အင်ဒိုနီးရှားသမ္မတ ဂျိုကို ဂျိုကိုဝီ ဝီဒိုဒိုသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုတွင် ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းအတွက် စိုးရိမ်မှုမြင့်မားနေစဉ် ယူကရိန်းမှ ဂျုံတင်ပို့နိုင်ရေး ပင်လယ်လမ်းကြောင်းဖွင့်ပေးရန် ရုရှားက သဘောတူကြောင်း ပြောကြားလိုက်သည်။
“သမ္မတပူတင်ကို ကျနော် အရမ်းကျေးဇူးတင်တယ်။ ယူကရိန်းနဲ့ ရုရှားက အစားအစာနဲ့ ဓာတ်မြေသြဇာတွေ တင်ပို့ဖို့ လုံခြုံရေး အာမခံချက်ပေးမယ်လို့ သူပြောတယ်။ ဒါက သတင်းကောင်းပဲ” ဟု ကရင်မလင်နန်းတော်တွင် သမ္မတ ပူတင်နှင့် တွေ့ဆုံပြီးနောက် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သူကပြောသည်။
ကမ္ဘာ့ကုန်စည်ဖြန့်ချိရေး ကွင်းဆက်သို့ ယူကရိန်းနှင့် ရုရှားမှ အစားအသောက်နှင့် ဓာတ်မြေသြဇာထုတ်ကုန်များ ပြန်လည်ပေါင်းစည်းပေးရန် ကုလသမဂ္ဂ၏ အားထုတ်မှုများကို ထောက်ခံကြောင်း မစ္စတာ ဝီဒိုဒိုက ပြောသည်။ ထိုအားထုတ်မှုများတွင် ယူကရိန်းသီးနှံများ တင်ပို့ရန်အတွက် ပင်လယ်နက် လမ်းကြောင်း ဖွင့်ပေးရန် အစီအစဉ်လည်း ပါဝင်သည်။
“အစားအစာနဲ့ ဓာတ်မြေသြဇာက လူသားချင်းစာနာမှု ကိစ္စဖြစ်ပြီး အစားအစာနဲ့ ဓာတ်မြေသြဇာ ဖြန့်ချိရေး ကွင်းဆက်ပြတ်တောက်မှုဟာ လူသန်းရာပေါင်းများစွာကို ထိခိုက်စေပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထိခိုက်စေပါတယ်” ဟု မစ္စတာ ဝီဒိုဒိုက ပြောသည်။
“အင်ဒိုနီးရှားနဲ့ မိတ်ဆွေနိုင်ငံတွေက လယ်ယာထုတ်ကုန် ထုတ်လုပ်သူတွေ ကုန်ထုတ်လုပ်နိုင်ဖို့ သူတို့ရဲ့ နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်ရှ် ဓာတ်မြေသြဇာနဲ့ ကုန်ကြမ်း ဝယ်လိုအားကို အပြည့်အဝ ဖြည့်ဆည်းပေးဖို့ ကျနော်တို့ အသင့်ရှိတယ်” ဟု မစ္စတာ ပူတင်က ပြောကြောင်း ရုရှားနိုင်ငံပိုင် တက်စ် သတင်းဌာနက ဖော်ပြသည်။
ရုရှားနိုင်ငံသည် ယူကရိန်း စီးပွားရေးကို ပိတ်ပင်ရန် ပင်လယ်နက်ကို ပိတ်ဆို့ထားသောကြောင့် ပို့ကုန်များကို တင်ပို့နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဂျုံကဲ့သို့သော စားသောက်ကုန်များ တင်ပို့မှု ပြတ်တောက်နေသော်လည်း မစ္စတာ ပူတင်က ထိုသို့ပြတ်တောက်ရခြင်းမှာ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ကြောင်း ပြောကြားသည်။
မော်စကိုစစ်တပ်သည် သေနင်္ဂဗျူဟာကျစွာ တည်ရှိသည့် ယူကရိန်း ပင်လယ်နက်ကျွန်းတခုဖြစ်သော မြွေကျွန်းမှ ဆုတ်ခွာသွားပြီးနောက် မကြာမီ အစားအစာ တင်ပို့ရေးအတွက် လမ်းဖွင့်ပေးမည့်ကတိ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထိုသို့ ဆုတ်ခွာပေးခြင်းမှာ စိတ်စေတနာကောင်းဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံက ပြောသော်လည်း ယူကရိန်းကမူ ၎င်းတို့က အမြောက်ကြီးများဖြင့် ပစ်ခတ်ပြီး သိမ်းပိုက်ထားသောတပ်များကို မောင်းထုတ်လိုက်ကြောင်း ပြောသည်။
မစ္စတာ ဝီဒိုဒိုသည် Garuda Indonesia လေကြောင်းလိုင်းက စီစဉ်သည့် သမ္မတ၏ လေယာဉ်ဖြင့် ပိုလန်မှ နှစ်နာရီကြာ လေကြောင်းခရီးစဉ်ဖြင့် ဒေသစံတော်ချိန် နေ့လယ်တွင် မော်စကိုရှိ ဗီနုကိုဗို လေဆိပ်သို့ ရောက်လာပြီး မော်စကိုမှ ဒူဘိုင်းသို့ ကြာသပတေးနေ့ညတွင် ပြန်လည် ထွက်ခွာသွားသည်။
အင်ဒိုနီးရှားခေါင်းဆောင်သည် သူ၏လျှပ်တပြက် ခရီးစဉ်အတွင်း ဂျာမဏီတွင် ကျင်းပသည့် စက်မှုထိပ်သီး ၇ နိုင်ငံ ဆွေးနွေးပွဲသို့ သွားရောက်ခဲ့သကဲ့သို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ မော်စကိုသို့ မရောက်မီတွင် သူသည် ကီယေ့ဗ်မှ ညရထားစီးကာ နံနက်ပိုင်းတွင် ပိုလန်သို့ ပြန်ရောက်လာခဲ့သည်။
ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ၂၀ အဖွဲ့၏ လက်ရှိဥက္ကဋ္ဌဖြစ်သော မစ္စတာ ဝီဒိုဒိုက သူသည် ရုရှား၊ ယူကရိန်းခေါင်းဆောင်များနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ဆွေးနွေးရန် ကြိုးစားခဲ့ကြောင်းပြောသည်။ ထိုနှစ်နိုင်ငံတို့သည် ကမ္ဘာ့ဂျုံဈေးကွက်တွင် ထိပ်တန်းတင်ပို့ရောင်းချသော နိုင်ငံဖြစ်ပြီး ရုရှားသည် ထိပ်တန်း ဓာတ်မြေသြဇာတင်ပို့သော နိုင်ငံလည်းဖြစ်သည်။
ဓာတ်မြေသြဇာ ပြတ်တောက်မှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ လူဦးရေ ၂ ဘီလီယံကို အန္တရာယ် ကျရောက်စေနိုင်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ကျင်းပသည့် စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးတွင် သတိပေးခဲ့ပြီး စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်များအနေဖြင့် စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာကို ကင်းလွတ်ပေးရန် မစ္စတာ ဝီဒိုဒိုက တိုက်တွန်းခဲ့သည်။
ကြာသပတေးနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအတွင်း မစ္စတာ ပူတင်က အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများကြောင့် ကမ္ဘာ့ဈေးကွက်မှ စားနပ်ရိက္ခာများ လုယက်ခံရခြင်းဖြစ်ပြီး ထိုသို့ပိတ်ဆို့ရာတွင် စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာသည် ပိတ်ဆို့မှုမှ ကင်းလွတ်စေကာမူ အစားအစာဈေးနှုန်းများ တက်သွားစေသည်ဟု ထပ်မံအပြစ်တင်သည်။
“ဓာတ်မြေသြဇာထုတ်လုပ်တဲ့ ကျနော်တို့ ကုမ္ပဏီပိုင်ရှင်တွေသာမက သူတို့မိသားစုဝင်တွေပါ အရေးယူ ပိတ်ဆို့ခံကြရတယ်။ ဒါကြောင့် ကန်ထရိုက်စာချုပ်တွေ လက်မှတ်ရေးထိုးဖို့ ခက်ခဲကုန်တယ်” ဟု မစ္စတာ ပူတင်ပြောကြောင်း တက်စ် သတင်းဌာနက ဖော်ပြသည်။
ထိုသို့သော အခြေအနေများကို ဖန်တီးသောကြောင့် ရုရှားအစားအသောက်နှင့် ဓာတ်မြေသြဇာများသည် ပြည်ပဈေးကွက်သို့ ရောက်ရှိရန် လွန်စွာခက်ခဲနေခြင်းအတွက် သမ္မတ ပူတင်က အနောက်နိုင်ငံများကို အပြစ်တင်သည်။ ရုရှားသည် မိတ်ဆွေနိုင်ငံများ၏ ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အသင့်ရှိကြောင်းလည်း သူပြောသည်။
မစ္စတာ ဇယ်လန်စကီး၏ သတင်းစကားကို ပူတင်ထံ ပြောကြားခဲ့ကြောင်း သမ္မတ ဝီဒိုဒိုကပြောပြီး ထိုစစ်တိုက်နေသော ခေါင်းဆောင်နှစ်ဦးအကြား ဆက်သွယ်ရေးပေါင်းကူးပေးရန် အသင့်ရှိကြောင်းလည်း ပြောသည်။ သမ္မတ ဝီဒိုဒိုသည် ဗုဒ္ဓဟူးနေ့က ဇယ်လန်စကီးနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့သည်။
အင်ဒိုနီးရှားသည် ရုရှားနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူကပြောသော်လည်း အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီးပွားရေးဖြစ်သော အင်ဒိုနီးရှားသည် မည်သည့်အကျိုးစီးပွားမျှ မရှိသော်လည်း စစ်ကို ချက်ခြင်းရပ်ပြီး စားနပ်ရိက္ခာ၊ ဓာတ်မြေသြဇာနှင့် စွမ်းအင် ဖြန့်ချိရေးလမ်းကြောင်းကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောသည်။
အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာ့အကြီးမားဆုံး စီးပွားရေး ၂၀ အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်ကို ထောက်ခံကြောင်း သမ္မတ ပူတင်က ပြောသော်လည်း နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပမည့် ထိုအဖွဲ့အစည်းအဝေးသို့ လူကိုယ်တိုင်ဖြစ်စေ၊ အဝေးမှဖြစ်စေ တက်ရောက်မည်၊ မတက်ရောက်မည်ကိုမူ အတည်ပြုပြောကြားခြင်း မရှိပေ။
အနောက်နိုင်ငံအချို့က သပိတ်မှောက်မည်ဟု ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ထိုထိပ်သီး အစည်းအဝေး တက်ရောက်ရန် သမ္မတ ဝီဒိုဒိုက သမ္မတ ပူတင်ကို ဖိတ်ကြားခဲ့သည်။ သမ္မတ ဝီဒိုဒိုသည် ထိုထိပ်သီးဆွေးနွေးပွဲသို့ သမ္မတ ဇယ်လန်းစကီးကိုလည်း ဖိတ်ကြားခဲ့ပြီး သမ္မတ ဇယ်လန်စကီးက အဝေးမှ တက်ရောက်မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်။
ကိုးကား။ ။ Nikkei Asia
You may also like these stories:
ယူကရိန်းစစ်ပွဲကြောင့် တရုတ်က စစ်ကောင်စီကို ဘက်ပြောင်းထောက်ခံ
ယူကရိန်းကို ရုရှားကျူးကျော်မှု ဂယက် အာဆီယံလည်း မလွတ်
ရုရှားက ဝယ်မယ့် ရေနံတွေနဲ့ မန္တလေး လာမယ့် တရုတ်ရထား