နိုင်ငံကို ဖရိုဖရဲဖြစ်သွားစေသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး မြန်မာသို့ ပထမဆုံးအကြိမ် လာရောက်စဉ် တရုတ် နိုင်ငံခြားရေးဝန်ကြီးက အတိုက်အခံများနှင့် ဆွေးနွေးရန် မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်သည်။
တရုတ်သည် မြန်မာစစ်ကောင်စီ၏ အနည်းငယ်မျှသော နိုင်ငံတကာ မဟာမိတ်များအနက် တနိုင်ငံဖြစ်ပြီး လက်နက်များ ရောင်းချနေသလို ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချသည့် အာဏာသိမ်းမှုကို အာဏာသိမ်းမှုဟု မသတ်မှတ်သောနိုင်ငံဖြစ်သည်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာမှသက်ဆိုင်သူအားလုံးသည် ကျိုးကြောင်းဆီလျှော်သည့် ဆွေးနွေးညှိနှိုင်းမှုကိုလိုက်နာပြီး နိုင်ငံရေးအရ ပြန်လည်သင့်မြတ်အောင်ကြိုးစားမည်ဟု မျှော်လင့်ကြောင်း ပြောသည်။
မြန်မာသည် နိုင်ငံရေးအရနှင့် လူမှုရေးအရပါ တည်ငြိမ်မည်ဟု ရိုးသားစွာမျှော်လင့်ကြောင်း ဝမ်က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုပြောကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။
ဇူလိုင် ၂ ရက်မှ ၅ ရက်ထိ ယူနက်စကို အသိအမှတ်ပြု ပုဂံမြို့ဟောင်းတွင် ကျင်းပသည့် လန်ကန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဝမ်သည် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်တို့မှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးတက်ရောက်သည်။
ဝမ်ယိသည် မြန်မာနိုင်ငံ ရောက်နေသော အာဆီယံ၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ပရက်ဆခွန်းနှင့် တွေ့ဆုံခဲ့ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံက သဘောတူလိုက်နာ ဆောင်ရွက်ရေး ထောက်ခံကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီအကြား ဆွေးနွေးပွဲများ မဖြစ်နိုင်ဟု ပြောမရကြောင်း ဝမ်ယိ ရောက်မလာမီ ပြီးခဲ့သည့်အပတ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် အကျဉ်းထောင်ထဲ ရွှေ့ပြောင်းချုပ်နှောင်လိုက်သည်။ လေ့လာစောင့်ကြည့်သူများက စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၃ ရွေးကောက်ပွဲကို လက်ခံရန် ကမ်းလှမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံခဲ့သောကြောင့် ထောင်အတွင်း ထည့်လိုက်ခြင်းဟု ယုံကြည်နေကြသည်။
National University of Singapore စင်ကာပူအမျိုးသားတက္ကသိုလ် မှ ဒေသဆိုင်ရာ လုံခြုံရေး ကျွမ်းကျင်သူနှင့် နိုင်ငံရေးသိပ္ပံ ပါမောက္ခ အီယန်ချုန်းက “ကျနော့်အတွက်တော့ ကြည့်ရတာ တရုတ်ဟာ မြန်မာပြည်မှာ သဘောတူညီချက်တချို့ရဖို့ ပွဲစားလုပ်ဖို့ ကြိုးစားနေပုံပဲ။ ဒါမှမဟုတ် အနည်းဆုံး ဒီလိုလုပ်နေပုံ ပေါက်တယ်။ ဒီချဉ်းကပ်မှုဟာ စစ်အုပ်စုကိုလည်း လိုချင်နေတဲ့ တရားဝင်မှုတချို့ ပေးမယ့်ပုံပါ” ဟု CNN သတင်းဌာနကို ပြောသည်။
“အာဏာသိမ်းပြီးနောက် စစ်ပွဲတွေဖြစ်စေတဲ့ စစ်အုပ်စုရဲ့ ပြုမူပုံတွေ ပြောင်းသွားမလားဆိုတာကတော့ သံသယရှိပါတယ်။ ဒါပေမယ့် အခုဟာက တရုတ်က မြန်မာစစ်တပ်အပေါ် ပိုလွှမ်းမိုးဖို့ ဖြစ်လာစေနိုင်တယ်” ဟု အီယန်ချုံးက ပြောသည်။
ဧရာဝတီက စုံစမ်းသိရှိရသည်မှာ ပုဂံ အစည်းအဝေးသို့ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားရန် မြန်မာဘက်က တင်ပြပြင်ဆင်ခဲ့သော်လည်း တရုတ်နိုင်ငံဘက်က လက်မခံဘဲ တရုတ်-မြန်မာ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကသာ အဖွင့်မိန့်ခွန်းအသီးသီး ပြောကြားစေခဲ့သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ
ရှောင်တာနဲလ် လွတ်မြောက်ရေးနှင့် စစ်ကောင်စီကို အရေးယူမည်ဟု သြစတြေးလျ ပြော
ထိုင်းလေပိုင်နက်ကျူးကျော်မှု မြန်မာစစ်တပ် တောင်းပန်
သွေးဆာနေသော အပယ်ခံ စစ်ကောင်စီကို တရုတ် ဝမ်းမြောက်ဝမ်းသာ ထောက်ခံနေ