သတင်း

အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ

မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေး ဗဟို အကျဉ်းထောင် (အိုးဘို)၌ နိုင်ငံရေးအမှု ရင်ဆိုင်နေရဆဲ အကျဉ်းသူများ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက် ခံနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

နိုင်ငံရေး အမှုများဖြင့် အကျဉ်းကျသည့် အမျိုးသမီးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းများအပြင် အမှု ရင်ဆိုင်ဆဲ အကျဉ်းသူများကိုလည်း ပန်းရံလုပ်ခိုင်းခြင်း၊ ဘိလပ်မြေအိတ်များ သယ်ခိုင်းခြင်း၊ အဆောင်များကို ထုံး သုတ် ဆေးသုတ်ခိုင်းခြင်း၊ ကျောက်ပြားများသယ်ခိုင်းခြင်း၊ ထုံးရေဖျော်ပုံးများ သယ်ခိုင်းခြင်း အစရှိသည်တို့ကို ခိုင်း စေနေကြောင်း ထောင်ဝင်စာ ပို့နေသူများက ဆိုသည်။

အိုးဘိုထောင်ရှိ နိုင်ငံရေး အကျဉ်းသူများအား ထောင်ဝင်စာ ပေးပို့နေသူ တဦးက “ကလေးတွေက မစားနိုင်မအိပ် နိုင် တွေ ဖြစ်နေကြတာ။ ထောင်မှူးက တော်တော်လေးကို ညှဉ်းပန်း နှိပ်စက်တယ်။ အလုပ်ကြမ်းတွေလည်း အရမ်းခိုင်း တယ်တဲ့။ ကလေးတွေက ခိုးဆိုးလုနှိုက်နဲ့ ရောက်လာတာ မဟုတ်တဲ့အတွက် မလုပ်နိုင်ဘူးလို့ ငြင်းတော့ ဒေါသ ဖြစ် အောင် ဆွတယ်။ ပြီးရင် ရုံးခန်းကို ခေါ်တွေ့ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတယ်။ ရိုက်နှက်တာတွေထိ ရှိတယ်လို့ သိရ တယ်” ဟု ပြောသည်။

ထို့ပြင် ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများမှာ ပို၍ပင်ဆိုးလာကြောင်း ထောင်နှင့် နီးစပ်သူများက ဆိုသည်။

“ရေတခါချိုးရင် အယောက် ၆၀ လောက် ထုတ်ပြီး တယောက်ကို ခွက် ၄၀ ပဲ ရတယ်။ ၄၀ ကို ချိုးခိုင်းပြီး ၂၀ ကို မတ် တပ် ရပ်ခိုင်းထားတယ်။ မချိုးရသေးတဲ့ အယောက်၂၀ က ခေါင်းလျှော်ချင်ရင် ရေခိုးဆွတ်ထားပြီး အလှည့် မရောက် ခင် ဆပ်ပြာ ထည့်ထားရတာ။ ကိုယ့်အလှည့်ရောက်ရင် အမြန်ချိုး ပြန်ဝင်ပေါ့။ အဲဒီလို အခြေအနေတွေကြောင့် အခု ဆိုရင် ကလေးတွေက ဆံပင်နဲ့ကို မနေချင်ကြတော့ဘူး၊ နောက်ပြီး အရင်က ထမင်းစားပြီးရင် ပန်းကန်တွေ ဆေးဖို့ အချိန်ပေးတယ်။ သပ်သပ်ရပ်ရပ်နဲ့ ရေချိုးခန်းမှာ သွားဆေးရတာ၊ အခုကျတော့ အဲဒီလို မဟုတ်တော့ဘူး။ ရေဆိုး မြောင်းဘေးမှာ ခပ်လာတဲ့ရေနဲ့ ဆေးနေရတယ်” ဟု ထောင်ဝင်စာပို့သည့် မိသားစုဝင်တဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန်သပိတ် အင်အားစု (မန္တ လေး) က မန္တလေးအိုးဘိုအကျဉ်းထောင်မှ ၂ ပွင့်အဆင့်ရှိသော ဝေဖြူနှင်းအောင် ဆိုသည့် အကျဉ်းထောင်မှူးသည် နိုင်ငံရေး အကျဉ်းသူများအပေါ် အမြဲတစေ ခြိမ်းခြောက်ပြောဆိုခြင်း၊ အလုပ်ကြမ်းများ အမြဲခိုင်းစေခြင်း၊ အလုပ်ကြမ်း မလုပ်နိုင်သူ၊ မလုပ်သူများကို စကားများဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဇွန် ၂၈ ရက် က ထုတ်ပြန်ထား သည်။

ပြည်ကြီးတံခွန်သပိတ် အင်အားစု(မန္တလေး) ဦးဆောင် ဆရာတော် ဦးအဂ္ဂဝံသက “ဦးပဉ္ဖင်းတို့ ထုတ်ပြန်ထားတဲ့ အတိုင်း ထောင်မှူးမပေါ့။ နှစ်ပွင့်နဲ့ ဝေဖြူနှင်းအောင်က နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဓိက ၅၀၅ အကျဉ်းသူတွေကို စစ် ကောင်စီရဲ့ အလိုကျ ခြိမ်းခြောက်တာတွေ လုပ်နေတာ။ ရေချိုးတဲ့အခါမှာ အဝတ်မလျှော်ရဘူးတို့၊ အကျဉ်းသူတွေ ထမင်းစားပြီးတဲ့အခါ ရေဆေးဖို့ သတ်မှတ်ထားတဲ့ နေရာမျိုးမှာ မဆေးရဘဲ ရေဆိုးမြောင်းမှာ ဆေးခိုင်းတာမျိုးတွေထိ လုပ်နေတာ။ အမှုစစ်ဆဲရော အမိန့်ချပြီးသားတွေရောပေါ့။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ် တာပေါ့နော်” ဟု မိန့်ကြားသည်။

အဆိုပါ ထောင်မှူး ဒေါ်ဝေဖြူနှင်းအောင်သည် နိုင်ငံရေး အကျဉ်းသူများအပေါ် ရေချိုးသည့်နေရာ၊ ထမင်းစားသည့်နေ ရာအထိ လိုက်လံပြောဆိုကာ စိတ်ပိုင်းဆိုင်ရာညှဉ်းဆဲမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

အမှုရင်ဆိုင်နေရဆဲ အကျဉ်းသား၊ အကျဉ်းသူများကို ထောင်တွင် ထားရှိရာတွင် အလုပ်များ ခိုင်းစေခြင်း မပြုရဟု အကျဉ်းထောင် လက်စွဲတွင်လည်း ပြဋ္ဌာန်းထားကြောင်း ရှေ့နေများက ပြောဆိုသည်။

မန္တလေးမြို့ရှိ တရားလွှတ်တော်ရှေ့နေ တဦးက “အမိန့် မချရသေးတဲ့သူတွေကို ထောင်ကနေ ဘာအလုပ်မှ ခိုင်းလို့ မရဘူး။ ထောင်မကျသေးတဲ့အတွက် ထောင်နဲ့ မသက်ဆိုင်သေးတာပေါ့။ ပြောရမယ်ဆိုရင် အမှု ရင်ဆိုင်ရဆဲ စွပ်စွဲ ခံရသူတွေကို ရဲစခန်းမှာ ချုပ်ထားရတာ၊ အာမခံ ပေးလို့ရရင် အာမခံပေးပြီး အပြင်ကနေ အမှုရင်ဆိုင်ပေါ့။ ဆိုလိုချင် တာက ရဲစခန်း အချုပ်မှာ လူပြည့်နေတဲ့အတွက် ထောင်အချုပ်ကို ပို့တဲ့ သဘောပဲ” ဟု ပြောသည်။

အိုးဘို အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန် သပိတ်အင်အားစု (မန္တလေး) အနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် လူ့အခွင့်အရေး အဖွဲ့ အစည်းများထံသို့ ပေးပို့ အသိပေးသွားမည်ဟု ပြည်ကြီးတံခွန်ဆရာတော်က မိန့်သည်။

“ICRC လို အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို သိရှိအောင် လုပ်သွားမယ်။ သူတို့ အဖွဲ့တွေအနေနဲ့ ဝင်ပြီး ဖြေရှင်းပေးတာမျိုး၊ အရေးယူတာမျိုး၊ မျက်ကွယ် မပြုဘဲနဲ့ ဝင်ရောက် စစ်ဆေးတာမျိုးတွေကို လုပ်ပေးစေချင်တာပေါ့၊ စစ်ကောင်စီကတော့ ကြိုးကိုင်လို့ ရသူတွေကို ကြိုးကိုင်ပြီးတော့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေကို နှိပ်ကွပ်နေ ဦးမှာပဲ” ဟု ဦးအဂ္ဂဝံသက ဆက်လက် ပြောသည်။

ICRC ၏ အာရှ- ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Christine Cipolla က ပြီးခဲ့သည့် ဇွန် ၁၅ ရက်မှ ၁၈ ရက်အထိ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးအပါအဝင် ဝန်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ ထောင်များသို့ သွားရောက်၍ လေ့လာသုံးသပ်သည့် လုပ်ငန်းစဉ်များ ပြန်လည် လုပ်ခွင့်ပေးရန်နှင့် အကျဉ်းသား မိသားစုဝင်များအား ထောင်ဝင်စာ သွားရောက် တွေ့ဆုံခွင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် စစ်ကောင်စီထံ သို့ တောင်းဆိုခဲ့သော်လည်း ခွင့်မပြုခဲ့ပေ။

နိုင်ငံရေး အကျဉ်းသားနှင့် အချုပ်သားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများသည် ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်း ထောင်၊ မုံရွာထောင်၊ မန္တလေး အိုးဘိုထောင်နှင့် ဘားအံတောင်ကလေး အကျဉ်းထောင်တို့တွင် ဆိုးရွားစွာ ဖြစ်ပေါ်နေ ပြီး ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအချို့မှာ ထိခိုက်ဒဏ်ရာများဖြင့် တိုက်ပိတ် ပြစ်ဒဏ် ချမှတ်ခံထားရ ကြောင်း ထောင်နှင့်နီးစပ်သူများထံက သိရသည်။

ယင်းပြင် မန္တလေး အိုးဘိုထောင်၌ ဇွန်လ ၅ ရက်က ထောင်ဝန်ထမ်းနှင့် နိုင်ငံရေး အကျဉ်းသားအချို့ စကားများ ရန်ဖြစ် ရာမှ နိုင်ငံရေး အကျဉ်းသားများအား ထောင်အာဏာပိုင်များက ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြသည့်အပြင် ထောင်ပိုင်မှ ဓား ဖြင့် ထိုးခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား ၂ ဦးဓားထိုးခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ တိုက်ပိတ် ခံထားရကြောင်းလည်း သိရသည်။

You may also like these stories:

ထောင်တွင်း ဝင်ခွင့်ပြုရေး ICRC တောင်းဆိုချက် စစ်ကောင်စီ ခွင့်မပြု

သေဒဏ်ကျ ဒီမိုကရေစီရေးတိုက်ပွဲဝင်သူများ အသက်ရှင်ခွင့် ရှိရမည်

ထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုတွေ ဖြစ်တယ်

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ညှဉ်းပန်းနှိပ်စက်ခံနေရ

အိုးဘိုထောင် အာဏာပိုင်များက နိုင်ကျဉ်းများကို ဓားဖြင့်ထိုးပြီး ရိုက်နှက်ဟုဆို

Loading