သတင်း

နယ်စပ်ခြံစည်းရိုး အငြင်းပွားမှုကြောင့် နောင်ခမ်းဒေသကို တရုတ်က လျှပ်စစ်မီးဖြတ်

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းဒေသအား နယ်စပ် ခြံစည်းရိုး အငြင်းပွားမှု ပြသနာများ ကြောင့် တရုတ်က လျှပ်စစ်မီး ဖြတ်ထားသည်မှာ ၉ လနီးပါးရှိလာပြီဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

နောင်ခမ်းဒေသသည် တရုတ်နိုင်ငံ နယ်စပ်အနီး နမ့်မောဝ် (ရွှေလီ) မြစ်၏ မြောက်ဘက်တွင် တည်ရှိပြီး အိမ်နီးချင်း ဖြစ်သည့် တရုတ်နိုင်ငံနယ်စပ် နောင်ဆွမ်းရွာမှ လျှပ်စစ်မီးကိုသာ မှီခိုနေရကာ ယင်းလျှပ်စစ်မီးမှာလည်း ရွှေလီမြစ်ကို အမှီပြုကာ တရုတ်နိုင်ငံ၏ Yunnan United Power Development Co. Ltd. နှင့် မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့၏ ဖက်စပ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ တွင် ဖြစ်ပွားခဲ့သော နယ်နိမိတ် သတ်မှတ်ရေး အငြင်းပွားမှု ပြဿနာ ကြောင့် လက်ရှိ တရုတ်ဘက်မှ လျှပ်စစ်မီး ဖြတ်တောက်ထားကြောင်း ရှမ်းလူ့အခွင့်ရေး မဏ္ဍိုင်က ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လ ၅ ရက်က ထုတ်ပြန်ထားသည်။

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် ပြန်ကြားရေး တာဝန်ရှိသူ ယိင်းလျန်းဟန်က “အခုက နယ်စပ် ခြံစည်းပြဿနာ ဖြစ်ပြီး နောက် မြေလာယူတာတွေတော့ မရှိဘူး။ ဒါပေမယ့် ခြံစည်းရိုးနားမှာ အခု တံတားစီမံကိန်း လုပ်ဖို့ စီစဉ်နေတာ ရှိ တယ်။ ဒါကြောင့် ဒေသခံတွေက ထပ်ပြီး လယ်ယာမြေတွေ ဆုံးရှုံးရမှာ ကြောက်နေကြရတယ်။ ဘာလို့ဆို ၂၀၂၁ ခုနှစ် ခြံစည်းရိုးခတ်တုန်း မြန်မာဘက်က လယ်ယာမြေဘက်ကို ခြံစည်းရိုး တိုးခတ်တာတွေ (မြေခိုးတာပေါ့)။ အဲဒါကြောင့် အခု ထပ် ဆုံးရှုံးရမှာလည်း ကြောက်နေရတယ်။ နောက်ပြီး ဒီပြသနာတွေကြောင့်ပဲ အခု ရွာကို လျှပ်စစ်မီး ဖြတ်ထား တာ ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲက အခုထိပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ရန်ဟု ဆိုကာ တရုတ်နိုင်ငံက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် တခုနှင့်တခု ၁၅ မီတာနှင့် မီတာ၂၀ သာ ကွာခြားသော ခြံစည်းရိုးများကို တရုတ် အလုပ်သမားများက နောင်ခမ်းရွာ ရွာသားများ၏ လယ်မြေထဲသို့ ဝင်ရောက် ခြံစည်းရိုးခတ်ခဲ့ခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံရွာသားများက နမ့်ခမ်းမြို့ တာဝန်ရှိသူများကို ခေါ်ယူ၍ တရုတ် တာဝန်ရှိသူများနှင့် နယ်နိမိတ် အငြင်းပွားမှု ဖြေရှင်းပြီး မိမိတို့ လယ်ယာမြေများကို အဆုံးရှုံး မခံနိုင်ကြောင်း ပြောဆိုခဲ့ရာ နှစ်ဖက်စလုံးမှ ခြံစည်းရိုး ကာရံမှုကို ရပ်တန့်ရန် သဘောတူညီခဲ့သည်။

ယင်းအငြင်းပွားမှု ဖြစ်ပြီးနောက်၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင် နောင်ခမ်းကျေးရွာရှိ နေအိမ်တလုံး မီး လောင်သွားရာမှ အစပြု၍ လျှပ်စစ်မီး ဖြတ်တောက်ခဲ့သည်မှာ ယခုအချိန်ထိပင် ဖြစ်ကြောင်း ယိင်းလျန်းဟန်က ပြော သည်။

ဆက်လက်၍ ၎င်းက “လျှပ်စစ်မီးက မရတာကြာတော့ တချို့ အခက်အခဲတွေတော့ ရှိတယ်။ တချို့တွေ ဝယ်သုံးနိုင်တဲ့ သူတွေကျတော့ မီးစက်တွေ၊ ဆိုလာ ဝယ်သုံးတာလည်း ရှိပါတယ်။ အခုက ဒီဇယ်ဈေးတွေကလည်း အရမ်းတက်လာ တော့ မီးစက်ဖိုး မတတ်နိုင်ကြတော့ဘူး။ ဒေသခံတွေက မြန်မာဘက်ကိုလည်း လျှပ်စစ်မီးရဖို့ တင်ဖူးတယ်။ တရုတ် ဘက်က ဝယ်သုံးလို့ ရတယ်ဆိုပြီး လာမလုပ်ပေးဘူးပေါ့နော်။ အခုကျတော့ တရုတ်ကလည်း ပြန်မပေးတော့ဘူး” ဟု ဆိုသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် တရုတ်ဘက်မှ မြန်မာပိုင်နက်အထိ ခြံစည်းရိုးလာခတ်နေကြစဉ် (ဓာတ်ပုံ- NamKhamnews)

နောင်ခမ်းရွာသည် အိမ်ထောင်စုပေါင်း ၁၆၁ စုရှိပြီး ဒေသခံရွာသား လူဦးရေ ၂ ထောင်နီးပါးရှိသော ရွာကြီးတရွာ ဖြစ် ကာ တရုတ်ဘက်မှ လျှပ်စစ်မီးကို မီတာဘောက်စ် တလုံးလျှင် ယွမ်ငွေ ၅၆၀ နှင့် တယူနစ် ၁ ယွမ်နှုန်းနှင့် ဝယ်ယူသုံး စွဲနေရသည်မှာ၂၀၀၂ ခုနှစ်ကတည်းက ဖြစ်သည်။

ဒေသခံ တဦးက “အခုလို လျှပ်စစ်မီး ဖြတ်တောက်ခံရတာက ကျနော်တို့ လယ်ယာမြေတွေကို ကျူးကျော်၊ နယ်နိမိတ် ချဲ့ထွင်တာကို ကျနော်တို့က ဆန့်ကျင်တော့ အဲဒါကြောင့် လျှပ်စစ်မီး ဖြတ်လိုက်တာလို့ပဲ ထင်တယ်။ သူတို့ (တရုတ်) လျှပ်စစ်ဌာနကို အကြောင်းကြားတော့လည်း ဒါကို ဖြေရှင်းဖို့ အလုပ် မအားသေးဘူးလို့ပဲ ပြောတယ်။ အခု မီးမရတာ ၈ လကျော် ၊ ၉ လနီးပါး ရှိနေပြီလေ” ဟု ပြောသည်။

နောင်ခမ်းကျေးရွာအနီးရှိ ရွှေလီ ၁ ရေအား လျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံ၏ Yunnan United Power Development Co. Ltd. နှင့် မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ဖက်စပ် စီမံ ကိန်းဖြစ်ပြီး ယင်းစီမံကိန်းမှ လည်ပတ်နိုင်စွမ်း ၆၀၀ မီဂါဝပ်မှ ၄၀၀ မီဂါဝပ်မှာ မြန်မာအတွက် အသုံးပြုရမည် ဖြစ်သော် လည်း ထိုဓာတ်အားများကို နောင်ခမ်းရွာသို့ ဖြတ်ကာ စစ်ကိုင်းတိုင်း ထီးချိုင့် မြို့နယ်ရှိ China Nonferrous Metal Mining Group မှ လည်ပတ်နေသော တကောင်းတောင် နီကယ်သန့်စင်ရေးစက်ရုံသို့ ပို့ဆောင်ရကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား နယ်နိမိတ်မျဉ်းမှာ မိုင်ပေါင်း ၁၃၀ဝ ကျော်ရှည်လျားပြီး နှစ်နိုင်ငံနယ်နိမိတ် စာချုပ် ကို ၁၉၆၀ ခုနှစ်တွင် လက်မှတ်ရေးထိုးထားကာ တရုတ်-မြန်မာ နယ်စပ်သဘောတူစာချုပ်အရ ၅ နှစ်တကြိမ် နယ်နိ မိတ် ပူးတွဲ စစ်ဆေးရမည် ဖြစ်သော်လည်း ၁၉၉၅ ခုနှစ်စတင်၍ ယခုအထိ စစ်ဆေးနိုင်ခြင်း မရှိကြောင်း သိရသည်။

ယင်းပြင် နယ်နိမိတ် မျဉ်းပေါ်တွင် မည်သည့် အဆောက်အအုံမှ ဆောက်လုပ်ခွင့် မပြုရန်လည်း နှစ်နိုင်ငံသဘောတူ ထားကြောင်း သိရသည်။

You may also like these stories:

မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရံမှု တရုတ်ကို တပ်မတော် ကန့်ကွက်

မြန်မာအလံ တရုတ်တို့ ဖြုတ်ချခဲ့မှု ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်၍ နယ်နိမိတ်ပြန်သတ်မှတ်မည်

တရုတ်-မြန်မာ နယ်စပ်စည်းရိုးဆောက်ရခြင်း၏ နောက်ကွယ်

Loading