စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်းရှေးဟောင်းဇုန်အနီး ဒေသခံများက ရှေး ဟောင်း ပစ္စည်းများ တူးဖော်နေခြင်းကြောင့် ဇွန် ၂၈ ရက် ညနေပိုင်းမှစ၍ စစ်ကောင်စီတပ်က လာရောက်တပ်စွဲကာ လုံခြုံရေး ယူထားကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၁၀၀ ခန့် ပါသည့် အဆိုပါ စစ်ကြောင်းသည် ရွှေဘိုမြို့ဘက်မှ လာသည့်တပ်ဟုသာ သိရပြီး ယခုအခါ ရင်းတောရွာ တွင် တပ်စွဲထားကြောင်း၊ ဒေသခံများထံမှ သိရပြီး၊ ရွှေဘိုတွင် ခြေမြန်တပ်ရင်း ခမရ (၁၁)၊ ခမရ (၁၂) နှင့် ခြေလျင် တပ်ရင်း ခလရ (၄၂) တို့ အခြေစိုက်သော်လည်း ယခု တပ်လာစွဲသည့် စစ်ကြောင်းမှာ မည်သည့်တပ်ရင်းက ဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။
ဇွန် ၂၉ ရက်တွင် ဧရာဝတီက ဒေသခံတချို့အား ဆက်သွယ်မေးမြန်းရာ ယင်းနေ့၌ ဒေသခံများ လာရောက်တူးဖော်ခြင်း မရှိတော့သော်လည်း လုံခြုံရေးခေါင်းစဉ်ဖြင့် လာရောက်တပ်စွဲသည့် စစ်ကောင်စီတပ်မှ စစ်သား ၁၀ ယောက်ခန့်သည် ဒေသခံများအား ခေါ်ယူပြီး ရှေးဟောင်းပစ္စည်းများ ဆက်လက်တူးဖော်နေကြကြောင်း ပြောဆိုသည်။
“ဒီနေ့ ဒေသခံတွေ မတူးကြရတော့ဘူး။ ဒါပေမဲ့ ရင်းတောနဲ့ ထန်းကြီးက ရွာသားတွေကိုခေါ်ပြီး ရှာခိုင်းတာတွေ လုပ်နေကြ တယ်။ ယောက်ျားတွေက တူး၊ မိန်းမတွေက ဆန်ကာတိုက်ပြီး ရှာပေးနေကြရတယ်။ သန္တာစေ့တွေကို မြေကြီးတွေတူးပြီး ရေဆေးရှာကြရတာလေ။ စစ်သား ၁၀ ယောက်လောက်က ရွာသူရွာသား ၄၀ ကျော်လောက်ကိုခေါ်ပြီး သူတို့အတွက် ရှာခိုင်းနေကြတာ” ဟု ဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကစပြီး ဝက်လက်မြို့နယ်အတွင်း ရင်းတောကျေးရွာနှင့် ထန်းကြီးကျေးရွာကြား ၄ ဧက ခန့် ကျယ် ဝန်းသော သဲကုန်းမြေကွက်တွင် ရှေးဟောင်းပုတီးစေ့၊ ပယင်း စသည့် တန်ဖိုးရှိ ရှေးဟောင်းပစ္စည်းများ တွေ့ရှိသည်ဟုဆို ကာ ဒေသခံ အများအပြား ဝင်ရောက် တူးဖော်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ဇွန် ၂၈ ရက်ကဆို လူ ၁ ထောင်ကျော်လောက်ထိ လာတူးကြတာ။ အများစုကတော့ ဒေသခံကျေးရွာသားတွေပဲ။ သူတို့ အများဆုံး ရကြတာကတော့ ဒေသအခေါ် သဒ္ဒါစေ့တွေပေါ့။ ရှေးဟောင်း ကျောက်လုံးလေးတွေပါ (ပယင်းကျောက်နှင့် ပတ္တမြား၊ နီလာ၊ မြ ဟု ယူဆရသော အရောင်မျိုးစုံပါသည့် ကျောက်များ)၊ ရှေးဟောင်းသတ်မှတ် နယ်မြေနဲ့ကတော့ လွတ် တယ်။ ဇွန် ၂၈ ရက် ညနေပိုင်း ၆ နာရီခွဲလောက်ကတည်းက စစ်တပ်ကလာပြီး ရင်းတောမှာ အထိုင်ချ တပ်စွဲထားတော့ ဒီနေ့ ဘယ်သူမှ မတူးရဲကြတော့ဘူး” ဟု ဟန်လင်းဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းက ထန်းကြီးကျေးရွာကို မြေဖို့ရန်အတွက် ရင်းတောနှင့် ထန်းကြီးကျေးရွာကြားရှိ သဲကုန်းမြေကို တူးခဲ့ရာမှ ပယင်း၊ ပုတီးစေ့၊ အရိုး၊ မီးသွေးခဲအသွင် အတုံးအခဲ၊ အရောင်စုံကျောက်များ၊ ပျုခေတ်ရှေးဟောင်းပစ္စည်းများ ပါရှိသော အိုး ၁ လုံး စသည်ဖြင့် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့နောက်ပိုင်း ဒေသခံအနည်းစုသာ တူးဖော်ခဲ့ကြရာမှ တစတစဖြင့် လူသိများလာပြီး ဇွန် ၂၈ ရက်တွင် လူ ၁ ထောင်ကျော် ထိ လာရောက် တူးဖော်ခြင်းများ ရှိခဲ့ကြောင်း၊ ယင်းတူးဖော်ရာနေရာသို့ ရှေးဟောင်းပစ္စည်း ဝယ်ယူသူများက လာရောက်ပြီး ကျပ်သိန်းရာချီ ပေးဝယ်မှုများလည်း ရှိကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
“အဲဒီနေရာက ပိုင်ရှင်တွေလည်း ရှိကြတယ်။ အဲဒီ အကွက်ပိုင်ရှင်တွေက တူးနေကြတာကို ဘယ်လိုမှ တားမရတော့လို့ စစ်တပ်ကို ခေါ်လိုက်တယ်လို့ သိရတယ်။ အဲဒီနေရာက နွေနှမ်းစိုက်ခင်းတွေ ရိတ်သိမ်းပြီးစ အကွက်တွေ။ လူနည်းစု တူး တုန်းကတော့ ပိုင်ရှင်နဲ့ အဆင်တပြေ ဖြစ်ခဲ့ကြတာပေါ့။ သန္တာစေ့တွေ ရကြတယ်ဆိုတော့ ထိန်းလို့မရအောင်ထိ တွေ့ရာနေ ရာကို ဝင်တူးကြတော့တာပဲ” ဟု ဒေသခံတဦးက ရှင်းပြသည်။
ထိုသို့ တူးဖော်ရာတွင် အချို့က အိုးလိုက် ရကြသည်များရှိသလို အနည်းဆုံး သိန်းဂဏန်းဖိုးထိ ရကြကြောင်း၊ အများဆုံး တူးဖော်ရရှိသည်မှာ သဒ္ဒါစေ့များဖြစ်ပြီး ယင်းနေရာသည် ရှေးသင်္ချိုင်းဟောင်းနေရာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဟန်လင်းရှေးဟောင်းနယ်မြေအဖြစ် အနောက်ဘက်တွင် မုဆိုးခြုံ၊ တောင်ဘက်တွင် ဆားတောင်ကြီး၊ မြောက်ဘက်တွင် တကန်သာ၊ အရှေ့ဘက်တွင် ကံတော်ရိုးကျေးရွာများအထိ သတ်မှတ်ထားပြီး ယခု တူးဖော်ကြသည့်နေရာမှာ ဟန်လင်း ပျူမြို့ဟောင်း၏ ၈ မိုင်ခန့်အကွာတွင် ရှိကြောင်း သိရသည်။
ယခင်က ဟန်လင်းရှေးဟောင်းနယ်မြေတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အထိုင်ချပြီး ထိန်း သိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း ယခုအခါ နယ်မြေလုံခြုံရေး အခြေအနေအရ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြ တိုက်ဦးစီးဌာနမှ သိရသည်။
“ပထမ တချက်ကတော့ ဒီနေရာက ကျနော်တို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဟန်လင်းမြို့ဟောင်းရဲ့ ဧရိယာအပြင်ဘက်မှာ ကျတယ်။ ဒါပေမဲ့လည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲမှာ ရှိတယ်ဆိုတဲ့ အတွက်ကြောင့် ကျနော်တို့မှာလည်း နယ်မြေလုံခြုံရေးအရ စစ်ကိုင်းအစိုးရကို တင်ပြထားပါတယ်။ လုံခြုံရေး တာဝန်ယူဆောင်ရွက်ပေးဖို့ရယ်၊ ဒါတွေကို တားမြစ် ဆောင်ရွက်ပေးဖို့ရယ်တော့ ကျနော်တို့ ဆောင်ရွက်ထားပါတယ်ဗျ” ဟု ယင်းဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်းဒေသတွင် ကျေးရွာအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့များ မရှိသလို ရှေးဟောင်းအမွေအနှစ်ဇုန် ဖြစ်သည့်အတွက် တိုက်ပွဲဖြစ်ပွားမှု မရှိစေရန်လည်း ဒေသကာကွယ်ရေးအဖွဲ့များ အနေဖြင့် အတတ်နိုင်ဆုံး ရှောင်ရှားကြကြောင်း ဝက်လက် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တဦးက ပြောသည်။
၎င်းက “ရင်းတောမှာ တပ်စွဲထားတယ်။ ရွှေဘိုဘက်ကလာတဲ့ တပ်လို့ပဲ သိရတယ်။ ရင်းတောမှာ အထိုင်ချပြီးတော့ ဒီနေ့ ထန်းကြီးဘက်ကို ဝင်မွှေသွားတယ်လို့ သိရတယ်။ အဲဒီဘက်က ရှေးဟောင်းနယ်မြေ ကမ္ဘာ့အမွေအနှစ်ဇုန်မို့ တိုက်ပွဲတွေ မဖြစ်ရအောင်လည်း ကျနော်တို့ ရှောင်ကြတယ်။ ရှေးဟောင်းနယ်မြေအတွက် လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လာကြတာ ဆိုတော့ အခြေအနေကို စောင့်ကြည့်ရမှာပဲ” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဟန်လင်းပျူမြို့ဟောင်း အမွေအနှစ်ဇုန်အတွင်း ရှေးဟောင်းပစ္စည်းများ တူးဖော်ခြင်း၊ ရွှေရှာစက်များဖြင့် ရွှေတူးခြင်းများ ရှိနေခြင်းကြောင့် ရှေးဟောင်းနယ်မြေ ပျက်စီးမှုများ မဖြစ်စေရန် တူးဖော်ခြင်း မပြုရန်နှင့် တွေ့ရှိပါက အရေးယူမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် PDF များက ထုတ်ပြန် တားမြစ်ခဲ့ရသေးသည်။
ဟန်လင်းပျူမြို့ဟောင်းသည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံထားရပြီး ဟန်လင်းပျူမြို့ဟောင်းနှင့်အတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်းရှိ သရေခေတ္တရာ၊ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်ရှိ ဗိဿနိုးမြို့ဟောင်းတို့သည်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံထားရသည်။
You may also like these stories:
ဟန်လင်းကမ္ဘာ့အမွေအနှစ်ဇုန်အတွင်း ရှေးဟောင်းပစ္စည်း မတူးဖို့ PDF သတိပေး