ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဥကရစ်ထစခန်းဝန်းကျင်၌ ဖြစ်နေသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်သည့် မဟာမိတ်တပ်များကြား တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း ဖု့ဖရမြို့နယ် ထဲသို့ ထွက်ပြေးလာသည့် စစ်ဘေးရှောင်မှာ ၁၀၀၀ ခန့် ရှိလာကြောင်း မဲဆောက်ရှိ စစ်ရှောင်များကို ကူညီနေသူ များ ထံမှ သိရသည်။
စစ်ဘေးရှောင်များမှာ ဥကရစ်ထနှင့် ရွှေအေးမြိုင်ရွာတို့မှဖြစ်ပြီး ကရင်လူမျိုး အများဆုံး ဖြစ်ပြီး၊ တိုက်ပွဲစသည့် ဇွန် ၂၅ ရက်တွင် ၅၀၀ခန့် ပထမဆုံးထွက်ပြေးလာပြီး ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ၃၀၀ ခန့် ၊ ဇွန်လ ၂၉ ရက်နှင့် ၃၀ ရက်များတွင် အယောက် ၂၀၀ ခန့် ထပ်မံထွက်ပြေးလာခြင်း ဖြစ်သည်။
မဲဆောက်အခြေစိုက် စစ်ရှောင်အရေးကူညီနေသူတဦးက “ကလေးက ၅၀ နဲ့ ၁၀၀ ကြားထဲမှာ ရှိတယ်။ အများစုက အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်တယ်။ သက်ကြီးသမားတွေ လည်း ပါတယ်။ သက်ကြီးသမားဆိုတာက ၆၀ နဲ့ ၇၀ ဝန်းကျင်တွေ။ အများစုကတော့ ကရင်လူမျိုးတွေပါ။ တခြားတိုင်း ရင်းသားဖြစ်တဲ့ ဗမာတို့ဘာတို့လည်း ပါကြပါတယ်” ဟု ဆိုသည်။
စစ်ရှောင်များသည် တိုက်ပွဲ စတင်သည့် ဇွန် ၂၆ ရက်မှ ၂၉ ရက်တိုင်အောင် ဝေါလေချောင်းဘေးရှိ ထိုင်းဘက်မှ ယာမြေများပေါ်တွင် နေခဲ့ရပြီး ဇွန် ၃၀ ရက်တွင်မူ ထိုင်းအာဏာပိုင်များက စစ်ရှောင်များကို ဖု့ဖရမြို့နယ်ရှိ စာသင် ကျောင်းတွင် ယာယီခိုလှုံခွင့် ပေးထားကြောင်း မဲဆောက်အခြေစိုက် စစ်ရှောင်အရေး ကူညီနေသူတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက “သူတို့မှာ အလဲအလှယ်လုပ်ဖို့ အဝတ်အစားတွေတော့ ပါကြတယ်။ အမိုးအကာတော့ မရဘူး။ သူတို့ ဒီလို အဆင်ပြေသလို သစ်ရိပ်ဝါးရိပ်အောက်မှာပဲ သူတို့ပါလာတဲ့ အခင်းလေးခင်းပြီး နေကြရတာ။ မိုးကတော့ ဒီရက်ထဲမှာ တဖွဲဖွဲရွာနေတာတော့ ရှိတယ်။ စားရေးသောက်ရေးကို အဲဒီ အနီးအနားက ကျေးရွာဒေသခံတွေနဲ့တကွ စုပေါင်းပြီးပေးကြတာမျိုး ရှိတယ်။ အပြင်က အရပ်ဘက်အဖွဲ့တွေ၊ ကူညီသူတွေက သွားရောက် ထောက်ပံ့ပေးတာကို ထိုင်းဒေသအာဏာပိုင်တွေက ခွင့်မပြုသေးဘူး” ဟု ရှင်းပြသည်။
ဖု့ဖရမြို့နယ်နှင့် ကပ်လျှက် ဝေါလေချောင်းတဖက်ကမ်းရှိ ဥကရစ်ထစခန်းကို ဇွန် ၂၆ ရက်မှ စတင်ကာ ကရင်အမျိုး သား လွတ်မြောက်ရေးတပ် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) နှင့် ကရင်ပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် နယ်ခြား စောင့်တပ် (BGF) များ အသုံးပြုပြီး ကရင်မဟာမိတ်တပ်များကို တန်ပြန်တိုက်နေကြောင်း၊ တိုက်လေယာဉ်ဖြင့်လည်း ၁ ရက်လျှင် ၁၀ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲနေကြောင်း ကရင်မဟာမိတ်တပ်များနှင့် နီးစပ်သည့် သတင်းရင်း မြစ်များက ဆိုသည်။
ဇွန် ၂၉ ရက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က Yak- 130 တိုက်ခိုက်ရေး လေယာဉ်များဖြင့် ဥကရစ်ထ စစ်စခန်းဝန်းကျင် တဝိုက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇွန် ၃၀ ရက်တွင် ရုရှားထုတ် MIG-29 တိုက်လေယာဉ်များဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်မဟာမိတ်တပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။
ဇွန် ၃၀ ရက် နံနက် ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ၁ စီးသည် ထိုင်းနိုင်ငံ လေပိုင်နက်အတွင်း သို့ ၅ ကီလိုမီတာထိ ကျူးကျော်လာပြီး ကျူးကျော်မှုကို တန်ပြန်သည့်အနေဖြင့် ထိုင်းတော်ဝင်လေတပ်က အမေရိကန် နိုင်ငံထုတ် F-16 တိုက်လေယာဉ် ၂ စီး နယ်စပ်တွင် ကင်းလှည့်ပျံသန်းခဲ့သည်။
မြန်မာတိုက်လေယာဉ် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာမှုကို ထိုင်းနိုင်ငံခြားရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ကန့်ကွက်စာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောဆိုထားသည်။
မြန်မာစစ်ကောင်စီ လက်အောက်ခံတပ်များနှင့် ကရင်မဟာမိတ်ပူးပေါင်းတပ်များ၏ ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီ ဘက်က ကရင်မဟာမိတ်တပ်များ ရှုံးနိမ့်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ထားသော်လည်း မြေပြင်သတင်းရင်းမြစ်များ ကမူ လက်ရှိအချိန်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရာနေရာသို့ ထိုင်း-မြန်မာနယ်စပ် ဝေါလေမြို့အနီးရှိ အာဏာသိမ်း စစ်ကောင်စီ၏ ဗျူဟာကုန်းမှ ၁၂၀ မမ အမြောက်များဖြင့် ပစ်ခတ်တိုက်မှုများ ဆက်တိုက်ရှိနေပြီး ထိုင်းနိုင်ငံပိုင်နက်အတွင်းရှိ ယာခင်းတခုထဲသို့လည်း မြန်မာစစ်တပ်ကပစ်သည့် လက်နက်ကြီးကျည် ၁ လုံး ဇွန် ၂၉ ရက်တွင် ကျရောက် ပေါက်ကွဲခဲ့သေးသည်။
ဥကရစ်ထ တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် မြန်မာစစ်ဘေးရှောင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရထားပြီး ၎င်းတို့ထဲမှ ၆ ဦးကို ဖု့ဖရမြို့နယ်ထဲရှိ ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း မဲဆောက်ဒေသရှိ စစ်ရှောင်များကို ကူညီနေသူတဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု ရက်ကြာလာပါက စစ်ဘေးရှောင် အရေအတွက် ပိုမို များပြားလာနိုင်ပြီး စစ်ရှောင်များအတွက် နေရေး၊ စားရေး အခက်တွေ့နိုင်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
“လက်ရှိ အနေအထား သုံးသပ်ကြည့်တော့ တိုက်ပွဲတွေကလည်း ပြင်းထန်နေဆဲပဲ။ ညတုန်းကလည်း တောက် လျှောက် လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရတယ်။ မဲဆောက်မြို့ထဲကတောင် ကြားရတယ်။ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဦးမယ် ဆိုရင်တော့ ဒီလူတွေက ၁ ပတ်လောက် ဆက်ရှိဦးမယ် ထင်တယ်။ တကယ်လို့ အဲဒီထက် ပိုကြာမြင့် သွားနိုင်တယ် ဆိုရင်တော့ ဒီလူတွေကို မြန်မာဘက်ခြမ်းမှာ ရှိနေတဲ့စခန်းမှာ သွားရောပြီးနေရမလား။ ဘယ်လို ဖြစ်လာ မလဲတော့ မသိဘူး” ဟု မဲဆောက်ဒေသရှိ စစ်ရှောင်များကို ကူညီနေသူတဦးက ဆိုသည်။
You may also like these stories:
ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်
ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ
ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ
နှစ်ပေါင်းသုံးဆယ်ကျော် အကြာမှာ ပြန်တိုက်ယူနိုင်ခဲ့တဲ့ သေ့ဘော့ဘိုး စခန်း