ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း စစ်ကောင်စီက ကျေးရွာများသို့ လေကြောင်းဖြင့် ဗုံးကြဲ သလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်နေကြောင်း ဒေသခံ ကျေးရွာသားများနှင့် CDF မင်း တပ် အဖွဲ့ဝင်များက ပြောသည်။
ဇူလိုင်လဆန်းပိုင်းကစ၍ မင်းတပ်မြို့ အခြေစိုက်ထားသည့် စစ်ကောင်စီတပ် ခလရ၂၇၄ တပ်ရင်းမှနေ လက်နက်ကြီးများ ဖြင့် အနီးရှိ ကျေးရွာများသို့ ပစ်ခတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်း ဖြစ်ကြောင်း မင်းတပ် CDF တပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ကိုဆလိုင်းဟာအွမ်က ပြောသည်။
၎င်းက “ကျနော်တို့ မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ သဘောမျိုး မဟုတ်ဘဲ မြို့ပတ်ပတ် လည် ရွာတွေကိုတော့ စိတ်ကြိုက် လက်နက်ကြီးနဲ့ ထုနေတာပဲ။ နေ့တိုင်းလိုလို ထုနေတာ အခု အချ်ိန်ထိပေါ့။ ဒီကောင် တွေက CDF တပ်ဖွဲ့တွေ လှုပ်ရှားမှု မရှိဘဲနဲ့ မြို့ပေါ်ကနေပြီးတော့ ပြည်သူတွေရှိတဲ့ ရွာတွေ ဘက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဇူလိုင်လ ၅ ရက်ကလည်း မြို့ပေါ်တွင် အခြေစိုက်ထားသည့် ခလရ ၂၇၄ တပ်ရင်းမှနေ ကျေးရွာများသို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သလို ယနေ့ ဇူလိုင်လ ၆ ရက်တွင်လည်း ယင်းမြို့နယ်ရှိ ကျော့တော်ကျေးရွာသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်ပြီး အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးကာ နေအိမ်ရှိ ပစ္စည်းများကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း မင်းတပ်မြို့နယ်အတွင်းက ဒေသခံတဦးက ပြောသည်။
ယင်းပြင် ဇူလိုင်လ ၄ ရက်ကလည်း မင်းတပ်မြို့နယ်အတွင်းက ပူကွန်းကျေးရွာဘက်သို့ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့ပြီး ကျေးရွာအနီး ၂ လုံးကျရောက် ပေါက်ကွဲခဲ့သလို ဇူလိုင်လ ၂ ရက်ကလည်း မင်းတပ်မြို့နယ်အတွင်း ချပ်ကျေးရွာနှင့် စွန် တောင်ရွာများအား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ရဟတ်ယာဉ်၂ စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ များကို သွားရောက် ကယ်ထုတ်သည့် CDF ရဲဘော် ၃ ဗုံးဆန်ထိမှန် သေဆုံးခဲ့သလို ရွာသားတချို့လည်း ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုတွင် ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်း နှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးပြီး ကျေးရွာသားများမှာလည်း လက်ရှိ အချိန်အထိ တောတောင်ထဲသို့ အသက်လု ထွက် ပြေး နေရကြောင်း သိရသည်။
မင်းတပ်မြို့နယ်အတွင်းက စစ်ရှောင်အရေး ကူညီဆောက်ရွက်ပေးနေသည့် ဒေသခံတဦးက “စစ်ကောင်စီက ကျနော်တို့မြို့ နယ်မှာ နေရာမရွေး လက်နက်ကြီးတွေနဲ့ အချိန်မရွေး ပစ်ခတ်နေတော့ အခုဆိုရင် တောင်ယာလုပ်တဲ့လူတွေလည်း တောင်ယာ မသွားရဲဘူး။ အဓိကတော့ ရွာနားက တောတောင်တွေကို လှမ်းပစ်နေတာ။ တိုက်ပွဲတွေလည်း မဖြစ်ဘဲနဲ့ တောင်ယာတွေကို ပစ်တယ်။ ရွာတွေကို ပစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့ပေါ်နှင့် မြို့နှင့် ကပ်လျက်တည်ရှိသည့် ကျေးရွာတချို့မှလွဲပြီး ကျန်ကျေးရွာအုပ် စုများကို အုပ်ချုပ်မှု မလုပ်နိုင်တော့ဘဲ ဒေသခံ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်များလက်ထဲသို့ ကျရောက်သွားပြီ ဖြစ်သည့် အတွက် အရပ်သားများကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း မင်းတပ် CDF တပ်ဖွဲ့မှ ပြောရေးဆို ခွင့်ရှိသူ ကိုဆလိုင်းဟာအွမ်က ပြောသည်။
၎င်းက “မင်းတပ်မြို့ရဲ့ တည်ဆောက်ပုံက တောင်ပေါ်မှာ တည်ထားတာ။ မြို့ပတ်ပတ်လည် မြေပြန့်မှာ ရွာတွေရှိတယ်။ အခု မြို့ပေါ်ကနေပြီး လက်နက်ကြီးနဲ့ တောက်ဘက်ကို လှည့်ပစ်လိုက်၊ အနောက်ဘက်ကို လှည့်ပစ်လိုက် လုပ်နေတာဗျ။ ဒီ စစ်ကောင်စီတပ်က နယ်မြေစိုးမိုမှုအတွက် ဒီလို လုပ်တယ်လို့လည်း ကျနော် မသုံးသပ်ဘူး။ နယ်မြေစိုးမိုးမှု လုပ်ရင် ထိုးစစ်ဆင် တိုက်ခိုက်ရမယ်။ အခု တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး၊ ထိုးစစ်လည်း မဆင်ဘူး” ဟု ပြောသည်။
ဆက်လက်၍ ကိုဆလိုင်းဟာအွမ်က “စစ်ကောင်စီက မြို့ပေါ်နဲ့ မြို့နဲ့နီးတဲ့ ရွာ ၂ ရွာ ၃ ရွာ လောက်ကလွဲပြီး သူတို့အုပ်ချုပ်မှု အောက်မှာ မရှိတော့ဘူး။ ပညာရေး၊ ကျန်းမာရေးကလည်း ကျနော်တို့ ယန္တရားအောက်မှာ လည်ပတ်နေတဲ့အခါကျတော့ CDF တခုတည်းကို ရန်သူလို မသတ်မှတ်ဘဲ ချင်းလူမျိုး တခုလုံးကို ရန်သူသတ်မှတ်ပြီး တိုက်ခိုက်နေတာဗျ” ဧရာဝတီသို့ ပြောသည်။
ထို့ပြင် လတ်တလော အခြေအနေ၌ အရပ်သားများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အတွက် ပခုက္ကူ အကျဉ်းထောင်တွင် မင်းတပ်မြို့နယ်အတွင်းမှ အဖမ်းခံ ချင်းတိုင်းသား ၆၀ ကျော်ရှိသလို မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းတွင်လည်း ဒေသခံ အရပ်သား ၃၀ နီးပါကို စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း မင်းတပ်မြို့နယ် အတွင်းက ဒေသခံများက ပြောသည်။
You may also like these stories:
ဒီပဲယင်းတွင် ရဟတ်ယာဉ်ဖြင့် စစ်အင်အားဖြည့် ဒေသခံ ထောင်ချီထွက်ပြေး
AA စခန်း စစ်ကောင်စီ ဗုံးကြဲ ၆ ဦး သေဆုံး