စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိပ်ကျေးရွာအနီးတွင် အသက် ၁၈ နှစ် မပြည့်သေးသူ ၄ ဦး အပါအဝင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၉ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ၉ ဦးမှာ မပပခိုင် (၁၄ နှစ်)၊ မဝင်းအိကျော် (၁၅ နှစ်)၊ အသက် ၁၇ နှစ်အရွယ် ကိုဖိုးထောင်နှင့် ကိုဘုန်းကျော်၊ မသစ်သစ်လှိုင် (၃၄ နှစ်)၊ ၂၇ နှစ်အရွယ် ကိုအောင်ကျော်မိုးနှင့် ကိုဖိုးငြိမ်း၊ မနိုင်နိုင်အောင် (၂၄ နှစ်) နှင့် ကိုသိန်းသန်းဦး (၂၁ နှစ်) တို့ ဖြစ်သည်။
ဝက်လက်မြို့နယ် ပြည်သူကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “သူတို့က ဆေးသင်တန်း သွားတက်ကြတာ။ ၉ ယောက် သွားကြတာ။ သင်တန်းတက်ရမယ့်နေရာကို သွားကြတာ။ အဲဒီလို သွားရာကနေ ကွန်ဆိပ်ပလိုင်းရွာဘက်ကို လမ်းမှားပြီး ရောက်သွားရာကနေ အခုလို ဖြစ်သွားတာ။ သူတို့သွားတဲ့ လမ်းတလျှောက်မှာ စစ်ကြောင်းထိုးတာ မရှိဘူး။ ကွန်ဆိပ်ပလိုင်းရွာဆိုတာက ပျူတွေ အများဆုံး နေတဲ့ရွာ။ စစ်တပ်နဲ့ လည်း ရောရောထွေးထွေး နေကြတဲ့သူတွေ။ သူတို့နဲ့တွေ့ပြီး အသတ်ခံလိုက်ကြရတာ” ဟု ဧရာဝတီသို့ ပြောသည်။
သတ်ဖြတ်ခံခဲ့ရသူများမှာ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ကာ ဝက်လက်မြို့နယ် အခြေစိုက် GZ Special Task Force (Wetlet) အဖွဲ့ဝင်များဟုသိရပြီး ဇွန် ၂၉ ရက်တွင် အရာတော်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွင့်လှစ်သော ဆေးသင်တန်းသို့ တက်ရောက်ရန် သွားရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်မှု ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“အဲဒီနေ့က နေ့လယ် ၃ နာရီကျော်လောက် ရှိမှာပေါ့။ မိန်းကလေး ၄ ယောက်၊ ယောကျ်ားလေး ၅ ယောက်။ ဆိုင်ကယ် ၃ စီးနဲ့ ၁ စီးကို ၃ ယောက် စီးလာကြပြီး ကွန်ဆိပ်ရွာနားမှာ စစ်ဆေးနေတဲ့အဖွဲ့နဲ့တွေ့ပြီး တားတာကို ရပ်မပေးဘဲ နောက်ပြန် လှည့်မောင်းထွက်ပြေးကြလို့ အပစ်ခံရတယ်လို့ သိရတာပဲ။ အဲဒီကလေးတွေမှာ ဘာလက်နက်မှ မပါကြဘူးတဲ့။ ဒီနေ့မှ သူတို့က PDF အဖွဲ့ဝင်တွေဆိုတာ သိရတာ” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်အပေါ် ဝက်လက်မြို့နယ်အခြေစိုက် GZ Special Task Force (Wetlet) ကလည်း ဆေးသင်တန်းတက်ရန် လွှတ်လိုက်သည့် ရဲဘော်များ ဖြစ်ကြောင်း အတည်ပြုသည်။
GZ Special Task Force (Wetlet) အဖွဲ့ဝင်တဦးက “အဖွဲ့အတွက် လိုအပ်လို့ တာဝန်ပေး စေခိုင်းချက်အရ ဆေးသင်တန်း သွားတက်ကြတာ။ သူတို့ကို အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးမှ လွှတ်လိုက်တာရယ်၊ သင်တန်းတက်ရမယ့်နေရာကို ရောက်မလာ ဘူးဆိုလို့ စုံစမ်းတော့ မနေ့ကထိ အဖမ်းခံလိုက်ရတယ်လို့ပဲ သတင်းရတာ။ ဒီနေ့ ဓာတ်ပုံတွေ တက်လာမှ ဆေးသင်တန်း တက်ဖို့ လွှတ်လိုက်တဲ့ ရဲဘော်တွေဆိုတာ သိရတာ” ဟု ပြောသည်။
ယခုလို ဖမ်းဆီးရမိသည့်သူများအား ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း မရှိဘဲ အသက်မပြည့်သူများ အပါအဝင် တရားလက် လွတ် သတ်ဖြတ်ခံရသည့်အပေါ် တရားမျှတမှု ရရှိရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
သေဆုံးသွားသူများအနက် အသက် ၁၈ နှစ် မပြည့်သေးသည့် မပပခိုင်၊ မဝင်းအိကျော်တို့မှာ ဝက်လက်မြို့နယ်၊ ရှားကွဲ ကျေးရွာမှဖြစ်ပြီး ကိုဖိုးထောင်မှာ ချောင်းမီးတိုကျေးရွာနှင့် ကိုဘုန်းကျော်မှာ မှတ်ထိကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “ကျဆုံးသွားတဲ့ အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေပါတာ မှန်ပါတယ်ဗျ။ သူတို့ ဘက်မှာက ရွာတွေမှာ နေလို့မရ ကြတော့ဘူး။ စစ်ကြောင်းထိုးပြီး ရွာတွေကို စစ်တပ်က မီးတိုက်သွားတာကြောင့်ပေါ့။ ရွှေဘိုနဲ့ ဝက်လက်နယ်အစပ်မှာ ရှိကြ တဲ့ ရွာတွေကဆိုတော့ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းပေါ်မှာ ရှိကြတာပေါ့။ အဲဒီလိုတွေ လုပ်ခံရတာတွေကို ခံစားနေကြရ တော့ ကာကွယ်ရေးအဖွဲ့တွေထဲကို ဝင်ကြတာ။ သူတို့ အားလုံးက ကျောင်းတက်နေကြတဲ့ ကလေးတွေပါ။ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေက အဆင်မပြေကြတာ များတယ်။ အခက်အခဲတွေကတော့ အများကြီး ရှိနေတာပေါ့” ဟု ရှင်းပြသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားသော ကွန်ဆိပ်ကျေးရွာအနီးရှိ ပလိုင်းကျေးရွာတွင် စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားပြီး ကွန်ဆိပ်၊ ဆိပ်ခွန် စသည့် အနီးဝန်းကျင် ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုတွင် ခြေမြန်တပ်ရင်း ခမရ (၁၁)၊ ခမရ (၁၂) နှင့် ခြေလျင်တပ်ရင်း ခလရ (၄၂) တို့ အခြေစိုက်သော် လည်း အဆိုပါ ပလိုင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကြောင်းမှာ မည်သည့်တပ်ရင်းက ဖြစ်သည်ကိုမူ အတည် ပြုနိုင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးသည့် ကလေးငယ်များကို ဓားစာခံအဖြစ် ခေါ်ဆောင် ခြင်း၊ လက်သည်းနှင့် သွားများကို ဆွဲနှုတ်ခြင်း၊ ဓားဖြင့်ထိုးခြင်း၊ မီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ သေဒဏ် စီရင် မည်ဟုကြေညာခြင်း၊ အစာနှင့်ရေ ဖြတ်တောက်ခြင်းနှင့် ဆေးကုသခွင့် မပေးခြင်းတို့ခံနေရပြီး အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်မှုဒဏ် ခံစားနေရသော ကလေးငယ်များကို ကယ်တင်ရန် အရေးပေါ် လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေး သူငယ်အခွင့်အရေးကော်မတီက ဇွန်လနောက်ဆုံးပတ်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ် အနည်းဆုံး ၃၈၂ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရ နှင့် ကိုယ်လက်အင်္ဂါ ချို့တဲ့ခဲ့ကြရပြီး စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်ကြသူများ၊ ဆန့်ကျင်တော်လှန်ရာတွင် ပါဝင်သည်ဟု စွပ်စွဲကာ မသင်္ကာမှုဖြင့် ကလေးသူငယ် ၁၄၀၀ ကျော်ထိ ထင်သလို ဖမ်းဆီးခံခဲ့ရကြောင်း၊ မေ ၂၇ ရက်ထိ စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသော ကလေးနိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၇၄ ဦး ရှိကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။