မွန်ပြည်နယ် ဘီးလင်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့့ချုပ်(NLD) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းခံရသည့် NLD ရပ်ကျေးပါတီဝင် ၂ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့က အဆိုပါမြို့နယ်ရှိ ဓနိချောကျေးရွာအနီး၌ တွေ့ရှိကြောင်း သိရသည်။
ဦးကျော်မျိုးမင်းနှင့် ရပ်ကျေး ပါတီဝင်၂ ဦးဖြစ်သည့် ဦးပန်းမြင့် (၅၅ နှစ်) နှင့် ဦးကိုကိုမောင် (၅၂ နှစ်)တို့မှာ ဇွန် ၂၂ ရက်က ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် လယ်ကတဲ ကျေးရွာ အနီး ထိပ်တိုက် တွေ့ဆုံစဉ် လက်နက်ခဲယမ်းနှင့်အတူ အရှင် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တဦးက “သူတို့ကို တလမ်းလုံးကြိုးနဲ့ တုပ်လာပြီးတော့ ဒေါကန်ကြီး ဘုန်းကြီး ကျောင်းမှာ ရိုက်နှက်စစ်ဆေး မေးမြန်းတယ်။ ဦးပန်း မြင့်နှင့် ဦးကိုကိုမောင် ကိုတော့ သူတို့ ဇွန်လ ၃၀ ရက်မှ ပစ်သတ် လိုက်တယ်။ သူတို့ အလောင်းတွေကို မနေ့ကမှ ရွာသားတွေ သတင်းပို့လို့ ကျနော်တို့ သွားတူးဖော်ရရှိခဲ့တယ်” ဟု ဆိုသည်။
ဇူလိုင် ၂ ရက်က တွေ့ရှိခဲ့သည့် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင် တို့၏ ရုပ်အလောင်းများမှာ ကိုယ်လက်အင်္ဂါ မစုံလင်တော့ဘဲ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ ဘီးလင်းမြို့နယ် ဓနိချောကျေးရွာအနီး၌ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဖမ်းဆီးခံလိုက်ရသော ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌလည်း ဖြစ်သည့် လွှတ်တော်အမတ်ဟောင်း ဦးကျော်မျိုးမင်း မှာမူ ဖမ်း ဆီးစစ်ကြောရာတွင်ရရှိခဲ့သည့် ဒဏ်ရာများကြောင့် လမ်းပင်ကောင်းကောင်း မလျှောက်နိုင်တော့ အခြေအနေအထိသာ နောက်ဆုံး သိရှိထားရပြီး နောက်ဆက်တွဲ အခြေအနေများကို ယခုအချိန်အထိ ထပ်မသိရသေးကြောင်း ၎င်းနှင့် လုပ် ဖော်ကိုင်ဖက် NLD ပါတီဝင်များက ပြောသည်။
ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းဆီးခံလိုက်ရသော NLD ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင် တို့ကို စစ်ကောင်စီတပ်က ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၁ (သထုံခရိုင်) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားသည်။
၎င်းတို့ နှစ်ဦး ကျဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း KNU ဒူးသထု၊ (မိတ်/ကွပ်) ကော်မတီကလည်း သတင်း ထုတ်ပြန်ထားသည်။
ဦးကျော်မျိုးမင်းသည် ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြုကာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာ အတွက် ဘီးလင်းမြို့နယ်မှနေ ယှဉ်ပြိုင်အနိုင်ရခဲ့သူ တဦးဖြစ်သည်။ စစ်တပ် အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် ဦးကျော်မျိုးမင်းအား ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက်ဥပဒေများဖြင့်ပါ ဖမ်းဝရမ်းထုတ်ခဲ့သဖြင့် တိမ်းရှောင်နေရသူတဦးလည်း ဖြစ်သည်။
၎င်းတို့ကို ဖမ်းဆီးသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် မည်သည့် တပ်ရင်း၊ တပ်မ ဖြစ်သည်ကို အသေးစိတ် မရှိရ သေးသော်လည်း ထိုဒေသအတွင်း၌ တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင်ရှိသော အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၈) လက် အောက်ခံတပ်ဖွဲ့များ လှုပ်ရှားသောဒေသ ဖြစ်သလို တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များလည်း လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာမှ လေးကေကျေးရွာ အုပ်စုအထိ စစ်ကြောင်းတက်လာခဲ့ပြီး ထိုမှ တဆင့် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းအထိ ဝင်ရောက်လာခဲ့ပြီးမှ စစ်ကြောင်း ပြန်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ ဖြတ်သန်းလာခဲ့သော လမ်းပိုင်းတလျှောက်တွင် ကျေးရွာသားများအား ပေါ်တာအဖြစ် ခေါ်ဆောင်ခြင်းနှင့် နေအိမ်များကို ဖျက်ဆီးခြင်း၊ ပစ္စည်းများ ယူဆောင်သွားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့တွင် စစ်ကောင်စီတပ်က NLD ပါတီဝင်များကို ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်းများ ပြုလုပ်သလို ဘီးလင်း NLD ရုံးအပါအဝင် ကျိုက်ထို၊ သထုံ NLD ပါတီရုံးများကိုလည်း ၂၀၂၁ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ဗုံးခွဲဖျက်ဆီးခဲ့သေး သည်။
You may also like these stories:
စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ
မန္တလေးတွင် NLD ပါတီဝင်အချို့ ဖမ်းဆီးသတ်ဖြတ်ခံနေရ
မန်းခရိုင် NLD ဒုဥက္ကဌ၏ဇနီး သတ်ဖြတ်ခံရပြီး အလောင်းပါစွန့်ပစ်ခံရ