ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားများအတွက် ပန်းရောက်ကတ်ဟု ခေါ်သည့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးရန် ထိုင်းအစိုးရအဖွဲ့က ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံအတွင်း တရားမဝင် အထောက်အထားမဲ့နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်း နယ်မြေတခုထဲတွင် အလုပ်လုပ်ကိုင်၍ ရသည့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အား လုပ်ပေးမည် ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Thanakorn Wangboomkongchana ကအတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “နယ်စပ်တွေကနေ အဖမ်းဆီးခံ လွတ်အောင်ရှောင်တိမ်းပြီးတော့မှ ရောက်ရှိလာတဲ့ ဒီမှာလည်း ဘာစာရွက်စာတမ်းမှမရှိလို့ ဘာအလုပ်မှလည်း မလုပ်ရဘဲ ဆွေမျိုးတွေ သူငယ်ချင်းတွေဆီမှာ ရှောင်ပုန်းခိုအောင်းပြီး နေနေတဲ့ အရည်အတွက်က ဘယ်လောက်များလဲဆိုတာ မသိနိုင်ဘူး။ အဲဒီတော့ ဒီသတင်းကောင်းကြီးဟာ သူတို့အတွက် အင်မတန်မှ ဝမ်းသာစရာကောင်းတဲ့ သတင်းကောင်းဖြစ်သွားမှာပါ။ သူတို့ဒါကိုပဲမျှော်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပန်းရောင်ကတ်ပြုလုပ်ရန်အတွက် အလုပ်ရှင်အနေဖြင့် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနထံ လုပ်သားအမည်စာရင်း တင်သွင်းရမည်ဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) လျှောက်ထားရမှာဖြစ်ကြောင်း သိရသည်။
လျှောက်လွှာတင်ခအဖြစ် အလုပ်သမားတဦးကို ဘတ် ၁၀၀ နှင့် အလုပ်လုပ်ကိုင်ခွင့် စာအုပ်အတွက် ဘတ် ၉၀၀ ပေးချေရမည်ဖြစ်ပြီး အလုပ်သမားများအနေဖြင့် အလုပ်သမား စီမံခန့်ခွဲမှု ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့် စာအုပ်မရမချင်း ငွေပေးချေထားသည့် ပြေစာနှင့် ဖြေလျှော့ပေးမှုအရ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။
ယင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သည် ၁၃-၂-၂၀၂၃ ရက်နေ့အထိ သက်တမ်းရှိမည်ဖြစ်ပြီး ထို့နောက်တွင် ၁ နှစ်သက်တမ်း ၂ ကြိမ်တိုးပိုင်ခွင့် ရရှိမည်ဖြစ်ကာ ၁၃-၂-၂၀၂၅ ရက်နေ့အထိ နေထိုင်လုပ်ကိုင်ခွင့်ရရှိမည်ဟု ဖြစ်ကြောင်း သိရသည်။
မဲဆောက်မြို့ရှိ ရွှေ့ပြောင်းလုပ်သားတဦးက “အခုလို လုပ်ပေးတယ်ဆိုတာက ကောင်းပါတယ်။ အခု ကျမတို့ မြန်မာနိုင်ငံမှာကလည်း စစ်အာဏာသိမ်းလိုက်ထဲက အလုပ်က ရှာရခက်တယ်။ တခြားသွားဖို့ ဆိုတာလည်း စရိတ်တွေက မတတ်နိုင်တော့ အဆက်အသွယ်နဲ့ ဒီဘက်ကို အလုပ်လုပ်ချင်လို့ ကူးလာတဲ့ လူငယ်တွေ အတွက် ထိုင်းအစိုးရက အခုလို လုပ်ပေးမယ်ဆိုတာ ဝမ်းသာပါတယ်။ ဒါပေမယ့် တခုရှိတာက လူလိမ်တွေက အရမ်းများတော့ အလုပ်သမားတွေအနေနဲ့ သတိတော့ထားရမယ်။ ဒီက လုပ်ပေးမယ်ရှိသေး။ ဘယ်လောက်ပေးရင် အပြီးရမယ်တို့ ကျမကိုဆက်သွယ်ပါတို့ ဆိုတဲ့ လူတွေက တင်နေပြီ” ဟု ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများ နေ့စဉ်နှင့်အမျှ စံချိန်တင်ရှိနေပြီး ယခုကဲ့သို့ ထိုင်းအစိုးရမှ အထောက်အထားလုပ်ပေးမည်ဆိုသည့် သတင်းစကားကြောင့် ထပ်မံရောက်ရှိလာကြဦးမည် ဖြစ်ကြောင်း အလုပ်သမားရေးဆောင်ရွက်နေသူများက သုံးသပ်သည်။
ထိုင်းအစိုးရ၏ အထောက်အထားမဲ့ ဝင်ရောက်လာသူများကို အလုပ်လုပ်ကိုင်ခွင့် ထုတ်ပေးသည့် လုပ်ငန်းစဉ်မှာ ကိုဗစ်နောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းတွင် တကြိမ်ပြုလုပ်ပေးခဲ့ပြီး ယခုပြုလုပ်ပေးမည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
ဦးအောင်ကျော်က “၂၀၂၁ နိုဝင်ဘာလောက်ကလည်း ထုတ်ပေးပါသေးတယ်။ အဲဒီအုပ်စုထဲမှာလည်း မြန်မာပြည်က အကြောင်းကြောင်းကြောင့် ဝင်ရောက်လာတဲ့လူတွေ တရားဝင်လက်မှတ်တွေရပြီးတော့ သူတို့ဘဝတွေ အဆင်ပြေချောမွေ့နေပြီဆိုတာ မြင်တွေ့ရတယ်။ ဒီတခေါက်ကတော့ ဒုတိယအကြိမ်ပြုလုပ်ပေးတာဖြစ်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံမှ လုပ်သားရှားပါးမှုကြောင့် ကိုဗစ်ကာလအတွင်း ရပ်နားထားသည့် နှစ်နိုင်ငံသဘောတူညီမှုစာချုပ် MoU ဖြင့် လုပ်သားခေါ်ယူခြင်းအား ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ စတင်ခေါ်ယူခဲ့ပြီး လက်ရှိအချိန်တွင် လုပ်သားပေါင်း ၉ထောင်ကျော်သာ ထိုင်းနိုင်ငံအတွင်း ရောက်ရှိကြောင်း သိရသည်။