၂၀၁၆ ခုနှစ်တွင် သေဆုံးသည်အထိ အိမ်အကူအလုပ်သမားကို ဆိုးရွားစွာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့် လွန်ခဲ့သောနှစ်က ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခံရသည့် ဂိုင်ယာသီရိ မူရူဂါယန်က တင်သွင်းသည့် အယူခံမှုကို တရားရုံးချုပ်တရားသူကြီး ၃ ဦးက ဇွန်လ ၂၉ ရက်နေ့တွင် ပယ်ချလိုက်သည်။
ထိုနေ့မွန်းလွဲချိန်တွင်ပြုလုပ်သည့် အယူခံရုံး ကြားနာစစ်ဆေးမှုသည် တနာရီခန့်ကြာပြီး ဂိုင်ယာသီရိက ထောင်အာဏာပိုင်များနှင့် အကျဉ်းသားများသည် သူ့ကို နှိပ်စက်ကြောင်း ပြောဆိုအယူခံဝင်ပြီး ထောင်ဒဏ်ကို ၁၂ နှစ်မှ ၁၅ နှစ်ကာလအထိ လျှော့ချပေးရန် လျှောက်ထားသည်။
သူ့ကြောင့် သေဆုံးရသော အသက် ၂၄ နှစ်အရွယ် မြန်မာအိမ်အကူ ပိုင်ငေးဒွန် (Piang Ngaih Don) သည် လပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရသောကြောင့် ခန္ဓာကိုယ်အလေးချိန် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဒါဇင်ပေါင်း များစွာသော အမာရွတ်များနှင့် ဒဏ်ရာများ ရရှိခဲ့သည်။
ထိုအမှုကြောင့် အများပြည်သူ ဒေါသထွက်ရပြီး တရားရုံးချုပ် တရားသူကြီးတဦးက ထိုအမှုသည် တရားရုံးများသို့ ရောက်လာသော အမှုများတွင် အဆိုးရွားဆုံးသော လူသေဆုံးစေမှုများအနက် တခုဖြစ်ကြောင်း ပြောသည်။
အသက် ၄၂ နှစ်ရှိပြီဖြစ်သော ဂိုင်ယာသီရိက စွဲချက် ၂၈ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် အယူခံဝင်ခဲ့သည်။
ဂိုင်ယာသီရိတွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ မရှိပါက အစိုးရရှေ့နေက တောင်းဆိုသည့် ထောင် တသက်တကျွန်း ချမှတ်ရန် ဝန်လေးမည် မဟုတ်ကြောင်း လွန်ခဲ့သော တနှစ်ခန့်က တရားရုံးချုပ်တွင် ထောင်ဒဏ်ချမှတ်ချိန်၌ တရားသူကြီး ဆီကီးအွန်က ပြောသည်။
သူမသည် ပြင်းထန်သော စိတ်ကျရောဂါနှင့် အတင်းအကျပ် လုပ်လိုသည့် စိတ်နေစိတ်ထား လွန်ကဲမှု ရောဂါများ ခံစားနေရပြီး ထို့ကြောင့်ပင် ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း စိတ်ရောဂါဆရာဝန် ၃ ဦးက သဘောတူခဲ့သည်။ ထို့ကြောင့်ပင် သူ၏အမှုကို လူသေမှုအဖြစ် လျှော့ချ စွဲဆိုခဲ့ခြင်းဖြစ်သည်။
အပြစ်ရှိကြောင်း လွန်ခဲ့သောနှစ်က ဝန်ခံခဲ့ပြီးနောက် ဂိုင်ယာသီရိ၏ ထိုစဉ်က ရှေ့နေက သူ၏ကလေးများ မီဒီယာသတင်းကြောင့် ဆိုးကျိုး မခံစားရစေရန် သတင်းကို ဆက်လက်မဖော်ပြရန် ပိတ်ပင်သော အမိန့်လျှောက်ထားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။
စင်ကာပူမြို့၊ ဘစ်ရှန်လမ်း ၁၁ ရှိ အိပ်ခန်း ၃ ခန်းပါ မိသားစုနေအိမ်တွင် မပိုင် သေဆုံးသည့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ပြီး ဂိုင်ယာသီရိကို ထောင်အတွင်းတွင် ရမန်ယူ ဖမ်းဆီးထားသည်။
အနိုင်ကျင့်ခံရသည်ဟု စွပ်စွဲ
သူနှင့် သူ့မိခင်တို့နှင့် ပတ်သက်သည့် ဆေးမှတ်တမ်း လျှောက်ထားခြင်းကို အယူခံတရားရုံးက မေလတွင် ပယ်ချခဲ့သည်။ ထောင်အာဏာပိုင်များသည် ၎င်းတို့ကို သင့်တင့်လျောက်ပတ်သည် ထိတွေ့ဆက်ဆံမှု မပေးကြောင်း သူက စွပ်စွဲခဲ့ပြီးနောက် ထိုသို့လျှောက်ထားခြင်း ဖြစ်သည်။
အခြားအကျဉ်းသားများက သူ့ကို ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်သည်ဆိုသည့် သူ၏ တိုင်ကြားမှုများနှင့် ပတ်သက်ပြီး ထောင်အာဏာပိုင်များက ထိန်းသိမ်းထားသည့် မှတ်တမ်းများကိုလည်း သူကတောင်းခံခဲ့သည်။
အယူခံတရားရုံး တရားသူကြီးများဖြစ်သော အင်ဒရူး ဖန်၊ ဂျူဒစ် ပရာကရှ်နှင့် စတီဗင်ချောင်တို့က ထိုမှတ်တမ်းများသည် သူ အပြစ်ရှိကြောင်း ဝန်ခံချက်ကို စနစ်တကျ ပြုလုပ်ခဲ့ခြင်း ရှိ မရှိနှင့် သူ့အပေါ် ချမှတ်သော ထောင်ဒဏ်သည် အလွန်အကျွံ ဖြစ်ခြင်းရှိ မရှိ ဆုံးဖြတ်ချက်များနှင့် မသက်ဆိုင်ကြောင်း ပြောသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင်လည်း ဂိုင်ယာသီရိသည် ထိုမကျေနပ်ချက်များကို အဆက်အစပ်မရှိ အော်ဟစ်နေခဲ့သည်။ သူသည် ထောင်တွင်းမှ ဗီဒီယိုလင့်မှတဆင့် ရုံးတော်သို့ ပြောဆိုနေခြင်းဖြစ်သည်။ သူ၏ရှေ့နေဟောင်း ဂျိုးဇက် ချန်းလည်း ရှိနေသည်။
အယူခံတရားရုံးသည် ထိုမကျေနပ်ချက်များကို ပြောဆိုရမည့် နေရာမဟုတ်သောကြောင့် ထိုအချက်များကို မပြောရန် တရားသူကြီးများက သူ့ကို သတိပေးခဲ့ရသည်။ သူက ထောင်တွင်းအခြေအနေသည် မကောင်းရာမှ ပိုမိုဆိုးရွားလာကြောင်းပြောပြီး ထောင်အရာရှိများက အုပ်စုလိုက် လိင်ဆက်ဆံမှုများအကြောင်း ပြောပြီး သူ့ကို ရိုင်းစိုင်းကြောင်းပြောသည်။
သူ၏စာဖြင့် တင်သွင်းချက်များတွင် အခြားအချက် အများအပြားကိုလည်း သူတိုင်ကြားသည်။
ထိုအချက်များတွင် သူသည် ထောင်ထဲတွင် အနိုင်ကျင့် အနှိမ်ခံရသော်လည်း အကြမ်းဖက်မှုကို ရှောင်ရှားနိုင်သည်အထိ တိုးတက်ကောင်းမွန်လာကြောင်း ပြသနေသောကြောင့် သူ၏ပြစ်မှုများသည် စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့် ကျူးလွန်မိသည့် ပြစ်မှုများဖြစ်ကြောင်းလည်း ပါဝင်သည်။
တရားသူကြီး ဆီ သည် စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ဂျက်ကော့ဘ် ရာဂျက်ရှ်၏ ရောဂါခွဲခြမ်း စိတ်ဖြာမှုများကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း၊ ထိုဆရာဝန်က သူသည် အတင်းအကျပ် လုပ်တတ်သည့် စိတ်ရောဂါ ခံစားနေရသည်ဟု ပြောကြားခဲ့ကြောင်း၊ အစိုးရရှေ့နေဘက်က စိတ်ရောဂါ ဆရာဝန်၏ စစ်ဆေးမှုတွင် သူသည် ပိုမိုပြင်းထန်သည့် အတင်းအကျပ် လုပ်တတ်သော စိတ်ရောဂါကို ခံစားနေရသည်ဟု ဖော်ပြထားကြောင်းလည်း သူကရေးသားသည်။
အသက် ၆၁ နှစ်ရှိပြီဖြစ်သော သူ၏မိခင် ပရီမာ အက်စ် နာရေနာစာမီကိုလည်း ချက်ခြင်း ထောင်ချနိုင်သောကြောင့် သူ ဖိအားများကို ခံစားခဲ့ရကြောင်းလည်း သူကပြောသည်။
ပရီမာနှင့် ဂိုင်ယာသီရိ၏ အမျိုးသား အသက် ၄၂ နှစ်အရွယ် ရာထူးချခံထားရသော ရဲတပ်ကြပ်ကြီး ကီဗင် ချယ်လ်ဗမ်တို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုအတွက် စွဲချက်ပေါင်း ၄၉ ခုနှင့် ၅ ခု အသီးသီးစွဲဆိုခံရသည်။ ၎င်းတို့၏ အမှုများကို တရားရုံးက ကြားနာနေဆဲ ဖြစ်သည်။
ထောင်ဒဏ်လျှော့ပေါ့ပေးရန် အကြောင်းမရှိ
ဂိုင်ယာသီရိအား ဒေါက်တာ ရာဂျက်ရှ်၏ ရောဂါသတ်မှတ်ချက်ကို စဉ်းစားခွင့် မပေးနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က တရားသူကြီး ၃ ဦးက ပြောသည်။
ခုခံချေပသော ဘက်နှင့် တရားစွဲဆိုသော ဘက်တို့သည် သူ့အပေါ် တရားစီရင်မှုကို ပရီမာ၏ အမှုအား ဆက်လက် မစစ်ဆေးမီ ဦးစွာအဆုံးသတ်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကပင် သဘောတူပြီး ဖြစ်သောကြောင့် သူ၏အမှုကို အလျင်စလို စစ်ဆေးခဲ့သည့် အထောက်အထား မရှိကြောင်းလည်း တရားသူကြီးများက ပြောသည်။
မပိုင်၏ တကိုယ်ရည် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းသောကြောင့် သူ၏ကလေးများ ကျန်းမာရေး ထိခိုက်ကာ စိတ်ဖိစီးမှု ဖြစ်ရသည်ဆိုသည့် အချက်သည် သူ၏အပြုအမူကို ခွင့်လွှတ်ရမည့်အကြောင်း မဟုတ်ကြောင်းလည်း တရားရုံးချုပ် တရားသူကြီးများက ပြောသည်။
တရားသူကြီး ဆီက ဂိုင်ယာသီရိသည် သူ၏ ဥပဒေချိုးဖောက်မှုအတွက် မည်သူ့ကိုမဆို အပြစ်တင်ပြီး နောင်တကင်းမဲ့သည်မှာ ထင်ရှားသည်ဟု သတ်မှတ်ခဲ့ခြင်းကို အယူခံရုံး တရားသူကြီးများလည်း သဘောတူသည်။
သူသည် မပိုင် သေဆုံးသွားပြီးနောက် သူ့လုပ်ရပ်အတွက် တာဝန်ယူရန် ပြင်ဆင်ထားခြင်း မရှိသည်မှာ ကာလများစွာကြာခဲ့ပြီး သူ၏အခန်းကဏ္ဍကို ဖုံးကွယ်ပြီး အိမ်တွင်အလုပ်သမား ရရှိသည့် ဆေးကုသမှုကို အကန့်အသတ်ဖြင့်သာ ပေးခဲ့ကြောင်းလည်း တရားသူကြီးများက မှတ်ချက်ချသည်။
သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို တရားရုံးချုပ်က ထောင်ဒဏ်ချမှတ်စဉ်ကပင် ထည့်သွင်းစဉ်းစားခဲ့ပြီး ဖြစ်ကြောင်း တရားသူကြီးများက ပြောသည်။ သို့သော် သူသည် ဆေးကုသမှုကြောင့် တိုးတက်လာပုံရကြောင်း တရားသူကြီးများက ပြောသည်။
ထို့ကြောင့် ချမှတ်ထားသော ထောင်ဒဏ်သည် သိသိသာသာ များလွန်းခြင်းမရှိဘဲ သူပြောသောအချက်များသည် တန်ဖိုးမရှိကာ အမှုကြောင်းကို ပြန်ပြင်ရန် ကြားဝင် ဆောင်ရွက်ရေးအတွက် အခြေခံမရှိကြောင်းလည်း တရားသူကြီးများက ပြောသည်။
ကြားနာစစ်ဆေးမှု ပြီးစီးသောအခါ ဂိုင်ယာသီရိက သူသည် ဝန်ကြီးချုပ် လီရှန်လွန်းထံ စာရေးမည်ဖြစ်ကြောင်း ပြောပြီး “ဒါဟာ ကျမဘဝနဲ့ ကျမအမေရဲ့ ဘဝဖြစ်တဲ့အတွက် ဆက်လုပ်ရမှာ ဖြစ်တယ်။ ကျမ ဒီမှာ မသေချင်ဘူး” ဟုလည်း သူက ပြောသည်။
ကိုးကား။ ။ Today သတင်း Fatal maid abuse: Apex court rejects woman’s appeal against 30-year jail term
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
မြန်မာတွေ ထိုင်းနဲ့ စင်ကာပူ လာရင် ကွာရန်တင်း ဝင်ရဦးမည်
ပြည်တော်ပြန်လမ်း ပျောက်နေသည့် မလေးရှားရောက် မြန်မာများ