမ်းဆီးနေရုံသာမက မန္တလေးမြို့တွင်လည်း ကွင်းဆက်များဖြင့် လိုက်လံဖမ်းဆီးလျက်ရှိရာ ပြီးခဲ့သည့် ဇွန်လ အတွင်း ၂၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့များထံမှ သိရသည်။