စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် တပ်ဖွဲ့ဝင် အင်အားဖြည့်တင်းလာမှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ငါးထောင်ခန့် ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရှိရ သည်။
ဒီပဲယင်းမြို့နယ် သိမာ္ဘရွာသို့ စစ်ကောင်စီသည် ရဟတ်ယာဉ် ၃ စီးဖြင့် ယမန်နေ့ (ဇူလိုင် ၄ ရက်) ညနေ ၄ နာရီခွဲခန့်က တပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်ကို လာရောက် ချထားသောကြောင့် အဆိုပါ ညတွင်းချင်းပင် ထွက်ပြေးတိမ်းရှောင်ကြ ခြင်း ဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များထံက သိရသည်။
စစ်ရှောင်အရေး ကူညီပေးနေသူတဦးက “ညက မိုးကလည်း တညလုံးရွာတော့ သွားရေးလာရေး အဆင်မပြေဘူး။ စစ် ဘေးရှောင် အင်အားများတော့ နေရာထိုင်ခင်းတွေလည်း ပြည့်နေတာ။ ည ၁၂ လောက်အထိကို ထွက်ပြေးလာနေ ကြတုန်းပဲ။ ထော်လာဂျီရှိတဲ့ လူက ထော်လာဂျီ၊ ဆိုင်ကယ်ရှိတဲ့ လူက ဆိုင်ကယ်၊ ကားရှိတဲ့လူက ကားနဲ့ အတန်း လိုက်ကြီးကို ပြေးကြရတာ။ ဒုက္ခရောက်ချက်ကတော့ ပြောမနေနဲ့” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ၂ ရက်တွင် ကျဆုံးခဲ့သည့် PDF ၂၀ ကျော်ကို ဂါရဝပြုသော ဒီပဲယင်း ဆပ်ပြာကျင်း တိုက်ပွဲ နှစ်ပတ်လည်နေ့တွင် လေယာဉ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီအဖွဲ့များ ရွာများအတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
သိမာ္ဘ၊ ဘုတ္ထန်း၊ ကျွန်းတောလေး၊ ကျွန်းတောကြီး၊ ဆပ်ပြာကျင်း၊ ခြုံ၊ အိုးတိမ်တွင်း၊ ဘုတ်၊ အုန်းတင်၊ ကြည်၊ ဘုရား ထွက် အစရှိသည့် ရွာများရှိပြည်သူများ နေ့ရော၊ ညအထိပါ ထွက်ပြေး တိမ်းရှောင်ရခြင်း ဖြစ်သည်။
ယခု နံနက်ပိုင်းတွင် စစ်ကောင်စီတပ် ဝင်ရောက်နေသည့် ကျွန်းတောလေးနှင့် အင်ပင်ရွာတွင် မီးခိုးလုံးများ ထွက်နေ သည်ကို တွေ့ရသော်လည်း ရွာအနီးသို့ ပြန်လည်သွားရောက်နိုင်ခြင်း မရှိသည့်အတွက် မီးလောင်အိမ်ခြေကို မပြော နိုင်သေးကြောင်း ဒေသခံတဦးက ပြောသည်။
ဆပ်ပြာကျင်းနှင့် ဘုတ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ရွာအနီးချဉ်းကပ်လာသော ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “တိုက်ပွဲက အပြန်အလှန်တော့ မဖြစ်သေးဘူး။ သူတို့ဘက်က စာသင် ကျောင်းတို့ ဘုန်ကြီးကျောင်းတို့ထဲကနေပြီးတော့ အပြင်က PDF တွေ ကပ်လာတော့ လက်နက်ကြီးနဲ့ လှမ်းထုလို့ ကျနော်တို့ PDF တွေဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ထုတယ် အဲဒီအနေအထားပဲ ရှိသေးတယ် ၃ ချက်လောက်ပဲ” ဟု ပြောသည်။
ကျေးရွာများအတွင်းသို့ စစ်ကြောင်း ထိုးမည်ဟု သတင်းကြားကတည်းပင် ပြည်သူများအနေဖြင့် ထွက်ပြေးတိမ်းရှောင် ရန် ပြင်ဆင်နေပြီး စစ်တပ်နှင့် ထိပ်တိုက်တွေ့ပါက သတ်ဖြတ်ခံရနိုင်သည် ဟုလည်း တထစ်ချ တွေးထားကြောင်း ဒီပဲယင်းဒေသခံများက ဆိုသည်။
ဒေသခံတဦးက “ကလေးရော အဘိုးကြီး၊ အဘွားကြီးတွေရော သတ်တော့ အဘိုးကြီးတွေကရော ကလေးပေါက်စက ပါ သူတို့နဲ့ အတွေ့မခံရဲဘူး၊ မီးရှို့သတ်တယ်။ လည်လှီးသတ်တယ်။ ခေါင်းပွင့်အောင် ပစ်သတ်ထားခဲ့တာကိုး။ ပြည်သူ တွေက သူတို့နဲ့ အတွေ့ မခံရဲဘူး။ သူတို့ လာတယ်ဆိုရင်ကို စစ်ကြောင်း ဦးတည်တဲ့ ရွာတွေက ကြိုပြီးတော့ ထွက် ပြေးတာ” ဟု ပြောသည်။
ISP Myanmar က ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စစ် ဘေးရှောင်အရေအတွက် ၄ သိန်းခွဲကျော်ရှိပြီး စစ်ကိုင်းတိုင်းတွင် စစ်ရှောင်အများဆုံး ဖြစ်နေကာ စစ်ရှောင်ဦးရေ ၃ သိန်း ၄ သောင်းကျော် ရှိနေခြင်း ဖြစ်သည်။
You may also like these stories:
စစ်ကိုင်းတိုင်းကို အမှုန့်ချေပစ်မယ်တဲ့လား
အသက်မပြည့်သေးသည့် ကလေးတွေကိုပါ စစ်ကောင်စီသတ်ဖြတ်
မွန်ပြည်နယ်မှ အရပ်သား ၇ ထောင်ခန့် နေရပ်စွန့်ခွာ