နေပြည်တော် အကျဉ်းထောင်သို့ ပြောင်းရွှေ့ဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ မူလအကျယ်ချုပ်ထားရာ နေရာသို့ ပြန်လည်ပြောင်းရွှေ့ပေးရန် မရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆွတ်ခွန်းက ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထား သည့် နေအိမ်တွင် ပြန်ထားရန် စစ်ကောင်စီထံ တောင်းဆိုထားချက်အား လိုက်လျောပေးရန် အစီအစဉ် မရှိဘဲ တရားရုံး ထုတ်သည့်အခါတွင် အဆင်ပြေစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းက “ကျနော်တို့ အနေနဲ့ အရင် နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ ကျနော် ဖြေကြားခဲ့တာတော့ ဥပဒေထက်မှာတော့ ဘယ်သူမှ မရှိပါဘူး။ ကျနော်တို့ အနေနဲ့ နေရာပြောင်းရွှေ့ထားတဲ့အခါမှာ နိုင်ငံ တော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးတလည် စောင့် ရှောက်မှုများ ပြုလုပ်ထားပါတယ်။ အဓိကကတော့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စနဲ့ တရားရုံးထုတ်တဲ့အခါမှာ ပိုမို အဆင် ပြေစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိပါဘူးလို့ ပြောချင်ပါတယ်” ဟု ပြော သည်။
စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အား သီးသန့်ချုပ်နှောင်ထားရာ နေရာမှ ဇွန် ၂၂ ရက်တွင် နေပြည်တော်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်အတွင်းရှိ သီးခြားအဆောက်အအုံငယ်တခု တွင် တယောက်တည်း ချုပ်နှောင်ထားသည်။
ထိုသို့ ချုပ်နှောင်ထားမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆွတ်ခွန်း၏ တောင်းဆို ချက်ကို စစ်ကောင်စီက ပယ်ချသလို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုမှုကိုလည်း ငြင်းပယ်ထားသည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက်ကမှ အသက် ၇၇ နှစ် ပြည့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ထောင်အတွင်းသို့ ပြောင်းရွှေ့လိုက် ခြင်းမှာ အာဏာသိမ်း စစ်အုပ်စု၏ အငြိုးအတေးဖြင့် လုပ်ဆောင်သည့် လုပ်ရပ်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျန်း မာရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်းလည်း နီးစပ်သူများက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ရွှေ့ပြောင်းချုပ်နှောင်ရာတွင် အကျယ်ချုပ်၌ အတူနေထိုင်သူများအား လိုက်ပါခွင့် မပေးဘဲ တဦးတည်း ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဝန်ထမ်း ၃ ဦးအား အစောင့်အကြပ်သဘောဖြင့် စစ်ကောင်စီက ချထားကြောင်းလည်း သိရသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီ စွပ်စွဲခဲ့သည့် အမှု ၆ မှုဖြင့် ထောင် ၁၁ နှစ် ချခံထားရသည့် အပြင် စုစုပေါင်း ထောင်ဒဏ် နှစ် ၁၀၀ ကျော်ထိ ချမှတ်ခံရနိုင်သည့် အမှုများစွာဖြင့်လည်း ထောင်းအတွင်းမှ ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်တော့မလား
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်တွင်းတရားခွင်၌ စတင်စစ်ဆေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ တို့အား ထောင်တွင်း၌ ရုံးထုတ်