သတင်း

ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်ရှိ ဥကရစ်ထစခန်း ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ် (KNLA) ဦးဆောင်သည့် မဟာမိတ်တပ်များကြား ၄ ရက်မြောက်နေ့ထိ တိုက်ပွဲဆက်လက်ပြင်းထန် နေကြောင်း ကရင်မဟာမိတ်တပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ က ပြောသည်။

ဇွန် ၂၆ ရက်မှ စ၍ ဥကရစ်ထစခန်းကို KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)နှင့် ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များက ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ယနေ့ ထိ အင်အားဖြည့်တင်း ခုခံနေခြင်း ဖြစ်သည်။

ဇွန် ၂၈ ရက်တွင် စစ်ကောင်စီတပ်သည် ကရင်မဟာမိတ်ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ဥကရစ်ထစခန်းရှိ ၎င်းတို့ ၏ တပ်ဖွဲ့ဝင်များကို နောက်သို့ဆုတ်ခိုင်းပြီး တိုက်လေယာဉ်များဖြင့် ဆက်တိုက် ဗုံးကြဲခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က မနေ့က ဖိတိုက်တာမှာ သူတို့ စခန်းကုန်းကို ရတော့မယ်။ အဲဒီအချိန်မှာ သူတို့က တပ်ကို ပြန်ဆုတ်လိုက်ပြီး စခန်းကို ဗုံးကြဲတယ်။ အဲဒါ စခန်းက မီးတွေလောင်ပြီး စခန်းမှာရှိတဲ့ ခဲယမ်းတွေကလည်း ပေါက်ကွဲဆိုတော့ ကျနော်တို့ လည်း အနောက်ကို ဆုတ်နေလိုက်တယ်။ စခန်းက မီးငြိမ်းသွားတဲ့နောက်မှာ သူတို့က အင်အားဖြည့်ပြီး စခန်းမှာ ပြန်နေရာ ယူထားတာ။ ဒီမနက် ကျနော်တို့က ထပ်တိုက်တော့ သူတို့နဲ့တွေ့ပြီး တိုက်ပွဲဖြစ်နေတာ” ဟု ကရင်မဟာမိတ်တပ်များဘက် မှ သတင်းရင်းမြစ်တဦးက ဆိုသည်။

အခြားသော မြေပြင်သတင်းရင်းမြစ်တဦးကလည်း စစ်ကောင်စီတပ်ဘက်က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) များ အသုံးပြုပြီး ကရင်မဟာမိတ်တပ်များကို တန်ပြန်တိုက်နေကြောင်း၊ တိုက်လေယာဉ်ဖြင့်လည်း ဗုံးများကို ၁၀ ကြိမ်ထက်မနည်း ကြဲချထားကြောင်း ပြောသည်။

စစ်ကောင်စီဘက်က ကြဲသည့်ဗုံးမှာ ပေါက်ကွဲအား ပြင်းထန်သည့် Cluster Bomb များ ဖြစ်ကြောင်း မြေပြင်သတင်းရင်း မြစ်များက ပြောသော်လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်သေးပေ။

ကရင်မဟာမိတ်တပ်များဘက်က စက်သေနတ်ကြီးများ၊ ပခုံးထမ်း RPG လောင်ချာများသုံးကာ တိုက်ခိုက်နေသော်လည်း လက်နက်ကြီးနှင့် လေကြောင်းပစ်ကူတွင် စစ်ကောင်စီဘက်က အင်အားပိုသာနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

တိုက်ပွဲသည် ရလဒ်အခြေအနေ တစုံတရာ မထင်ရှားသေးဘဲ အပြင်းအထန် တိုက်နေရဆဲ ဖြစ်ကြောင်းလည်း ၎င်းတို့က ပြောသည်။

“အခုထိတော့ ချနေကြတုန်းပါပဲ။ အခုလည်း ဓာတုဗုံးတွေနဲ့ ကြဲတယ်။ ညကလည်း ပေါင် ၂၀၀ ဗုံးတွေ ကြဲတယ်။ ဒီမနက်လည်း တောက်လျှောက်ပဲ လေယာဉ်ပျံတွေ တစီးပြီးတစီး တက်ပြီး ဗုံးကြဲနေတာပါ။ စစ်ဘေးရှောင်တွေလည်း ရှိပါတယ်။ အရေအ‌တွက်တော့ အတိအကျ မသိဘူး။ တိုက်ပွဲဖြစ်တဲ့ နေရာနားက ရွာတွေက အကုန်လုံး ထွက်ပြေးနေ ကြရတာပါ။ ဘာကြောင့်လဲဆိုတော့ လက်နက်ကြီးတွေရော၊ ၁၂၀ မမ ဟောင်ဝစ်ဇာ တွေရော ဆက်တိုက် ပစ်နေတာ ကြောင့်ပါ” ဟု မြေပြင်သတင်းရင်းမြစ်တဦးက ပြောသည်။

ကရင်ပြည်နယ် ရှေ့တန်းစခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်လာသည့် ဗိုလ်ကြီးလင်းထက်အောင်က ဥကရစ်ထစခန်းသည် ဥကရစ်ထရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီစခန်းဖြစ်ပြီး သစ်ကားများနှင့် အခြားသောကုန်စည် ဖြတ်သန်းမှုများအား စစ်ကောင်စီ တပ်က ဆက်ကြေး ကောက်နေသည့်စခန်း ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား
ထားသည်။

စစ်ကောင်စီတပ်သည် ဝေါလေရဲစခန်းကို KNDO တပ်များ ဇွန် ၁၃ ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်း၏တပ်များကို တပ်လှန့်ထားပြီး ဥကရစ်ထစခန်း ဝန်းကျင်ရှိ စိုးမိုးကုန်းများတွင်ပါ တပ်ဖြန့်ထားလိုက်ပုံရကြောင်းလည်း ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

“သေဘောဘိုးစခန်းဟာ အလွယ်တကူ စစ်ကူပစ်ကူ မလာနိုင်တဲ့နေရာမှာ တည်ရှိခဲ့လို့ တိုက်တဲ့အချိန် အချိန်တိုတိုနဲ့ ရနိုင် ခဲ့တာပါ။ ဥကရစ်ထကျတော့ အဲဒီလို မဟုတ်တော့ပါဘူး။ သူ့နားမှာတင် စုကလိ ပွိုင့် ၆၂၆ ဝေါလေဗျုဟာကုန်းတို့ တည်ရှိ နေတာပါ။ ဆုံဆည်းမြိုင်မှာက မအလ (စစ်ခေါင်းဆောင် မင်းအောင်လှိုင်) နဲ့ သွားတွေ့ထားတဲ့ DKBA ဌာနချုပ်ကလည်း တည်ရှိနေပါတယ်” ဟု ၎င်းက ဆိုထားသည်။

ဆက်လက်၍ ၎င်းက “လေယာဉ်ပစ်ကူ မလာနိုင်ရင်တောင် အနီးကစခန်းတွေရဲ့ စစ်ကူပစ်ကူဟာ အချိန်တိုအတွင်း ချက် ချင်းရနိုင်တဲ့ အနေအထားပါ။ မြေပြင်က စစ်ကူပစ်ကူကို မဟန့်တားနိုင်ရင် စခန်းသိမ်းနိုင်ရင်တောင် သေ့ဘောဘိုးလို ပုံရိပ် တွေနဲ့ သတင်းတွေရဖို့က မလွယ်ကူတဲ့ အနေအထားဖြစ်နေတဲ့ သဘောပါပဲ။ လေယာဉ်ပစ်မရှိလို့ ဘာညာ သုံးသပ်ချက် တွေဟာ ၁၀၀ ရာခိုင်နှုန်းအပြည့် မမှန်ကန်ပါဘူး။ ပထဝီဝင်စစ်ရေး အနေအထားအရကော၊
မအလ စစ်တပ်ရဲ့ တပ်ဖြန့်ခွဲမှု တွေကြောင့်ရော အခုလောက်ထိ ခက်ခဲတဲ့ အနေအထားပါ။ အဲဒီလို အခက်အခဲတွေကြောင့် စခန်းကို အလွယ်တကူ မသိမ်းနိုင်သေးတာလို့ အကြမ်းဖျင်း သုံးသပ်လို့ရပါတယ်” ဟုလည်း သုံးသပ်ရေးသားထားသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် ကရင်မဟာမိတ်တပ်များဘက်မှ တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးထားပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ မြေပြင်အခြေအနေနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပြန့်နှံ့နေသော ဓာတ်ပုံများနှင့် ဗီဒီယိုများအား KNDO အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ တိုက်ပွဲသတင်းအား ၎င်းတို့အနေဖြင့် ဆက်လက်
ထုတ်ပြန်မည် ဖြစ် သောကြောင့် အတည်မပြုနိုင်သော သတင်းများအား ဖြန့်ဝေမှု မပြုခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် KNDO (ဗဟို) က ယနေ့ ညနေပိုင်းတွင် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

You may also like these stories:

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ

KNU တပ်မဟာ ၁ နှင့် ၅ က BGF တပ်တွေ ပြန်ဆုတ်

နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း

Loading