မြန်မာသို့ပေးပို့မည့် SU-30 ခြောက်စီးအနက် နှစ်စီးကို ရုရှားက မြန်မာသို့ ပြီးခဲ့သည့် မတ်လအတွင်းက ပေးပို့ခဲ့ကြောင်း မြန်မာလေတပ်တွင် လုပ်ကိုင်ခဲ့ဖူးသော သတင်းရင်းမြစ် အများအပြားက ပြောသည်။
အာမခံပေးထားသော ကာလအတွင်း မြန်မာလေတပ်ကို ကူညီရန် သင်တန်းဆရာနှင့် စက်ပညာရှင် အများအပြားကိုလည်း မော်စကိုက မြန်မာသို့ စေလွှတ်ပေးသည်ဟု ထိုသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ သတင်းရင်းမြစ်များသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတွင် လွန်ခဲ့သောနှစ်က ပူးပေါင်းလာသော လေတပ်အရာရှိဟောင်းများ ဖြစ်သည်။ အာမခံကာလ ကုန်ဆုံးသည်အထိ ရုရှား လေယာဉ်မှူးများနှင့် ပညာရှင်များသည် မြန်မာတွင် နေထိုင်မည်ဖြစ်ကြောင်း ထိုသတင်းရင်းမြစ်များက ပြောသည်။
ရုရှားအများအပြားသည် နေပြည်တော်တွင် နေထိုင်နေပြီး အချို့သည် မန္တလေးတွင်အခြေစိုက်ကြောင်း သတင်းရင်းမြစ်တခုက ပြောသည်။ နေပြည်တော်ရှိ လေယာဉ်ရုံတခုအတွင်းတွင် SU-30 အသစ် နှစ်စီး ရှိနေကြောင်း သတင်းရင်းမြစ်တဦးက အတည်ပြုပြောကြားသည်။ နေပြည်တော်သည် သေနင်္ဂဗျူဟာကျပြီး ထိုလေယာဉ်များ နိုင်ငံမြောက်ပိုင်းစွန်းမှ တောင်ပိုင်းစွန်းအထိ တနိုင်ငံလုံးသို့ ပျံသန်းနိုင်ကြောင်း ပြောသည်။
SU-30 လေယာဉ်များသည် ရုရှားမှ Sukhoi Aviation Corporation က ထုတ်လုပ်သည့် အင်ဂျင်နှစ်လုံးတပ် နှစ်ယောက်စီး စစ်ဆင်ရေးလုပ်နိုင်စွမ်း မြင့်မားသည့် ဂျက်တိုက်လေယာဉ်များ ဖြစ်သည်။ ထိုလေယာဉ်များသည် ရာသီဥတုအားလုံးတွင် ပျံသန်းနိုင်ပြီး လေကြောင်းတိုက်ခိုက်မှု၊ တားဆီးမှုများ ပြုလုပ်နိုင်သည့် ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်သည်။
၂၀၁၈ ခုနှစ်က ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုင်ဂု မြန်မာသို့ လာရောက်စဉ် မြန်မာစစ်တပ်သို့ SU-30 ခြောက်စီးရောင်းချရန် သဘောတူခဲ့သည်။
“ဒီလေယာဉ်တွေဟာ မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့နဲ့ မည်သည့် အကြမ်းဖက် ခြိမ်းခြောက်မှုကိုမဆို တွန်းလှန်ဖို့ မြန်မာလေတပ်အတွက် အဓိက လေယာဉ်တွေ ဖြစ်လာလိမ့်မယ်” ဟု ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဖိုမင်က ပြောသည်ဟု ရုရှား တာ့စ် (TASS) သတင်းဌာနက ကိုးကားဖော်ပြသည်။

မြန်မာစစ်တပ်သည် ရုရှားမှ MIG-29၊ SU-30 ဘက်စုံသုံး တိုက်လေယာဉ်၊ Yak-130 အမောင်းသင် ဂျက်လေယာဉ်၊ အပေါ့စား တိုက်ခိုက်ရေးလေယာဉ်များ၊ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ဝယ်ယူနေသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။
စစ်ဘက်ဆက်ဆံရေး
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုမတိုင်မီ ရက်အနည်းငယ် အလိုတွင် ရုရှားကာကွယ်ရေး ဝန်ကြီး ရွှိုင်ဂုသည် မြန်မာသို့လာရောက်ပြီး လေကြောင်းကာကွယ်ရေး လက်နက်များ မြန်မာသို့ ရောင်းချရန် ကတိပြုသည်။ ဒုကာကွယ်ရေးဝန်ကြီး ဖိုမင်သည် နောက်တလ ကြာသောအခါ နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြပွဲသို့ တက်ရောက်ခဲ့သည်။
အာဏာသိမ်းပြီးချိန်မှ စတင်ပြီး မြန်မာနှင့် ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးသည် အဆင့်သစ်တခုသို့ တိုးတက်သွားပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက လွန်ခဲ့သော သြဂုတ်လတွင် “ရုရှားက မြန်မာကာကွယ်ရေး စနစ်မှာ အရေးပါတဲ့အခန်းက ပါဝင်တယ်။ ပြီးရင် တရုတ်ကလည်း အရေးပါတယ်။ လေတပ်တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နေတယ်” ဟု သတင်းထောက်များကို ပြောသည်။
စစ်ကောင်စီသည် ရုရှားနှင့် စစ်တပ်ချင်း ဆက်ဆံရေးလည်း တိုးမြှင့်နေပြီး ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကို ထောက်ခံကြောင်းလည်း ဖော်ပြသည်။
ရုရှားရေတပ်သင်္ဘော Gremyashiy သည် အောက်တိုဘာလတွင် မြန်မာသို့လာရောက်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားရေတပ် ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဗလာဒီမာ အယ်လ်ဗိုဗစ်ရှ် ကာဆာတိုနော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ထိုသင်္ဘောပေါ်တွင် သွားရောက်တွေ့ဆုံသည်။

ပိုမိုမြင့်မားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ယမန်နှစ်က စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်ကောင်စီက လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေချိန် ယခုနောက်ဆုံး ဂျက်တိုက်လေယာဉ်များ မပေးပို့မီက ရုရှားလေယာဉ်မှူးများနှင့် ပညာရှင်များသည် မြန်မာသို့ ရောက်လာကြသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်နေချိန်တွင် လေယာဉ်မှူးများ ပါဝင်သော ရုရှားစစ်ဘက် ကိုယ်စားလှယ်အဖွဲ့တခု မြန်မာသို့ ရောက်လာကြောင်း ဧရာဝတီသတင်းဌာနက ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည်။
အဖွဲ့ဝင် ၂၄ ဦးပါသော ရုရှားကိုယ်စားလှယ် အဖွဲ့သည် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မန္တလေးသို့ ရောက်လာသည်။ ရုရှားလေယာဉ်မှူးများသည် ပျံသန်းမှု လေ့ကျင့်ပေးခြင်းနှင့် လေယာဉ်များကို ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ပေးရန် မန္တလေးတိုင်း မိတ္ထီလာလေတပ်စခန်းသို့လည်း မကြာခဏ သွားရောက်ကြသည်။
နယ်စပ်ကျူးကျော်မှု
မြန်မာက ရုရှားမှ အဆင့်မြင့် ဘက်စုံသုံးလေယာဉ်များ ဝယ်ယူသောကြောင့် ထိုင်းနိုင်ငံ အပါအဝင် မြန်မာ၏ အိမ်နီးချင်းများက အထိတ်တလန့် စောင့်ကြည့်နေကြသည်။
မြန်မာလေတပ်မှ MIG-29 ဟု ယူဆရသော လေယာဉ်တစီးသည် နယ်စပ်အနီးမှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးတပ်များကို လေကြောင်းမှ တိုက်ခိုက်စဉ် အနောက်ပိုင်း တာ့ခ်ခရိုင်မှ ထိုင်းလေပိုင်နက်ကို လွန်ခဲ့သောအပတ်က ကျူးကျော်သောကြောင့် တော်ဝင်ထိုင်းလေတပ်က F-16 ဂျက်တိုက်လေယာဉ် နှစ်စီးကို စေလွှတ်ခဲ့ရသည်။
ထိုဂျက်တိုက်လေယာဉ်ကို မောင်းနှင်သူသည် ရုရှားလေယာဉ်မှူး ဖြစ်သည်ဟု ကရင်စစ်အရာရှိများက ခန့်မှန်းကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်သားများကို ထိုးစစ်ဆင်နေချိန်အတွင်း ထိုင်းနှင့် တရုတ်နိုင်ငံအတွင်း ကျူးကျော်မှု အကြိမ်ကြိမ် ဖြစ်ခဲ့သောကြောင့် ဘေဂျင်းက တင်းမာစွာ သတိပေးခဲ့သည်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ၂၀၁၅ ခုနှစ် မတ်လတွင် ဖြစ်ပွားသော တိုက်ပွဲများအတွင်း မြန်မာစစ်တပ်သည် နယ်စပ်မှ လက်နက်ကိုင်များကို တိုက်ခိုက်ရန် ဂျက်တိုက်လေယာဉ်များ အသုံးပြုသည်။ ဗုံးတလုံးသည် တရုတ်ပိုင်နက်အတွင်း ကျရောက်သောကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးပြီး ဘေဂျင်းက ဒေါသထွက်သည်။
ထို့ကြောင့် တရုတ်စစ်တပ်သည် ဂျက်တိုက်လေယာဉ်များနှင့် နောက်ထပ်တပ်များကို ထိုနေရာသို့ စေလွှတ်လိုက်ပြီး နောက်တကြိမ်တွင် ထိုသို့သော ဖြစ်ရပ်မျိုး ထပ်မံ အဖြစ်ခံမည် မဟုတ်ကြောင်း မြန်မာစစ်တပ်ကို ပြောသည်။
တရုတ်နိုင်ငံစစ်ဘက်တွင် အမြင့်မားဆုံး အုပ်ချုပ်ရေးအဖွဲ့ ဗဟိုစစ်ကော်မရှင် (CMC) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချောင်လုံက “တရုတ်ပြည်သူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို လုံခြုံရေးကို ကာကွယ်ဖို့ တရုတ်စစ်တပ်က ပြတ်သားတဲ့ အစီအမံတွေ ချမယ်” ဟု ပြောသည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန်၊ တောင်းပန်ရန်၊ ထိခိုက်သော မိသားစုများကို လျော်ကြေးပေးရန် တရုတ်အစိုးရကလည်း တောင်းဆိုသည်။
ထိုနောက် ဇွန်လတွင် တရုတ်နိုင်ငံသည် တရုတ်မြန်မာနယ်စပ်တွင် ကြည်းတပ်နှင့် လေတပ်ပါဝင်သည့် မြေပြင်-ဝေဟင် ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကို ကျည်ဆံအစစ်များဖြင့် ပြုလုပ်သည်။
You may also like these stories:
ဥကရစ်ထတိုက်ပွဲ ရက်ကြာသည့်နှင့်အမျှ ထိုင်းဘက်ထွက်ပြေးသူ ၁၀၀၀ခန့်ရှိလာ
ရုရှားစစ်ပွဲက စစ်ကောင်စီ လက်နက်ရှာရ ခက်အောင်ဖန်
ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ