စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်အတွင်းရှိ လိင်စိတ်ခံယူမှု ကွဲပြားသည့် LGBT (Transgender) တဦးကို မုံရွာ အကျဉ်းထောင် ဝန်ထမ်းတဦးက လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု ပြုလုပ်ခဲ့ကြောင်း လိင်စိတ်ခံယူမှု ကွဲပြားသူများ ကွန်ရက် (LGBT Alliance- Myanmar) က သတင်း ထုတ်ပြန်ထားသည်။
မုံရွာအကျဉ်းထောင်တွင် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက် မနက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပွင့်ဗိုလ် ဇော်ဇော်အောင် (ခေါ်) ပလိုင်း က မူးယစ်သောက်စားထားပြီး အကျဉ်းထောင်အတွင်း အချုပ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား LGBT တဦးအား ၎င်း၏ အမျိုးသား လိင်အင်္ဂါအား မဖွယ်မရာ ပြုလုပ်ခိုင်းသလို လိင်ဆက်ဆံရန်လည်း အကြမ်းဖက်ခဲ့ကြောင်း မုံရွာ လူထုသပိတ် ဦးဆောင် ကော်မတီက ထုတ်ပြန်ထားသည်။
လိင်စိတ်ခံယူမှု ကွဲပြားသူများကွန်ရက်က “မုံရွာအကျဉ်းထောင်မှ ထောင်ဝန်ထမ်း တပွင့်ဗိုလ် ဇော်ဇော်အောင် (ခေါ်) ပလိုင်း၏ လုပ်ရပ်သည် လူမဆန်သောယုတ်မာရိုင်းစိုင်းသော အပြုအမူဖြစ်ကြောင်းနှင့် အလားတူဖြစ်ရပ်များကို ကန့်ကွက်ရှုတ်ချကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အခြေအနေများကို မုံရွာအကျဉ်းထောင်ထဲမှ လာသည့် ခိုင်မာသည့် သတင်းရင်းမြစ်များထံမှ သိရခြင်းဖြစ်ပြီး နောက်ဆက်တွဲ အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း LGBT Union Mandalay မှ ကွန်ရက်မှ တာဝန်ရှိသူ တဦးဖြစ်သည့် Justin Min Hein ကလည်း ပြောသည်။
ကျူးလွန်ခံရသူမှာ ပြီးခဲ့သည့် တလကျော်ခန့်က နေအိမ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ၊ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရပြီး ဖမ်းဆီးသည့်အချိန်တွင်လည်း Transgender ပုံစံမှ အမျိုးသားကဲ့သို့ ပြောင်းလဲ ဝတ်ဆင်ခိုင်းခဲ့ကြောင်း သိရသည်။
Justin Min Hein က “ကျူးလွန်ခံရတဲ့သူ လိင်အကြမ်းဖက် ကျူးလွန်ခံရတဲ့ မည်သူမဆို စိတ်အားငယ်လာတာ ရှိတယ်။ နောက်ပြီးတော့ အလိုလို သိမ်ငယ်လာတာတွေ ရှိတယ်။ ဒါကတော့ LGBT မှ မဟုတ်ဘူး။ တခြားမည်သူမဆို ဖြစ်ပျက်လာတဲ့ အဖြစ်အပျက်ပေါ့။ ကျူးလွန်ခံရတဲ့သူ မပြောနဲ့ ကျနော်တို့ ဒီလိုမျိုး အဖြစ်အပျက်တွေ ကြားသိရရင် စိတ်ခံစားချက် ပြင်းထန် လာတာတွေ၊ လူကြားထဲသူကြား မသွားရဲတော့တာတွေ ရှိတယ်။ ဒါပေမယ့် သူက ကျူးလွန်ခံရတဲ့အပေါ်မှာ ရဲဝင့်စွာ ထုတ်ဖော်ပြောရဲတဲ့ သတ္တိကို မလေးစားဘဲ မနေနိုင်ပါဘူး” ဟု ပြောသည်။
ကျူးလွန်သည့် ထောင်ဝန်ထမ်းမှာ ယခင်ကလည်း အရက်မူး၍ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်း သားများအား အချုပ်ခန်းထဲမှထုတ်ကာ ရိုက်နှက်လေ့ ရှိကြောင်း သိရသည်။
လိင်စိတ်ခံယူမှု ကွဲပြားသူများကွန်ရက်က “ဒီအဖြစ်အပျက်ကနေတဆင့် တနိုင်ငံလုံးက အကျဉ်းထောင်တွေမှာ ဒီလို အဖြစ်အပျက်တွေ မဖြစ်နိုင်ဘူးလို့ မပြောနိုင်တဲ့အတွက် ကျနော်တို့က ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောဆိုရခြင်း ဖြစ်တယ်။ LGBT တဦးမှ မဟုတ်ဘူး။ နောက်ထပ် ဒီလိုမျိုး အကျဉ်းသားတွေကို သူမူးလာရင် မူးလာသလို နှိပ်စက် အကြမ်းဖက် ရိုက်နှက်တာတွေလည်း ကြုံ တွေ့ရတာတွေလည်း ရှိခဲ့ဖူးတယ်” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို တင်ပြတောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က “တပွင့်ဗိုလ်တယောက်က LGBT တယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စက အံ့ဩစရာကိုမရှိတော့ဘူး။ သူတို့အတွက်က ထမင်းစား ရေသောက်ပဲ။ သူတို့မှာက တရားဝင်လိုင်စင်ကို ရထားတာ။ ရိုက်တာတွေ နှက်တာတွေ ဆဲတာတွေ ဆိုတာတွေ အစုံလုပ်နေတာ။ လူ့အခွင့်အရေးကို အဆိုးရွားဆုံးနဲ့ အပြင်းထန်ဆုံးချိုးဖောက်တဲ့ ယန္တရားပဲ။ ဘယ်လိုမှငြင်းလို့မရဘူး” ဟု ပြောသည်။
အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းထောင်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများကို အမျိုးသမီးများ အနေဖြင့် ကျူးလွန်ခံရခြင်းမှာ အများဆုံးဖြစ်ပြီး နောက်ပိုင်းတွင် LGBT များနှင့် အမျိုးသားများပါ ကျူးလွန်ခံနေရကြောင်း သိရသည်။
အကြမ်းဖက်မှုများထဲတွင် လိင်အကြမ်းဖက်မှုသည် အဆိုးဆုံး အကြမ်းဖက်မှုဖြစ်သည့်အတွက် ဆန့်ကျင်ရန် အရေး ကြီးပြီး မဆန့်ကျင်ဘဲနေမည်ဆိုပါက မျက်စိရှေ့သို့ အချိန်မရွေး ရောက်လာနိုင်ကြောင်း လိင်စိတ်ခံယူမှု ကွဲပြားသူများ ကွန်ရက်က ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မန္တလေးမြို့ရှိ LGBT အရေးတက်ကြွလှုပ်ရှားသူ စူးရှရှင်းသန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ကားဖြင့်တိုက်၍ ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ထောင်ပြင်ပသို့ ရောက်ရှိလာသည့် သတင်းများအရ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံရသည့် LGBT ဦးရေ ၂၀ ကျော်အထိ ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီး၌ ယင်းကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမျိုး ကျူးလွန်ခံရမှုများလည်း ရှိနေ သလို နိုင်ငံရေး အကျဉ်းသားများအပေါ် ထောင်အာဏာပိုင်များက ညှဉ်းပန်းနှိပ်စက်မှုဖြစ်ရပ်များလည်း ကြုံတွေ့နေရ လျက်ရှိသည်။
You may also like these stories:
အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အသရေဖျက်မှု စစ်ကောင်စီ ပစ်မှတ်ထားလုပ်နေ
အိုးဘိုထောင်၌ အမှုရင်ဆိုင်ဆဲ အမျိုးသမီး နိုင်/ကျဉ်းများ ညှဉ်းပန်းနှိပ်စက်ခံနေရ