မြန်မာ- ထိုင်းနယ်စပ်အနီး ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ဧရိယာထဲ၌ တည်ရှိသည့် ရက္ခိုင် တပ်တော် (AA) စခန်းတခုအား ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သည့်အတွက် တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးမှု ရှိသလို စခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်းနှင့် စက်ချုပ် စက်ရုံ အပါအဝင် အဆောက်အအုံတချို့လည်း ပျက်စီးသွားကြောင်း AA သတင်းပြန်ကြားရေးဌာနမှ ယနေ့ (ဇူလိုင်လ ၅ ရက်) က ထုတ်ပြန်ထားသည်။
စစ်ရေး၊ နိုင်ငံရေး သုတေသီတဦးက AA အနေဖြင့် KNU ထိန်းချုပ်နယ်မြေတွင် ဗမာပြည် လွတ်မြောက်ရေး တပ်မတော် (BPLA) တပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးမှုနှင့်အတူ မဟာမိတ်တပ်များနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်သည့် အနေအထားရှိသည့်အတွက် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
၎င်းက “စခန်း မှားပြီး တိုက်ခိုက်တာတော့ မဖြစ်နိုင်ဘူးဗျ။ ဒီအချိန်မှာ တယောက်စခန်းကို တယောက် ဘယ်မှာ ရှိတယ် ဆိုတာ အကုန် သိနေကြတာပဲ။ ကျနော် ထင်တယ်။ မောင်ဆောင်းခတို့ ဦးဆောင်တဲ့ BPLA ကို AA က လေ့ကျင့်သင်တန်း ပေးတာတွေ၊ လက်နက် တပ်ဆင်ပေးတာရယ်။ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတချို့ ရှိနိုင်တဲ့အတွက် ဗုံးကြဲ တိုက်ခိုက် တာလို့ ယူဆရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ စစ်ကောင်စီက AA စခန်းအား လက်ဦးမှု ယူပြီး ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်အတွင်း တကျော့ ပြန်တိုက်ပွဲများ ဖြစ်လာနိုင်သော်လည်း တိုက်ပွဲကြီးများ ဆက်တိုက် ဖြစ်လာမည့် အခြေအနေ မရှိကြောင်း အဆိုပါ စစ်ရေး နိုင်ငံရေး သုတေသီက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားတော့ ရှိတယ်။ ဒါပေမယ့် တပွဲကောင်း၊ နှစ်ပွဲ ကောင်းလောက်ပဲ ဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုရင် ဒီအချိန်မှာ AA က စစ်ရေး ပြင်ဆင်မှုလုပ်ဖို့ လိုနေတယ်။ အခြေ အနေတခုကို စောင့်ပြီးတော့ ရည်ရှည်အတွက် AA က စစ်ရေးပြင်ဆင်နေတဲ့ သဘောရှိတယ်။ တဖက်မှာ စစ်ကောင်စီက လည်း ရခိုင်မှာ ခံစစ်ပဲ ပြင်ဆင်ထားတာ။ လိုအပ်ရင် လက်နက်ကြီးတွေ လှမ်းပစ်မယ်။ လေယာဉ်နဲ့ ဗုံးကြဲမယ် ဒီအနေ အထားပဲ၊ ထိုးစစ်ဆင်ပြီး တိုက်ခိုက်မှာ မဟုတ်တဲ့အတွက် တိုက်ပွဲကြီးတွေတော့ မဖြစ်နိုင်သေးဘူးလို့ ယူဆရတယ်” ဟု ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။
ဗုံးကြဲ တိုက်ခိုက်ခံရသည့် အခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
ပြီးခဲ့သော၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ကလည်း ကချင်ပြည်နယ်၊ လိုင်ဇာတွင် ဖွင့်လှစ်ထားသည့် KIA ဗိုလ်သင်တန်း ကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် AA ဗိုလ်လောင်း ၈ ဦး အပါအဝင် တိုင်းရင်း သား လက်နက်ကိုင် မဟာမိတ်တပ်များမှ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့သည်။
You may also like these stories:
အာဏာအားပြိုင်မှုကြားက ရခိုင် လူဖမ်းပွဲ
မြောက်ဦး စရဖ တရုံးလုံး AA ဖမ်းသွား