ပို့ကုန်ရငွေ (Export Earning) စာရင်းရှင်းရန် ကျန်ရှိနေသော ကုမ္ပဏီများကို စစ်ကောင်စီက Backdate နှင့် ဘဏ်စာရင်းတွင် အမေရိကန်ဒေါ်လာ ပြန်ထည့်ရန်အတွက် တောင်းယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၊ ဦးသိန်းစိန် အစိုးရ လက်ထက်များကတည်းက ကျန်ရှိနေသော ကုမ္ပဏီများကို စာရင်းကောက်ယူပြီး ပြန်လည်တောင်းယူနေခြင်း ဖြစ်ကြောင်း၊ မသွင်းသည့် ကုမ္ပဏီများကို အရေးယူခြင်းနှင့် အမည်ပျက်စာရင်း သွင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း ကုန်သည်တဦးက ပြောသည်။
နယ်စပ်ကုန်သည်ကြီးတဦးက “လောလောဆယ်တော့ သူတို့ (စစ်ကောင်စီ) တောက်လျှောက် လိုက်ပြီးပြီ။ ၂၀၁၉ တင်မကဘူး။ ဟိုတုန်းကဟာတွေပါ ပါတယ်။ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ တွေရော ပြန်လိုက်တယ်။ Backdate နဲ့ ပြန် ဆောင်ခိုင်းတယ်။ ပြီးခဲ့တဲ့လက မဆောင်တဲ့သူတွေကို အမည်ပျက်စာရင်းသွင်း။ အဲဒါတွေကို အခု ပြန်ပေးသွင်းရင် ပြန်ပြီးတော့ ပို့ကုန်လိုင်စင်လည်း လျှောက်လို့ရတယ်။ အမည်ပျက်စာရင်းကလည်း ပြန်ပယ်ဖျက်ပေးတယ်။ တော်တော်များများတော့ ပြန်သွင်းနေကြရတယ်” ဟု ရှင်းပြသည်။
ကုန်သည်များ အနေဖြင့် ကုန်ပစ္စည်းရောင်းရငွေကို သင်္ဘောတင်ပြီး ၃ လအတွင်း သက်ဆိုင်ရာဘဏ်၌ နိုင်ငံခြားငွေ အဝင်ပြရမည် ဖြစ်ကာ တချို့ ကုန်သည်များက မသွင်းဘဲ ကျန်ရှိနေသဖြင့် နောက်ကြောင်းပြန်လိုက်၍ တောင်းနေခြင်း ဖြစ်သည်။
ယခင် အစိုးရ အဆက်ဆက်တွင် ပို့ကုန်ဝင်ငွေများကို ပြည်တွင်းသို့ လွှဲပြောင်းခြင်း မပြုဘဲ နိုင်ငံခြားဘဏ်များတွင်သာ ထားရှိသော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ယိုယွင်းလာသည်နှင့်အမျှ စစ်ကောင်စီသည် နိုင်ငံခြားငွေ(ဒေါ်လာ) လိုအပ်ချက် ကြီးမားလာသောကြောင့် ယခုကဲ့သို့ Backdate နှင့် ပြန်တောင်းခြင်း ဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ပြောဆိုသည်။
မန္တလေးမြို့မှ ကုန်သည်ကြီးတဦးက “အခုကတော့ ကျပ်၊ ဘတ်၊ ယွမ်၊ ဒေါ်လာနဲ့ သွင်းပေါ့နော်။ ဒါပေမယ့် ဇူလိုင် ၁ ရက် နေ့ကစပြီး ဒေါ်လာနဲ့ပဲ သွင်းရတော့မှာ။ ဘယ်လိုတော့ လာအုံးမယ် အတိအကျ မသိသေးဘူး” ဟု ပြောသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတွင် မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံအတွင်းရှိ ၎င်း၏ ဘဏ်စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ၊ အကယ်၍ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ပါက ပုဒ်မ ၄၂ အရ ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ် ရမည်ဟု ပြဋ္ဌာန်းထားသည်။
ပို့ကုန်လုပ်ငန်းရှင် တဦးက “ပို့ကုန်စာရင်းကတော့ မရှင်းနိုင်စရာတော့ မရှိပါဘူး။ တရားဝင်ဆိုရင် စာရွက်စာတမ်းနဲ့ ပြန်လိုက်ရင် ရပါတယ်။ မရှင်းနိုင်ဘူး ဆိုရင်တော့ တရားမဝင် လုပ်လို့ပေါ့နော်။ အဲဒီလိုပဲ ဆိုရမှာပဲ” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် နိုင်ငံခြားငွေ (ဒေါ်လာ) ဝင်ရောက်လာနိုင်သော လမ်းကြောင်းများကို တင်းကျပ်စွာ ထိန်းချုပ်လာနေပြီး ဘဏ်စာရင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားငွေ (ဒေါ်လာ) များကိုလည်း ၁ ရက်အတွင်း ၎င်းတို့ သတ်မှတ်ထားသည့် ၁ ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် မဖြစ်မနေ လဲရမည်ဟုလည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က ယခုနှစ် မေ ၁၀ ရက်တွင် ပို့ကုန်ရငွေ စာရင်းကျန်ကို အကြောင်းပြကာ ဒေါ်လာ ပြန်မထည့်သည့် ကုမ္ပဏီ ၁၅၀ ကျော်နှင့် ဒါရိုက်တာအဖွဲ့ဝင် ၄၀၀ ကျော်ကိုလည်း အမည်ပျက်စာရင်း သွင်းကြောင်း ကြေညာခဲ့သည်။
အခွန်ရှောင်ရန် ရည်ရွယ်ချက်ဖြင့် ပို့ကုန်၊ သွင်းကုန်များနှင့် တားမြစ်ကုန်ပစ္စည်းများကို တရားမဝင် ကုန်သွယ်နေခြင်းကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန် ၂၈ ရက်က ပြုလုပ်သော တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းက ပြောဆိုထားသည်။
လက်ရှိတွင် နိုင်ငံတကာမှ ဒဏ်ခတ်အရေးယူခြင်းများ အပါအဝင် အဘက်ဘက်မှ စီးပွားရေးအရ ပိတ်ဆို့ခံထားရသော စစ်ကောင်စီ အနေဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန်အတွက် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ထိန်းချုပ်ကန့်သတ်လျက် ရှိနေသည်။
You may also like these stories:
ပို့ကုန်ရငွေ စာရင်းရှင်းရန် ကုမ္ပဏီ ၆၀၀ကျော်ကို ဗဟိုဘဏ် သတိပေး
ဗဟိုဘဏ်၏ ငွေသားနှင့်ပေးချေမှု ကန့်သတ်ချက် ဈေးကွက်ကို ထိန်းချုပ်သည့်ပုံဖြစ်နေ
ထိုင်း-မြန်မာ နယ်စပ်မှ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် လိုင်စင်ကြေး တိုးမြှင့်
ထိုင်းသို့ ပြောင်းတင်ပို့မှု ရုတ်တရက် ပိတ်လိုက်သဖြင့် ကုန်သည်များ အခက်ကြုံ