စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်တွင် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့သူများအား စစ်ကောင်စီက ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် ခြံအမှတ် ၅၄ သို့ ပြောင်းရွှေ့ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
NLD နှင့် နီးစပ်သူတဦးက “စနေနေ့ (ဇူလိုင် ၂ ရက်) ညထဲက စစ်တပ်က အစီအစဉ်နဲ့ပဲ ခြံအမှတ် ၅၄ ကို လာပို့သွားတာ။ တိုက်ချီတိုလေးလည်း ပါတယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ၎င်းတို့ လျှို့ဝှက်ထားသောနေရာတွင် အကျယ်ချုပ်ထားရှိခဲ့ရာမှ ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင် နေပြည်တော် အချုပ်ထောင်အတွင်းရှိ သီးခြားအဆောက်အအုံငယ် သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။
ထို့နောက် ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်တွင် အကျယ်ချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်ခဲ့သူများအားလည်း ပစ္စည်းများနှင့်အတူ ရန်ကုန်သို့ ပြောင်းရွှေ့ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန် ခြံအမှတ် ၅၄ သို့ ရောက်ရှိလာသူများထဲ ဦးဖြိုးမင်းသိန်း၏ စွပ်စွဲချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ဖြင့် တရားစွဲမှုတွင် တရားလိုပြသက်သေ အနေဖြင့် ထွက်ဆိုခဲ့ရသည့် မဝေဝေသန်းဆိုသူနှင့် ၎င်း၏ ကလေးငယ်လည်း ပါဝင်ကြောင်း သိရသည်။
မဝေဝေသန်းမှာ အမှုတွင် သက်သေထွက်ဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နေအိမ်အကျယ်ချုပ် အတူနေထိုင် နေရာမှ သီးခြားနေရာသို့ ပြောင်းရွှေ့ချုပ်နှောင်ခံခဲ့ရသူလည်း ဖြစ်သည်။
ယခုကဲ့သို့ ခြံအမှတ် ၅၄ သို့ ပြောင်းရွှေ့ပို့ဆောင်ခံရသူများ အနေဖြင့် ၎င်းတို့ သဘောအတိုင်း သွားလာခွင့်၊ မိသားစု ဆွေမျိုးများရှိရာ ပြန်ခွင့်တို့နှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို မသိရသေးပေ။
“လတ်တလောတော့ ခြံအမှတ် ၅၄ ကို ပြောင်းရွှေ့လာရတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မချင်း အိမ်မပြန်ကြဘူးလို့ ဆုံးဖြတ်ထားကြတယ်” ဟု NLD နှင့် နီးစပ်သူတဦးက ပြောသည်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ရှိသည့် ခြံအမှတ် ၅၄ ၌ ယခင် စစ်အစိုးရလက်ထက်များက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သော်လည်း ယခု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီ လက်ထက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် ထောင်အ တွင်းသို့ ပို့ဆောင်ကာ ချုပ်နှောင်ထားဆဲ ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆွတ် ခွန်းသည် ဒေါ်အောင်ဆန်းစုကြည်အား ထောင်သို့ ပို့ဆောင်ချုပ်နှောင်ခြင်းနှင့် ပတ်သက်၍ ပြန်လည်ရုပ်သိမ်းပြီး မူလထား ရှိရာ နေအိမ်အကျယ်ချုပ်သို့ ပြန်ပို့ရန် စစ်ကောင်စီထံ တိုက်တွန်းတောင်းဆိုခဲ့သော်လည်း ပြန်လည်ရွှေ့ပြောင်းရန် မရှိ ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားမှုများနှင့် ပတ်သက်ပြီး နေပြည်တော် အချုပ်ထောင်အတွင်းရှိ အထူးတရားရုံးတွင် အမှုများ ဆက်လက် ရင်ဆိုင်ရလျက် ရှိနေသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ခေါင်းဆောင်၏ အာဃာတ
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှပြန်ရွှေ့ပေးမည် မဟုတ်ဟု စစ်ကောင်စီဆို
ဒေါ်အောင်ဆန်းစုကြည်ကို လေယာဉ်စင်းလုံးငှားမှုဖြင့် အရေးယူရန် ဘူးလက်လှဆွေတိုက်တွန်း
စစ်ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလုပ်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မလား