ရခိုင်ပြည်နယ်တွင် ရေတပ်သား ၂ဦးကို ရက္ခိုင်စစ်တပ် ( AA)က ဖမ်းသွားပြီးနောက် စစ်ကောင်စီက စစ်တွေမှ မြို့နယ် အသီးသီးသို့ သွားလာနေသည့် အမြန် ရေယာဉ်များ၊ ကုန်စည်တင်ပို့ စက်လှေများကို ရက်အကန့်အသတ်မရှိ ပိတ် ထားသဖြင့် ဒေသခံများ အခက်ကြုံနေကြောင်း သိရသည်။
ဇွန် ၂၃ရက်က စစ်တွေမြို့တွင် ရေတပ်အရာရှိတဦးနှင့် အခြားအဆင့်တပ်သားတဦးကို AA က ဖမ်းသွားပြီးနောက် စစ်ကောင်စီက လုံခြုံရေး အကြောင်းပြကာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရေလမ်းကြောင်းများကို ပိတ်ထားသလို တောင်ပိုင်းမြို့နယ်များဖြစ်သည့် စစ်တွေ- တောင်ကုတ်၊ စစ်တွေ- ကျောက်ဖြူ၊ စစ်တွေ- ရမ်းဗြဲ- မာန် အောင် စသည့် မြို့နယ်များသို့ ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကို ပိတ်ထားခြင်း ဖြစ်သည်။
စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များတွင် ရေလမ်းကို အဓိကထားပြီး ဆက်သွယ်သွားလာရသည့် ဒေသတခု ဖြစ်သည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေး အကြောင်းပြချက် တခုတည်းဖြင့် ရေလမ်းကြောင်း အားလုံးကို ပိတ်ထားခြင်းမှာ ဒေသခံများ အခက်အခဲများစွာ တွေ့နေရကြောင်း ကျောက်ဖြူမြို့ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။
“ရခိုင်ပြည်နယ်က ရေကြောင်းကို အားထားပြီး သွားလာရတဲ့ ဒေသဖြစ်တယ်။ အခု ရေယာဉ်တွေကို ထွက် ခွာခွင့်မပြု ဘဲ ပိတ်ထားတယ်ဆိုတော့ ပြည်သူတွေအတွက် တော်တော် ဒုက္ခရောက်တာပေါ့။ အခုဆိုရင် အဝေးသင် ဖြေပြီးလို့ ပြန်လာမယ့် ကျောင်းသားတွေလည်း စစ်တွေဘက်မှာ သောင်တင်နေတယ်။ ဝန်ထမ်းတွေကိုယ်တိုင် ပညာ ရေးကိစ္စ၊ ရုံးကိစ္စတွေမှာ ရေယာဉ်တွေ မထွက်တဲ့အတွက် အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်” ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
ထိုသို့ စစ်တွေမြို့ကနေ ထွက်ခွာသည့် စစ်တွေ- ပေါက်တော ရေယာဉ်လိုင်း၊ စစ်တွေ- မင်းပြားရေယာဉ်လိုင်း၊ စစ်တွေ- မြေပုံ ရေယာဉ်လိုင်း၊ စစ်တွေ-မြောက်ဦး ရေယာဉ်လိုင်းများ၊ စစ်တွေ- ရသေ့တောင်- ဘူးသီးတောင် ရေယာဉ်လိုင်း များနှင့် ကုန်စည်တင်ပို့သည့် စက်လှေများကိုပါ ရက်အကန့်အသတ်မရှိ စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် ဒေသတွင်း ကုန်ပစ္စည်းများမှာလည်း တရိပ်ရိပ်မြင့်တက်လာကြောင်း မင်းပြားဒေသခံ ကိုအမ်းသားကြီးက ပြောသည်။
ကိုအမ်းသားကြီးက “တနိုင်ငံလုံး အတိုင်းအတာနဲ့ အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီက ရခိုင်မှာ ရေ လမ်းကြောင်းတွေ ပိတ်လိုက်တာကတော့ ကျနော်တို့ဒေသမှာ ပိုပြီးတော့ အခက်အခဲဖြစ်တာပေါ့။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ဒီလိုမျိုးလုပ်တဲ့အပေါ် လုံးဝ လက်မခံနိုင်ဘူး။ လုံခြုံရေးအရဆိုရင်လည်း ရေလမ်းကြောင်းကို ပိတ်တဲ့အထိ လုပ်စရာ မလိုဘူး။ ရေယာဉ်တွေကို သူတို့ မသင်္ကာရင် သူတို့ စစ်ဆေးလို့ ရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းပြင် စစ်တွေ- ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်းမကို ဇွန်လ ဒုတိယပတ်က ပိတ်ထားသည့်အတွက် မိုးဦးကျ စပါးစိုက်ရာသီတွင် လယ်သမားများအနေဖြင့် လယ်ယာသုံးပစ္စည်းဈေး အဆမတန် မြင့်တက်ခြင်း၊ စိုက်ပျိုးရေးသွင်း အားစုများ ရှားပါး ပြတ်လတ်နေမှု အခြေအနေနှင့် ကြုံတွေ့နေရသည်ဟုလည်း ဒေသခံတောင်သူများက ဆိုသည်။
ရသေ့တောင်မြို့နယ်နေ ကုန်သည်တဦးက “စစ်တပ်က AA နဲ့ တိုက်ပွဲ မဖြစ်ဘဲ နားလည်မှုနဲ့ အပစ်ရပ်ထားပေမယ့် တဖက်မှာ ကျနော်တို့ ပြည်သူတွေကို စီးပွားရေး ကျပ်တည်းအောင်၊ အကြောက်တရား ကြီးစိုးအောင် လုပ်နေတယ်။ အခု စစ်တွေမြို့က စက်လှေ မထွက်ရဘူး။ တခြားမြို့က စက်လှေတွေကိုလည်း အဝင်မခံဘူးဆိုတော့ နယ်ဘက်တွေ မှာ စက်သုံးဆီတွေ၊ ဓာတ်မြေသြဇာတွေ ပြတ်လပ်နေပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် AA ကြား တိုက်ပွဲများ ရပ်တန့်ထားသော်လည်း နှစ်ဖက်အပြန် အလှန် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည်။
ပြီးခဲ့သော မေလ ၁၁ ရက်မှနေ ဇွန်လ၂၃ ရက်အထိ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ စစ်တွေ စသည့် မြို့ကြီး များတွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သား ၁၃ ဦးကို AA ဖမ်းဆီးခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်မှလည်း AA တပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ရှာဖွေဖမ်းဆီးမှုများပြုလုပ်နေသည့် အတွက် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ရဲ ၃ ဦးကို AA ဖမ်းသွားပြီးနောက် စစ်ကောင်စီက တအိမ်တက်ဆင်းရှာဖွေနေ
စစ်တွေ၌ အဖမ်းအဆီးကြမ်း၊ စာသင်ကျောင်းနှင့်ဈေးများ ပိတ်ထား
စစ်တွေရေတပ်စခန်းမှ ဗိုလ်ကြီး ၁ ဦး AA ဖမ်းဆီး
မြောက်ဦး စရဖ တရုံးလုံး AA ဖမ်းသွား